တပ်မတော်နေ့အခမ်းအနားကို တိုက်ခိုက်ရန် ကြံသည်ဆိုကာ ၁၀ ဦးထက်မနည်း အဖမ်းခံရ

နေပြည်တော်တွင် မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်သော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရှော့တိုက်ဒုံးဖြင့်ပစ်ရန် ကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူတို့မှာ ဇေယျာသီရိမြို့နယ် စစ်ရေးပြကွင်း (ရှမ်းစု) တောင်ဘက် ၉မိုင်ကျော် အကွာ၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ရွာနှင့် ရွာနီးချုပ်ဆက်မှ ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားနှစ်ဦးက ပြောသည်။

ဖမ်းခံထားရသူများထဲမှ နှစ်ဦးမှာ စစ်ကောင်စီက စစ်ကြောနေစဉ်အတွင်း သေဆုံးသွားပြီဟု သတင်း ထွက်ပေါ်နေသော်လည်း အတိအကျမသိရသေးဟု ၎င်းတို့က ဆိုသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သီး ခြားအတည် မပြုနိုင်သေးပေ။

စစ်ကောင်စီဘက်ကမူ မတ် ၂၄ ရက်တွင် ဇီးဖြူပင်ရွာခံ ကိုစိန်လွင်နှင့် ကိုဝင်းမျိုးထက်တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့်မိသည်ဟု ယနေ့ (မတ် ၂၈)တွင် သတင်းထုတ်ပြန်ထားသည်။ ၁၀၇ မမ ရှော့ တိုက်ဒုံးများမှာ သုံးမိုင်မှ ငါးမိုင်ဝန်းကျင်သာ ပစ်ခတ်နိုင်သည်။

၎င်းတို့ကို ခုခံနေသည့် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်တေဇ( ခ)ဟန်မင်းထွန်းက မတ် ၂၂ ရက်တွင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှတစ်ဆင့် နေပြည်တော် ဧရိယာအတွင်းရှိ ပျဉ်းမနားမြို့နယ် မရမ်းတောင်(အထက်)ရွာသို့ ရောက်လာပြီး ကိုစိန်လွင်နှင့် ကိုဝင်းမျိုးထက်တို့ကို ရှော့တိုက်ဒုံး ပစ်ခတ်နည်း လေ့ကျင့်ပေးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

ရှော့တိုက်ဒုံးများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဝင်၊ ဇီးဖြူပင် ကျေးရွာ အုပ်ချုပ်ရေး မှူးဟောင်းပိုင်ဆိုင်သည့် အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း ရှာတွေ့သည်၊ ထိုသူ့ကို မမိသေး၊ မရမ်းတောင်(အထက်)ရွာအနီးတွင် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများမိသည်ဟု စစ်ကောင်စီက ပြောထားသည်။

နေပြည်တော် PDF ခေါင်းဆောင် ဗိုလ်တေဇကမူ စစ်ကောင်စီက ဖမ်းမိထားသူများသည် ရှော့တိုက်ဒုံး ဖြင့် တိုက်ခိုက်ရန် ကြံစည်မှုဖြင့် မသက်ဆိုင်သူများသာဖြစ်ကြောင်း၊ နေပြည်တော် စစ်ရေးပြကွင်းသို့ ကိုယ်တိုင် ပစ်ခတ်ရန် ကြံရွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အစီအစဉ်ဖျက်ခဲ့ရကြောင်း Myanmar Now ကို ပြောသည်။

စစ်ကောင်စီက ကိုစိန်လွင်နှင့် ကိုဝင်းမျိုးထက်တို့၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ခြေရာခံကာ ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုမှုရှိသူများကို လိုက်လံဖမ်းဆီးနေ၍ ဇီးဖြူပင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် သူ၏ဇနီးတို့ ထွက်ပြေးနေရသည်ဟု ဗိုလ်တေဇက ဆက်ပြောသည်။

“ခု မိတဲ့သူတွေကတော့ မပက်သက်တဲ့သူတွေပါ။ သူတို့နဲ့ ပတ်သက်တဲ့ဆက်စပ်သူတွေကတော့ ထွက်ပြေးပြီး အချို့က လွတ်မြောက်နေကြပြီ”။

လက်ရှိတွင် ဒေသတွင်း၌ အဝေရာဆည်သို့ သွားလာနိုင်သည့် တံတားကို စစ်ကောင်စီက ပိတ်ထား ကြောင်း၊ လမ်းသွားလမ်းလာများကို တင်း တင်းကြပ်ကြပ် စစ်ဆေးနေကြောင်း အထက်ပါ ဒေသခံတစ်ဦး ထံမှ သိရသည်။

“ခုက လုံခြုံရေး တင်းကျပ်ပြီး မသင်္ကာနည်းနည်းဖြစ်တာနဲ့ ဖမ်းဆီးစစ်ဆေးခံရတာပဲ။ အမျိုးသား အများစုကတော့ ဒီရက်ပိုင်း မသွားရဲကြဘူး။ စ်ဆေးရေးဂိတ်တွေလည်း ထပ်တိုး ထားတယ်”ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့် မတ် ၂၇ ရက်၊ တပ်မတော်နေ့ အခမ်းအနားနှင့် တိုက်ဆိုင်၍ တော်လှန်ရေးအဖွဲ့များက စစ် ဆင်ရေးအချို့ ပြုလုပ်ခဲ့ရာ နေပြည်တော်မြောက်ဘက် မိုင် ၆၀ အကွာ ပျော်ဘွယ်မြို့နယ် ညောင်ကုန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ပစ် ခတ်တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ရုံးချုပ်ရှိသည့် နေပြည်တော်တွင် လုံခြုံရေးကို အထူးတင်းကြပ်ထားရာ တော်လှန်ရေးအဖွဲ့ တို့က ရံဖန်ရံခါမှသာ တိုက်ခိုက်နိုင်ကြသည်။ နေပြည်တော် တွင် ဖမ်းဆီးခံရသည့် တော်လှန်ရေးသမားအချို့မှာလည်း စစ်ကြောရေး၌ပင် အသက်ဆုံးရသည့် ဖြစ်စဉ်များရှိနေသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s