တာဝါတိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား မြေအောက်ပြောက်ကျား တပ်ဖွဲ့ တိုက်ခိုက်
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၃၅ ဦးခန့်ပါ စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက် ကျားတပ်ဖွဲ့မှ ယနေ့ မတ်လ ၂၈ ရက်နေ နံနက်တွင် ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည် ဟု အုတ်ဖိုမြို့နယ် တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့၏တပ်ခွဲမှူးက မဇ္ဈိမကိုပြောသည်။
“ဒီနေ့မနက် တာဝါတိုင်ကျေးရွာဘက်ကနေ ဝိုင်းအုပ်စုရဲစခန်းဘက်ကို ပြန်ဆုတ်လာတဲ့ စစ်ကောင်စီ စစ် ကြောင်းကို မိုင်းဆွဲခဲ့တာပါ။ တယောက်သေ နှစ်ယောက်ဒဏ်ရာရပါတယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို တော့ ဝိုင်းရဲစခန်းကို အထမ်းတွေနဲ့ခေါ်သွားတာ တွေ့လိုက်ရတယ်။ အခုတော့ သူတို့တာဝါတိုင်ရွာကနေ တပ်ဆုတ်သွားကြပြီး ဝိုင်းစခန်းကိုပြန်ရောက်သွားကြပြီ”ဟု အုတ်ဖိုမြို့နယ် တပ်ခွဲ(၄)မြေအောက်ပြောက် ကျားတပ်ဖွဲ့၏ တပ်ခွဲမှူးကပြောသည်။
အုတ်ဖိုမြို့နယ်တွင် မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးသေဆုံးကာ အထိနာပြီးနောက် စစ်ကောင်စီ တပ်များသည် တာဝါတိုင်ရွာကိုရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းရှိနေအိမ်များမှ ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်သွားခဲ့ကြသည်ဟု ဒေသခံများကဆိုသည်။
ထို့နောက် မတ်လ ၂၅ ရက်နေ့၌ ဝိုင်းကျေးရွာရဲစခန်းသို့ စစ်ကားနှစ်စီးဖြင့် ထပ်မံအင်အားဖြည့်ရောက် ရှိလာပြီး မတ်လ ၂၆ ရက်နေ့နံနက်ပိုင်းတွင် အင်အား ၆၀ ခန့်ဖြင့် ပဲခူးရိုးမဘက်သို့ စစ်ကြောင်းတက်လာ သဖြင့် ဒေသခံကာကွယ်ရေးတပ်များမှ မြွေပွေးစစ်ကြောင်း၊ မြင်းပျံစစ် ကြောင်း နှစ်ခုခွဲ၍ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးခန့်သေဆုံးနိုင်သည်ဟု သိရသည်။
“၂၆ ရက်နေ့တိုက်ပွဲပြီးတော့ သူတို့ တာဝါတိုင်ရွာဘက်ကို ပြန်ဆုတ်သွားကြပြီး အဲဒီရွာမှာ တပ်စွဲတယ်။ သူတို့မီးရှို့တာကြောင့် ရွာမှာလည်း ပြည် သူတွေမရှိကြတော့ဘူး ပြေးနေကြရပြီ။ အဲဒီတော့ သူတို့က လူမရှိတဲ့အိမ်တွေမှာ တအိမ်ကို သုံးလေးယောက်လောက် နေနေကြတယ်။ ဒီဘက်ကလည်း လက်နက် ကြီးတွေနဲ့ပစ်ပစ်နေတော့ သူတို့အကြပ်ရိုက်နေပုံရကြတယ်” ဟု အုတ်ဖိုမြို့နယ် တပ်ခွဲ (၄) မြေအောက် ပြောက် ကျားတပ်ဖွဲ့၏ တပ်ခွဲမှူးကပြောသည်။
စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု အတွင်းရှိ တာဝါတိုင်၊ ကန့်နီ၊ မြေပြာ၊ ချောင်းစောက်နှင့် ကိုင်းချိုကြီးကျေးရွာများမှ ဒေသခံပြည်သူများ ရွာတွင်မနေနိုင်ဘဲ တိမ်းရှောင်ထွက်ပြေးနေကြရသည်။
အုတ်ဖိုမြို့နယ်သည် ပဲခူးတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသော မြို့နယ်တစ်ခုဖြစ်သည်။
အုတ်ဖိုမြို့နယ်အတွင်း ယခုသတင်းပတ်အတွင်း တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး ဆက်လက်၍လည်း စစ် ရေး အခြေအနေတင်းမာနိုင်သေးသောကြောင့် ပြည်သူများသတိထား သွားလာနေထိုင်ကြရန် ကာကွယ် ရေးတပ်ဖွဲ့မှ သတိပေးစကားဆိုထားသည်။ mizzima