ဖျက်သိမ်းခံပါတီများ ပစ္စည်း သိမ်းဆည်းခံရနိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ပါတီ ၄၀ ကို သတ်မှတ်ကာလအတွင်း ပါတီမှတ်ပုံတင်ခြင်းမရှိသည့် အတွက် ဖျက် သိမ်းကြောင်း အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ယနေ့ ( မတ် ၂၈) ညပိုင်းက ကြေညာသည်။
ပြန်လည် လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၅၀ ပါတီ၊ အသစ်လျှောက် ထားသည့် နိုင်ငံရေး ပါတီ ၁၃ ပါတီ ရှိသည်၊ သတ်မှတ်ကာလ အတွင်း လျှောက်ထားခြင်း မရှိသည့် ပါတီ ၄၀ ကို ပါတီမှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီဖျက်သိမ်းလိုက်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ရွေး/ကော်တွင် ပြန်လည်မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများတွင် စစ်တပ်က ဦးဆောင် ကျင်းပ ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီအများ စုဖြစ်ပြီး အများအပြားမှာ စစ်တပ် လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နီးစပ်ကြသည်။
ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ခဲ့သည့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ZCDP)နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP)၊ တို့ မှတ်ပုံတင်လျှောက်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပြန်လည် ဖွဲ့စည်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP)သည်လည်း ပါတီ မှတ်ပုံတင်ပြန်လည် လျှောက်ထားသည်ကို တွေ့ရသည်။
ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၅ တွင် ပါတီ မှတ်ပုံတင် ဥပဒေ ပြဋ္ဌာန်းသည့် ရက်မှစပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်တွင် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဖော်ပြထားသည်။
ပါတီ မှတ်ပုံတင်ဥပဒေသစ် ပုဒ်မ ၁၉ (က) အရ နိုင်ငံရေးပါတီတစ်ခုသည့် မိမိဆန္ဒအလျောက် ဖျက်သိမ်းခံရလျှင်ဖြစ်စေ၊ ဥပဒေအရ မှတ် ပုံတင် ပယ်ဖျက်ခံရလျှင်ဖြစ်စေ၊ ပါတီပိုင် ပစ္စည်းများကို သတ်မှတ်ထားသည့် ဌာန အဖွဲ့အစည်းများထံတွင် အပ်နှံရမည်ဟု ဆိုသည်။
ထိုပုဒ်မအရ ဆိုပါက ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်သည့် ပါတီများသည် ပါတီဖျက်သိမ်းခံရ ခြင်းသာမကဘဲ ပါတီပိုင် ပစ္စည်းများပါ သိမ်းဆည်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
မှတ်ပုံမတင်သည့် နိုင်ငံရေး ပါတီများကို အသစ်ပြဋ္ဌာန်းထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု မတ် ၂၇ က နေပြည်တော် တွင်ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားအပြီးတွင် စစ်တပ် ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းထွန်းက သတင်းထောက်များကို ပြောသည်။
“နိုင်ငံရေးပါတီက ဘယ်သူမှ ခွဲခြားထားတာ မဟုတ်ဘူး။ နိုင်ငံရေး ပါတီ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဒီဥပဒေ အတိုင်းပဲ လိုက်နာရမှာပဲဖြစ်ပါတယ်။ ဒီဥပဒေ အတိုင်းပဲ သက်ဆိုင်ရာ က ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ မတ် ၂၄ ထုတ်ပြန်ချက်တွင်မူ ရွေးကောက်ပွဲကော်မရှင်သည် အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်းဖြစ်နေသည်ဟု ထောက်ပြထားသည်။
ထိုကော်မရှင်ထံတွင် သွားရောက်၍ မှတ်ပုံတင်ခြင်းသည် “အကြမ်းဖက်စစ်အုပ်စု၏ ဖြစ်တည်မှုကို အတိအလင်း လက်ခံလိုက်ခြင်းဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ်စု အလိုကျ အတူတကွ လိုက်ပါအသုံးချခံကာ ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုခြင်းပင် ဖြစ်ပေမည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင် ဒီမိုကရေစီ အဖွဲချုပ် ပါတီ (ALD) နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တို့ကဲ့သို့ အထင်ကရ နိုင်ငံရေး ပါတီကြီးများလည်း ပါဝင်သည်။
ပါတီ ဖျက်သိမ်းခံရနိုင်သည့် အခြေ အနေများ၊ ပါတီ ပိုင်ပစ္စည်းများ သိမ်းဆည်းခံရနိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသော်လည်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်မှသာလျှင် ရွေးကောက်ပွဲ ကိစ္စကို စဉ်စားနိုင်မည်ဟု Myanmar Now ကို တစ်ညီတစ်ညွတ်တည်း ဖြေဆိုသည်။
ပြည်သူလူထုထောက်ခံမှုနှင့် ရပ်တည်ရသည့် အတွက် ပြည်သူရှိလျှင် ပါတီရှင်သန်ရပ်တည် နိုင်မည်ဖြစ်ပြီး ပါတီပိုင်ပစ္စည်းသိမ်းယူခြင်းများပြုခဲ့ပါက အကျိုးဆက်ကို အာဏာသိမ်း စစ်တပ်က တာဝန်ယူရမည်ဟု NLD ဗဟိုအလုပ်ကော်မတီဝင် အဖွဲ့ဝင် ဦးထွန်းမြင့်က Myanmar Now ကို ပြောသည်။
“ပါတီဖျက်တာ၊ ပါတီပိုင် ပစ္စည်းသိမ်းယူတာတွေကို ဥပဒေ မဲ့ အာဏာလုထားတဲ့ စ.က.စ နဲ့ သူတို့ လက်အောက်ခံ အဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့်မရှိပါဘူး။ လုပ်ခဲ့လျှင် နောင်ဖြစ်ပေါ်မယ့် အကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ထုတ်ပြန်ခဲ့သည့် ဥပဒေဟောင်းတွင် ထိုအချက်ကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် NLD ပါတီ၏ အဆောက်အအုံများ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းမရှိခဲ့ပေ။
သို့သော်လည်း ယခင်စစ်အာဏာရှင်ဟောင်းထက် ပိုမိုရက်စက်ကြမ်းကြုတ်သည့် စစ်ခေါင်းဆောင်လက်ထက်တွင် မည်သို့သောမတရားသည့်လုပ်ရပ်မဆို ဖြစ်လာနိုင်သည်။
SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ၎င်းတို့ ပါတီ၏ ပိုင်ဆိုင်ခွင့် ငွေကြေး စာရင်းများကို ကော်မရှင်သို့ ပေးအပ်ထားပြီးသားဖြစ်ပြီး ပါတီပိုင် ပစ္စည်း သိမ်းယူခြင်း၊ မသိမ်းယူခြင်းမှာ ကော်မရှင်၏ သဘောထားပေါ်တွင် အဓိက မူတည်နေသည်ဟု ပြောသည်။
“ပါတီ ဖျက်သိမ်းမယ်၊ မသိမ်းဘူးကတော့ ချက်ခြင်း လက်ငင်းမသိနိုင်ဘူးပေါ့။ နောက်တစ်ဆင့်က ပါတီပိုင် ပစ္စည်းကို သိမ်းတယ်၊ မသိမ်းဘူး ဆိုတာက UEC (ကော်မရှင်) ရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။ UEC ရဲ့ နိုင်ငံရေး ဆင်ခြင်တုံတရား အပေါ်မှာ အများကြီး မူတည်ပါတယ်” ဟု ၎င်းက ပြောသည်။
“ပါတီ မှတ်ပုံမတင်ဘူးဆိုတာက ကျွန်တော်တို့ရဲ့ အမြင်သဘောထားနဲ့ မကိုက်ညီလို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီလို့ မှတ်ပုံမတင်တာပဲဖြစ်တယ်။ ဒါဟာ ပြစ်မှု ကျူးလွန်တာ မဟုတ်တဲ့ အတွက်ကြောင့်မို့ ထွေထွေထူးထူး အရေးယူစရာ ကိစ္စတွေ မပေါ်ပေါက် လောက်ဘူးလို့ပဲ ထင်ပါတယ်”
ထို့ပြင် ပါတီပြန်လည် မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲကျင်းပရန်ထက် နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရန်နှင့် လူထုကိုယ်တိုင် လွတ်လပ်စွာ မဲပေးနိုင်သည့် ရွေးကောက်ပွဲ အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရန်မှာ ပို အရေးကြီးသည်ဟု ၎င်းက ဆက်ပြောသည်။
“တရားမျှတပြီး လူထုက အသိအမှတ်ပြုတဲ့ ဒီမိုကရေစီ စံချိန်၊ စံနှုန်းနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ပေါ်ပေါက်အောင် ဝိုင်းဝန်းဖန်တီးဖို့လိုအပ်ပါတယ်။ အဲဒီ အခြေအနေမျိုး ရောက်ရင်တော့ ကျွန်တော်တိုရဲ့ စဉ်းစားချက်က နောက်တစ်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ALD ပြောခွင့်ရ ဦးမြတ်ထွန်းက မူလအတိုင်း ဆက်လက် ရပ်တည်မည်ဟု ဆိုသည်။
“မှတ်ပုံမတင်ရင်တော့ အလိုလိုပျက်ပြယ်ပြီးသားလို့ မှတ်ယူမယ်ဆိုတဲ့ သဘောကတော့ ကြားသိရတယ်။ ကျွန်တော်တို့ကတော့ ပျက်ပြယ်ပြီးသားပဲ ဖြစ်ဖြစ်၊ ဖျက်ပစ်လိုက်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဒီတိုင်းပဲ ဆက်ပြီးတော့ ရပ်တည်သွားမယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အနှံ့တွင် ပါတီဝင်များရှိနေပြီး ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး နှင့် စစ်ဘေးရှောင် ကိစ္စများကို ပါတီက ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။
“ကျွန်တော်တို့ ပါတီကတော့ ကျွန်တော်တို့မှာ ကိုယ်ပိုင် အဆောက်အအုံဆိုတာမရှိဘူး။ သိမ်းဆည်းမယ်ဆိုလည်း သူတို့ ဥပဒေအရ လုပ်မယ်ဆိုရင်လုပ်လေ။ ကျွန်တော်တို့ ခံလိုက်ရုံပဲရှိတယ်။ ကျွန်တော်တို့က တော့ ဘာမှ စောဒက တက်စရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်များကို လက်ခံသွားမည်မဟုတ်ကြောင်း၊ ပါတီမှတ်ပုံမတင်ခြင်းမှာ ရာဇဝတ်မှု မဟုတ်၍ ပါတီဝင်များကို အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အန္တရာယ်ပြုလာရအောင်က ကျွန်တော်တို့ မှတ်ပုံမတင်တာကို ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့မှမဟုတ်တာ။ သူတို့က လုပ် ချင်လို့ရှိရင် အာဏာရှင် သဘောနဲ့ လုပ်ချင်ရင်လဲ လုပ်ပေါ့။ ကျွန်တော်တို့ ခံလိုက်ယုံပဲရှိတာပဲ” ဟု ၎င်းက ပြောသည်။
၁၉၈၈ အရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်းစစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး စစ်တပ် လက်ချက်ဖြင့် ပါတီဝင် ၂ ဦး သေဆုံးခဲ့ပြီး ပါတီဝင် ၄၀ နီးပါး ဖမ်းဆီးခံရထားသည်၊ ယခုအခါ ပါတီမိတ်ဖက်နှင့် ပါတီဝင်များ တိုးလာခဲ့သည်ဟု ဆိုသည်။
“မြေအောက်လှုပ်ရှားမှုတွေလုပ်တယ်၊ လူထုလှုပ်ရှားမှုတွေထဲမှာ ပါနေတယ်၊ ပြည်သူလူထုရဲ့ တော်လှန်တဲ့ လုပ်ငန်းတွေထဲမှာ ပါဝင်နေခြင်းအားဖြင့် ကျွန်တော်တို့ တော်လှန်တဲ့ မိတ်ဆွေ သစ်တွေ ပိုရတယ်။ အဲဒီထဲကမှ တော်လှန်တဲ့ ရဲဘော်တွေကလည်း ပါတီအတွက် အခိုင် အမာ ရဲဘော်တွေ ဖြစ်လာကြတာများပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“လူထုအတွင်းမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အခုလို သူတို့နဲ့ အတူရပ်တည်ဖို့ ကိစ္စက ကျွန်တော်တို့ အတွက် ပိုပြီးတော့ ကောင်းတယ်လို့ ယူဆပါတယ်”
လူထုလှုပ်ရှားမှုများထဲမှ ပါဝင်လာသည့် ပါတီဝင်ရဲဘော် အသစ်များဖြင့် ပါတီကို ခိုင်မာအောင် တည်ဆောက်နေသည်ဟု ၎င်းက ပြောသည်။
“ကနေ့ကာလ လူထုရဲ့ တောင်းဆိုမှုက ဒီစစ်အုပ်စုကို ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချဖို့ဖြစ်တယ်။ ကနေ့ကာလ ပြည်သူလူထုရဲ့ တောင်းဆိုမှုက ဒီစစ်အုပ်စုကို နိုင်ငံရေး စည်းဝိုင်းပြင်ပ မောင်းထုတ် ပစ်ဖို့ ဖြစ်တယ်” ဟု ၎င်းက ပြောလိုက်သည်။ myanmar now