Monthly Archives: Mar 2023

ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားကိုစစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရား တို့ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲသွားကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဆပ်ပြေးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲ သွားကြောင်း သိရသည်။

” တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်တာ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်းသေးဘူး။ နေအိမ် တချို့ ထိခိုက် ပျက်စီးတာတွေရှိတယ်” ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

မကွေး၊ ကျောက်ထုဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေ ဆုံး၊ ရေစကြို PDF စခန်းတစ်ခု စီးနင်းခံရပြီး အရှင်ဖမ်းမိသူ ရဲဘော် ၂ ဦးကို စစ်တပ်က ပေါက်ပြားဖြင့် ခုတ်သတ်မှု အပါအဝင် ရဲဘော် ၅ ဦးကျဆုံး၊ ဗန်း မောက်တွင်လည်း တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ကျောက်ထုဒေသတွင် မတ်လ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အထိ YDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက စစ်တပ်အင်အား ၁၃၀ ခန့်တို့ ၁၀ မီတာ အကွာအဝေးမှ တိုက်ခိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံး ကြောင်း၊ မဟာမိတ်ရဲဘော် ၄ ဦးဒဏ်ရာရရှိပြေီး ရဲဘော် ၂ ဦးမှာ အသက် အန္တရာယ် စိုး ရိမ်ရကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲစခန်းတစ်ခု စီးနင်းခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ ကြောင်း၊ ယင်းကျဆုံးသူများအနက် အရှင်ဖမ်းခံရသူနှစ်ဦး မှာ ပေါက်ပြားဖြင့် ရက်ရက်စက်စက် ခုတ်သတ်ခံခဲ့ရကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃၁ ရက် နံနက် ၄ နာရီခန့်က အင်အား ၇၀ ခန့်ပါ စစ်ကြောင်း သည် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အနီးကပ်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ၃ ဦး ကျဆုံးကာ နှစ်ဦးမှာ အရှင်ဖမ်းခံလိုက်ရကြောင်း၊ ယင်းဖမ်းခံရသူနှစ်ဦးကို အကြမ်း ဖက်စစ်သားများက ပေါက်ပြားဖြင့်ခုတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း သိရသည်။

“မနေ့က ကျနော်တို့က မိုင်း ၂ ကြိမ်ဆွဲခဲ့တော့ အထိနာတယ်၊ အဲဒါကို ရေစကြို မြို့ပေါ်မပြန်ပဲနဲ့ အင်အား ထပ်တိုးပြီး တပ်ခွဲစခန်းတစ်ခုကို ဝင်စီးတာ၊ လုံခြုံ ရေး ကင်းတွေဘာတွေရှိပေမယ့်ပေါက်သွားတော့ ရုတ် တရက် အတိုက် ခံလိုက် ရသလိုဖြစ်သွားတာ၊ ပြန်တိုက်ခိုက်နိုင်ပေမယ့် စခန်းအစီးခံလိုက်ရတယ်၊ ၃ ဦးက တော့ပစ်ခတ်ရင်းသေတာ၊ ဖမ်းခံလိုက်ရတဲ့နှစ်ဦးကတော့ ဦးခေါင်းတွေ ပေါက်ပြားနဲ့ခုတ်ပြီး ရက်ရက် စက် စက်သတ်သွားတာ၊ တစ်ဦးဆိုရင် ဦးနှောက် တွေတောင်မရှိတော့၊ ဦးခေါင်းခွံတွေကွဲတဲ့အထိ ထုနှက် သတ်သွားတာ” ဟု ရေစကြို ပကဖမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

တိုက်ပွဲအတွင်း ကျဆုံးသူများမှာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)မှ ရဲဘော် ၄ ဦး၊ YLK ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော် တစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ညနေပိုင်း တွင် ကောင်း မွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ရေစကြိုမြို့နယ်(ပကဖ)မှ ရဲဘော် တစ်ဦး၊ Shwe Lai Kyun(LPDF) မှ ရဲဘော်တစ်ဦး၊ အညာသား ပြောက်ကျား တပ်ဖွဲ့ (YSO) မှ ရဲဘော် တစ်ဦး စုစုပေါင်း ၃ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး AK ၂ လက်၊ M4 ၁ လက်တို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၃၀ ရက်နေ့က အကြမ်းဖက်စစ်သား ၄၀ ခန့်သည် ရေစကြို မြို့ ပေါ်မှ ထွက်လာခဲ့ရာ ရေစကြိုမြို့နယ်၊ ညောင်စောင့်ရွာနှင့် သမန္တပို့ ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ (၂)ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့မိုင်းဆွဲခံရသဖြင့် အထိနာသွားသော အကြမ်းဖက် စစ်သား များသည် ရေစကြိုမြို့ပေါ်သို့ မပြန်ဘဲ ညောင်စောင့်ဘုန်းကြီး ကျောင်း ၌ ညအိပ်ကာ ရေစကြိုမြို့ပေါ်မှ အင်အားနှင့် ထပ်မံပူးပေါင်းပြီး အင်အား ၇၀ ခန့် ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ဗန်းမောက် မြို့နယ် တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဗန်းမောက်မြို့ အနောက်ဖက် ပင်ဟင်းခါး၊ ရွှေကျောင်းရွာအနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။khit thit

တရက်တည်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ၆၅ ဦးသေဆုံးဟု NUG ပြော

မတ် ၃၀ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၆၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၄၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်၊ ယင်းမာပင်၊ စစ်ကိုင်းနဲ့ ကနီမြို့နယ်တွေမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မြောင်မြို့နယ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ရွှေကူမြို့နယ်မှာတော့ အ ကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူတွေကို တိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေး တိုင်း၊ စဉ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီကား ၇ စီးကို PDF တို့က ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ပခုက္ကူမြို့နယ်မှာတော့ စစ်ကောင်စီယာဉ်တန်းကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲမှာလည်း စစ်ကောင်စီ ရဲ ၂ ယောက်ကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေး၊ မကွေး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်း ထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။DVB

စစ်ကိုင်းမြို့နယ်၊ ရွှေကြယ်ပုံရွာမှ ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေကြွယ်ပုံကျေးရွာမှ ပျူစောထီးများသည် ပြည်သူလူထုပိုင် ဂျုံခင်းများ ကိုမီးရှို့ဖျက်ဆီးနေစဉ် ဒရုန်း၊လက် နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မတ်လ ၂၉ ရက် နံနက် ၁၀ နာရီခန့် အကြမ်းဖက်စစ်အာဏာရှင်ဟောင်း စစ်ကိုင်းတိုင်း၊ တိုင်းမှူး အငြိမ်း စား ဗိုလ်ချုပ်ခင်မောင်မြင့်ဇာတိရွာဖြစ်သော ရွှေကြွယ်ပုံရွာမှ ပျူစောထီများသည် ၎င်းတို့စိုက်ပျိုးထား သော ကြက်သွန်စိုက်ခင်းများကို သိမ်းဆည်းရင်း အခြားရွာသားများပိုင် ဂျုံခင်းများကို မီးလိုက်ရှို့ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့သည့်အပြင် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့စိုက်ထားတဲ့ ကြက်သွန်ခင်းကို သိမ်းရင်း တခြားရွာက ဂျုံခင်းတွေကို မီးလိုက်ရှို့နေတာ၊ အဲဒါနဲ့ ဒရုန်းရော၊လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ရော သွားတိုက်ခဲ့တာ၊ အဲဒီရွှေကြွယ်ပုံဆိုတာ တစ်ရွာလုံး ပျူတွေပဲ၊ စစ်ကိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်မောင်မြင့်ရွာ၊ ၁ ကောင်သေပြီး ၃ ကောင်ဒဏ်ရာရ တယ်လို့ သိရတယ်” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ Phoenix SGG ၊ Fight for Fedreal ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇ တပ်ခွဲ ၄ ၊ Zero Power ၊ Danger Force ။ Young Wolf အဖွဲ့တို့ပူး ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။khit thit

၂ နှစ်ကျော်အတွင်း စစ်အုပ်စုက ပြည်သူ ၃,၁၉၀ ကျော်ကို သတ်ဖြတ်၊ ၂၀,၉၄၀ ကျော်ကို ဖမ်းဆီး

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၉၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၉၄၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၀၇၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၇၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ရက်က အထက ၂ မရမ်းကုန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်ဖြစ်သူ အသက် ၁၈ နှစ်အရွယ် မဆုသွန်းပိုင်ကို မရမ်းကုန်းမြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ မဆုသွန်းပိုင်ဟာ အခြေခံပညာအထက်တန်းကျောင်းသူ တယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က အကြမ်းဖက်စစ်အုပ်စုတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာလို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မတ် ၃၀ တရက်တည်းမှာပဲ မနက်ပိုင်းက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါဖိုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က တိုက် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အောက်ကလေး အပါအဝင် အရပ်သား ၈ ယောက် ဗုံးစထိမှန်ကာ သေဆုံးခဲ့ပြီး တခြားအရပ်သား အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဗုံးစထိမှန်သေဆုံးသူတွေကတော့ နုငွန် ဒေါသ့်၊ နုဆုန်လှေ၊ နုလဲန်ဇီ၊ မန်းခင်နု၊ ရှန်ကျုံးဘိခ့်၊ ဗန်ဒု၊ ကေ့လျန်နဲ့ ကျုံးလှေတို့ ဖြစ်ကြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

တိုက်ပွဲကြောင့် ရခိုင်နှင့်ချင်းတွင် စစ်ရှောင်ဦးရေ ၇၈,၀၀၀ ကျော်ရှိလာ

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဘေးရှောင်ဦးရေ ၇၈,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အဲဒီထဲမှာတော့ ရခိုင်ပြည်နယ်မြို့နယ် ၁၁ ခုက စစ်ဘေးရှောင် ၇၃,၄၅၈ ယောက်ဝန်းကျင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ၄,၆၃၂ ယောက်လောက် ပါဝင်နေတာဖြစ်ပြီး အခုမတ်လအထိ မြောက်ဦး၊ ကျောက် တော်၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေက အသစ်ထပ်မံ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၁,၁၇၂ ယောက် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မတ် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ UNHCR အနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ လတ်တလောအချိန်အထိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ ပလက်ဝ၊ ဘူးသီးတောင်နဲ့ ရသေ့ တောင်မြို့နယ်တွေက စစ်ဘေးရှောင် ၂၆,၃၄၇ ယောက်ကို အစားအစာမဟုတ်တဲ့ ပြန်လည်ထူထောင်ရေးပစ္စည်းတွေ၊ အရေးပေါ် ယာယီအမိုးအကာတွေ၊ အမျိုးသမီးသုံး ပစ္စည်းတွေ၊ အဝတ်စမျက်နှာ-နှာခေါင်း စည်းတွေ ပါဝင်တဲ့ အဓိက ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ပေးပို့ထောက်ပံ့ထားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း လက်ရှိအချိန်ထိ ကွင်းဆင်းဆောင်ရွက်မှုအကြိမ်ရေ ၁၇ ကြိမ် ဆောင်ရွက်ထားပေမယ့် အထူးသဖြင့် ကျေးလက်နေ ရာတွေနဲ့ တချို့သော တိုက်ပွဲရှောင်စုရပ်တွေဆီ အကူအညီပေးရေးမှာ လက်လှမ်းမီဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ တိုက် ပွဲတွေ ဆက်လက်မြင့်တက်နေမှုကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည် သူ ၁ ဒသမ ၇ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေသူ ၁ ဒသမ ၇ သန်းကျော်ထဲမှာ ၁ ဒသမ ၄ သန်းနီးပါးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာနေကြရသူတွေ ဖြစ်ကြပါတယ်။

နေရပ်စွန့်ခွာနေရသူ အများဆုံးမှာတော့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၉၄၃,၁၀၀ ဦးနဲ့ နိုင်ငံအရှေ့တောင်ပိုင်းက ၄၀၉,၄၀၀ ဦးတို့နဲ့ အများဆုံး စွန့်ခွာနေကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက် နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုတွေ ကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သားပိုင်ပစ္စည်း ပျက် စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အ ခက်အခဲတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တိမ်းရှောင်နေရသလို ကချင် ပြည်နယ်မှာလည်း စစ်ဘေးရှောင်တွေ ရှိပါတယ်။DVB

ဒီပဲယင်းမြို့နယ်တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ကျေးရွာ ၃ ခုကို စစ်တပ်က ယခုည မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြိုနယ်၊ ဘုရားထွက်ရွာဝန်းကျင်ကို ယနေ့ညနေ ၅နာရီ ၂၇မိနစ်တွင် လေ ကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ဘုရားထွက်ရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ယနေ့ ည ၇ နာရီမှစ၍ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ၃၀ရက် ညပိုင်းနှင့် မတ်လ၃၁ရက် ယနေ့နံနက်ပိုင်းတွင် စိုင်ပြင်မြိုမှထွက်ခွာလာသော စစ်ကောင်စီတပ်က မန်ကျည်းစောက်ရွာကို မီးရှိဖျက်ဆီးခဲ့ပြီး ယနေ့ညနေပိုင်းတွင် ပျံကျရွာနှင့် ဘုရားထွက်ရွာတိုကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း၊ ဘုရားထွက်ရွာဝန်းကျင်ကို လေကြောင်း တိုက်ခိုက်မှုကြောင့် PDFရဲဘော်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောဆိုသည်။

“ညနေမှာ ကြည်၊ဘုရားထွက် ဝန်းကျင်ကို လေကြောင်းနဲ့ပစ်တာ ပြည်သူတွေဘေးကင်းတယ်။ ရဲဘော်နှစ်ဦးတော့ ထိထားတယ်ကြားတယ် ရှပ်ထိတဲ့။ အခုညပိုင်း ဘုရားထွက်ရွာကို ဘုန်းကြီး ကျောင်းကစပြီး မီးစရှို့နေတာ၊ အခြေအနေတော့မသိရသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းဖြန့်ကျက်ပြီး စစ်ဆင်ရေးပြုလုပ်နေသဖြင့် မီးရှို့ခံခဲ့ရသော မန်ကျည်းစောက်ရွာ၊ ပျံကျရွာနှင့် ဘုရားထွက်ရွာတို၏ မီးလောင်ကျွမ်းပျက်စီးမှု အခြေ အနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း အဆိုပါရဲဘော်က ဆက်ပြောသည်။

အကြမ်းဖက်စစ်တပ် ယခင်ကလည်း မန်ကျည်းစောက်ရွာမှ နေအိမ် ၉၇လုံး၊ ပျံကျရွာမှ နေအိမ် ၄၉၆လုံးနှင့် ဘုရားထွက်ရွာမှ နေအိမ် ၂၅၁လုံး ‌မီးလောင်ဖျက်ဆီးခဲ့ဖူးပြီး ယခုတစ်ကြိမ် ထပ်မံ၍ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းအချက်အလက်များ‌ ကောက်ယူနေသည့် ဒီပဲယင်းမြိုနယ်ညီ‌နောင်များအဖွဲ တာဝန်ခံထံမှ စုံစမ်းသိရှိရသည်။khit thit

မြောက်ဒဂုံတွင် အငြိမ်းစားဝန်ထမ်း အမျိုး သမီး ၁ ဦး သေနတ်ပစ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်မှာ မတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီက စျေးဝယ်ပြီး နေအိမ်ကို ကားနဲ့ပြန်လာတဲ့ မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား လက်ထောက်မန်နေဂျာ အမျိုးသမီးတဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နန္ဒဝန်စျေးကနေ စျေးဝယ်ပြီး နေအိမ်ကို ကားနဲ့ပြန်လာစဥ် နေအိမ်အရှေ့မှာ အမည်မသိ အမျိုးသားတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကားနဲ့ပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်တာ၊ ကံကောင်းလို့မသေတာ၊ ခြေထောက်ပဲထိသွားတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်လာပြီး စစ်တပ်က ပစ်ခတ်မှုဖြစ်ရာနေရာက ကျည်ခွံတွေနဲ့ CCTV မှတ်တမ်းကို ယူသွားတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အဲ့အမျိုးသမီးက အရင်က သစ်လုပ်ငန်းမှာလုပ်တာ၊ အခုတော့ မလုပ်တော့ဘူး၊ အငြိမ်းစားယူထားတယ်၊ ဘာကြောင့်ပစ်လဲတော့မသိဘူး။”

လတ်တလောမှာ မြောက်ဒဂုံ ၃၄ ရပ်ကွက်ရှိ လမ်းတချို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေ၊ စက်ဘီးစီးသူတွေနဲ့ ဆိုင်ကယ်စီးသူတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ DVB

ဓားပြမှုဖြင့်ဖမ်းထားသူ ၂ ဦးကို စစ်အုပ်စုက ပစ်သတ်၊ လုံခြုံရေးတပ်ဖွဲ့ကို ခုခံသဖြင့် ရှင်း လင်းခြင်းဖြစ်ဟုဆို

မန္တလေးမြို့၊ စိန်ကျော်မိုးရွှေသန့်စင်ဆိုင်ဓားပြမှုဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို၊ ဖမ်းဆီးရေးအဖွဲ့က ယမန်နေ့က ပစ်သတ်ရှင်း လင်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍၊ စစ်ကောင်စီတပ်၏ ရဲအသိုက်အ၀န်းနှင့်နီးစပ်သူများထံစုံစမ်းကြည့်ရာတွင်၊ ဓားပြ ခေါင်းဆောင်နှင့်နောက်လိုက်တို့သည်၊ လုံခြုံရေးတပ်ဖွဲ့၀င်များအား ခုခံမှုကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဓားပြခေါင်းဆောင်ဆန်း၀င်းနဲ့ နောက်လိုက်က လုံခြုံရေးတွေကို ခုခံထွက်ပြေးလို့၊ ဖမ်းဆီးရာကနေ ပစ်ခတ်မှု ဖြစ်တာပါ၊ ဓားပြနှစ်ယောက်စလုံးနေရာမှာတင် သေတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

နီးစပ်သူများထံက ရရှိသည့်သတင်းအရ၊ ဓားပြအဖွဲ့ခေါင်းဆောင်ဆန်း၀င်းနှင့်နောက်လိုက် တင်စိုး(ခ) ရခိုင်တို့သည်၊ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက် ၁၃၁ လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် ဗုံးနှင့်လက်နက် များ သိမ်းထားကြောင်း ထွက်ဆိုသဖြင့်၊ လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့နှင့်အတူသွားရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာ ဖွေနေစဉ်၊ ဓားပြခေါင်းဆောင်ဆန်း၀င်သည် လက်ပစ်ဗုံးများအား ကလစ်ဖြုတ်ပြီး ဖောက်ခွဲရန်ကြိုးစားကြောင်း၊ နောက်လိုက် တင်စိုး(ခ)ရခိုင်သည် လက်ထိပ်ခတ်ထားသည့်ကြားမှ လုံခြုံရေးတပ်ဖွဲ့၀င်များအား တွန်းကန်ပြီး သေနတ်ကိုလုယူကာ ပြန်ခုခံကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့၀င်များက အသေပစ်ခတ်ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေး ချမ်းအေးသာစံံမြို့နယ် ၈၅(A)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ၊ စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်း၀ယ်ရေးဆိုင်ကို၊ မတ် လ ၂၇ ရက်နေ့ညနေပိုင်းက၊ အိမ်စီးကားစီးလာသော လူသုံးဦးက ပစ္စတိုသေနတ်များဖြင့် ပစ်ဖောက်ခြောက်လှန့်ကာ ဆိုင်ရှင်၏ ငွေကျပ်သိန်း ၁,၂၀၀ ကို ဓားပြတိုက် လုယူသွားခဲ့သည်။

အဆိုပါဓားပြတိုက်မှုနှင့်ပတ်သက်၍၊ ညတွင်းချင်း ဓားပြလေးဦးကိုဖမ်းဆီးလိုက်နိုင်ပြီး နှစ်ဦးကိုဖမ်းဆီးရန်ကျန် သေးကြောင်း၊ ဓားပြအဖွဲ့သည်၊ ၎င်းရွှေသန့်စင်ဆိုင်အပြင် နောက်ထပ် လူသတ်ဓားပြတိုက်မှု နှစ်ခုကိုပါကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့အား ဓားပြတိုက်ရာတွင် စီးလာသည့်ကား၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ၊ ငွေကျပ် ၈၃၅ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ၊ ဖမ်းမိထားသည့် ဓားပြလေးဦးသည် မူးယစ်မှုဖြင့် နှစ်ရှည်ထောင်ချခံထားရပြီး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူများဖြစ်ကြောင်း၊ ၎င်းတို့သည် တခြားမှ ဓားပြတိုက်ယူခဲ့သော ရွှေထည် ပစ္စည်းများကို စိန်ကျော်မိုးရွှေ့သန့်စင်ဆိုင်သို့ ထုခွဲရောင်း ချခဲ့ကြောင်း၊ ထို့ကြောင့် စိန်ကျော်မိုးရွှေသန့်စင်ဆိုင် ပိုင်ရှင်ဖြစ်သူကိုလည်း တရားမ၀င်လက်ခံ၀ယ်ယူမှုဖြင့် အရေးယူဖွယ်ရာရှိကြောင်း သိရသည်။mizzima

« Older Entries