စစ်ကောင်စီလေတပ် ရွှေကူတွင် ဗုံးကြဲ၊ မြေ ပြင်မှ စစ်ကြောင်းထိုးတိုက်ခိုက်

ယမန်နေ့ (မတ် ၃၀) တွင် လေတပ်က ကချင်ပြည်နယ် ရွှေကူမြို့တောင်ဘက်ရှိ ကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ခြေလျင်တပ်က စစ်ကြောင်းထိုးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် ရွှေကူ KPDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များရှိသည့် နေရာကို လေတပ်က မိနစ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ မံဝိန်းရွာအတွင်း ဗုံး ၈ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာ ၂ စီးနဲ့ လာချသွားတာ၊ မံဝန်းကျေးရွာကို ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ကူပေးပြီး တောက်လျှောက် ထိုးဝင်လာလို့ နည်းနည်းဆုတ်ပေးလိုက်ရတယ်၊ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူး” ဟု ပြောသည်။

ရွှေကူမြို့ပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးပြီး မြေပြင် စစ်ကြောင်းထိုးတိုက်ခိုက်မှုမှာ အင်အား ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မံဝိန်းရွာရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု အထက်ပါ KPDF အဖွဲ့ဝင်က ပြောသည်။

“ဒီကောင်တွေက ဗုံးကြဲပြီးမှ မလောင်တဲ့ အိမ်တွေပါ တောက်လျှောက် မီးရှို့တာ၊ အိမ်ခြေ ၃၀၀‌ ကျော် ရှိတာ၊ အခု ကျွန်တော်တို့ သတင်းနားထောင်ကြည့်တာ ဘုန်းကြီးကျောင်းပဲ ကျန်တော့တယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီလေတပ်သည် ထိုနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ထန်တလန်မြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ ခွာဖိုးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ၁၀ ဦး သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရသွားကြသည်။ နေ့လယ်ပိုင်းတွင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို လေကြောင်းမှ တိုက်ခိုက်ရာ တစ်ဦး သေဆုံးပြီး ဒေသခံအများအပြားလည်း လေကြောင်းရန်ကြောင့် တိမ်းရှောင်နေကြရသည်။

မတ် ၂၃ ရက်မှစတင်ပြီး ရွှေကူမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကျေးရွာများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ခြေမြန်တပ်ရင်း (၁၀)၊ တပ်မ (၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း (၇၇) အပြင် ထပ်တိုးအားဖြည့်ထားသည့် စစ်ကောင်စီတပ်များ ပါဝင်သည်။

တိုက်ပွဲများကြောင့် ရွှေကူမြို့တောင်ဘက်ရှိ ရွာများမှ ထောင်နှင့်ချီသည့် စစ်ရှောင်များမှာ နီးစပ်ရာ ကျေးရွာများ၊ တောတောင်များထဲနှင့် အချို့မှာ ရွှေကူမြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်။

ရွှေကူမြို့ပေါ်သို့ စစ်ရှောင်သွားသည့် ဒေသခံအချို့ကိုလည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်က ပြန်မောင်းထုတ်နေပြီး စစ်ရှောင် အယောက် ၃၀ ကျော်ကိုလည်း ဖမ်းဆီးလိုက်သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့သူတွေကို ဖမ်းထားလိုက်တယ်၊၊ လူပေါင်းကတော့ မနည်းဘူး ၃၀ ကျော်ကျော်ပဲ၊ မဖမ်းတဲ့သူတွေကိုလည်း သူတို့ရွာတွေကို အတင်းပြန်ခိုင်းနေတယ်” ဟု အဆိုပါ အသက် (၄၀) ကျော်အရွယ် အမျိုးသားက ပြောသည်။

ယနေ့နံနက် (မတ်လ ၃၁ ရက်) တွင် နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲမဖြစ်သေးသော်လည်း မံဝိန်ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က KPDF တပ်များ ရှိနိုင်မည်ဟု ယူဆရသည့် ဘေးပတ်ဝန်းကျင်ကျေးရွာများကို နံနက် ၅ နာရီမှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိက အားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မြို့လှ၊ ရွှေကူ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s