Monthly Archives: May 2023

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအ၀င် ၅ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအ၀င် ငါးဦးဒဏ်ရာရကာ ဒေသခံများ၏ နေအိမ် နှင့် ဆေးခန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် ဘောဂလိမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များကို ဘောဂလိမြို့အတွင်းဘက်သို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ၁၀ နှစ်အအောက် ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့ကာ ၎င်းတို့​၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

” ဘောဂလိမြို့ထဲ မွန်းလွဲတစ်နာရီမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ချတယ်။ ကလေးအမေတစ်ယောက်နဲ့ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယမန်နေ့ မေလ ၃၀ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်နှင့် ခုနစ်မိုင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက် (၄) တွင် နေထိုင်သော ဒေ သခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

” ၃၀ ရက်နေ့က စစ်မဖြစ်တော့ဘဲနဲ့ တပ်စခန်းက လှမ်းထုတာ။ ခြောက်ခန်းတွဲ ရပ်ကွက် (၄) ထဲကျပြီး လူငယ်တစ်ဦးကိုထိတယ်။ အဲ့ဒီလူငယ်က ပြင်းထန်ဒဏ်ရာနဲ့ တောင်ငူကို ပို့ထားရတယ်။ အဲ့ဒီလူငယ်ရဲ့ အိမ်ကလည်း ပထမတစ်ခေါက်ပစ်တုန်းက အိမ်ထိထားသေးတယ်။ ၂၉ ရက်နေ့ညက ရပ်ကွက် (၄)က ဒေသခံတစ်ယောက် ဒူးထိတယ်။ သူ့သား နားပင်းသွားတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သံတောင်မြို့ ၁၃ မိုင်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှစတင်၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး သံတောင်မြို့ ၁၃ မိုင် စစ်ကောင်စီတပ်စခန်း၊ ဘုရင့်နောင်တပ်မြို့၊ ခုနစ်မိုင် စစ်ကောင်စီစခန်း၊ ၁၆ မိုင် စခန်း၊ ခလရ-၁၂၄ တို့မှ လက်နက်ကြီးများဖြင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း နေ့ညမရွေး ပစ်ခတ်မှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

” ထိတွေ့မှုတွေ ဖြစ်ပြီးသွားတာနဲ့ ခုနစ်မိုင်တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေပစ်လို့ ငွေတောင်ကလေးမှာ ဆေးခန်းတွေထိထားတာရှိတယ်။ သံတောင်ကြီး ၁၂၄ တပ်ရင်း၊ ဘုရင့်နောင်တပ်ကနေ လက်နက်ကြီးတွေ ၁၂၀ မမတွေ ပစ်တယ်။ အများကြီးပါပဲ အိမ်တွေထိထားတာလည်းရှိတယ်။ ပျက်စီးသွားတဲ့အိမ်တွေလည်းရှိတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သံတောင်မြို့ တစ်ဝိုက်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ကျေးလက်ဆေးပေးခန်းတစ်ခုပျက်စီးခဲ့ရပြီး ဒေသခံများ​၏ နေအိမ်ပျက်စီးမှုများရှိသော်လည်း လက်ရှိအနေအထားအရ ပျက်စီးမှုအရေအတွက်အား အတည်ပြုရန်ခက်ခဲကြောင်း ဆိုသည်။

သံတောင်မြို့ ၁၃ မိုင်မှ ဒေသခံအများစုသည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်း ဆီးမှုတို့ကြောင့် နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာဒေသများတွင် စစ်ဘေးရှောင်နေကြပြီး ဒေသခံအချို့သာ ၎င်းတို့​၏ နေအိမ်များတွင် ပြန်လည်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။ mizzima

NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပဲခူးတိုင်းရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ပြီး PDF များနှင့်တွေ့ဆုံ

NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပဲခူး တိုင်းရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ပြီး ရှေ့တန်းတိုက်ပွဲဝင် PDF များနှင့်တွေ့ဆုံကြောင်း Royal Peacock Columnက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ပြည်သူ့ လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ် က မေလ ဒုတိယအပတ်မှာ ပဲခူးတိုင်းရှိ Royal Peacock Column ရှေ့ထွက်စစ် ကြောင်း ၏ရှေ့တန်း စစ်မြေပြင်သို့ သွားရောက်ပြီး ရဲဘော်များကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အဖွဲ့သည် ပဲခူးတိုင်းအတွင်းရှိ ကျေး ရွာ များသို့သွားရောက်ပြီး ပြည်သူလူထုနှင့်တွေ့ဆုံကာ အမျိုး သားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေနွေးခဲ့ကြကြောင်း၊ ခရီးစဉ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဦးစီး စောယှားဖောင်ဝှါး၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့အတူ လိုက် ပါခဲ့ ကြောင်း သိရှိရသည်။ khit thit

ဖားကန့်တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကို သတ်ဖြတ်ပြီး ရွှေနှင့်ငွေများ ယူဆောင်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၃၀ ရက် ညပိုင်းက တည်းခိုရိပ်သာတခု ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသမီးကို သတ်ဖြတ်ကာ ပိုက် ဆံနဲ့ ရွှေတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဆိပ်မူကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ သံယောဇဉ်နန်းတော် တည်းခိုရိပ်သာက ပိုင်ရှင် အမျိုးသမီးကို သတ်ဖြတ်ကာ မီးခံသေတ္တာအတွင်းမှ ရွှေနဲ့ ပိုက်ဆံတွေ ဓားပြတိုက်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “တည်းခိုခန်းကို ညဘက် ဓားပြဝင်တိုက်သွားတာ။ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကိုလည်း သတ်သွားတယ်။ မီး ခံသေတ္တာကိုဖွင့်ပြီး ရွှေလက်ဝတ်လက်စားနဲ့ ငွေတွေ ယူသွားတယ်။ ဘယ်လောက်ပါသွားတယ် ဆိုတာကတော့ တိတိကျကျ မသိဘူး။ ဓားပြတွေက လန်ခရူဇာကားကိုလည်း ယူသွားတယ်” လို့ ပြောပါတယ်။

ဓားပြတိုက်၊ သတ်ဖြတ်ခံရသူဟာ သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် ဒေါ်သီတာ ဆိုသူဖြစ်ပြီး ဓားပြတွေက နေအိမ်အပေါ်ထပ်မှာ လည် ပင်းကို ထိုးသွင်း သတ်ဖြတ်ထားခဲ့တာ ဖြစ်ပြီး အလောင်းကိုတော့ မနက်မိုးလင်းမှ မိသားစုနဲ့ အနီးအနားပတ်ဝန်းကျင်ကသူတွေ တွေ့ရှိတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ မေ ၂၈ ရက် ညကလည်း ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူ တရုတ်အမျိုးသား လောပန်းတဦးအိမ် ဓားပြတိုက်ခံရပြီး တန်ဖိုးကြီးကျောက်စိမ်းနှစ်တုံး ရွှေချောင်း၊ ငွေသားတွေ အပါအဝင် တန်ဖိုးကြီး ကားနှစ်စီးကို အမျိုးသား ၆ ဦးက ဓားပြတိုက် လုယက်ခဲ့ပါသေးတယ်။ DVB

စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီး၊ စစ်ကိုင်းတိုင်း အခြေစိုက် တော်လှန်ရေးအင်အားစုအများအပြား ဖိုရမ်သို့တက်ရောက်

စစ်ကိုင်းတိုင်းအခြေပြုတော်လှန်ရေးအင်အားစုများဉီး‌ဆောင်ပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံရေးအရွေ့သို့ရောက်အောင် ထပ်မံကျင်းပသွားမည်ဟု ဖိုရမ်‌ဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဆန်းက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းဖိုရမ်ကို ယမန်နေ့မေလ ၃၀ ရက်နှင့် ယနေ့မေလ ၃၁ရက်တွင် အွန်လိုင်းမှတဆင့် zoom meetingဖြင့် နှစ်ရက်ဆက် ကျင်းပခဲ့ခြင်းဖြစ်သည်။

” ခုခံစစ်ကို စစ်ကိုင်းတိုင်းကစခဲ့တယ်။အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး အခု အင်အားစုတွေ အများအပြားပါဝင်တဲ့ ဖိုရမ်ကို ကျင်းပနိုင်ခဲ့တယ်။ ဒါကနေတဆင့် နိုင်ငံရေးအရွေ့တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတယ်” ဟုကိုအောင်ဆန်းက ပြောသည်။

စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းအခြေပြု တော်လှန်ရေးအင်အားအစုအဖွဲ့ ၂၀၀ နီးပါးအထိ တက်ရောက်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေကိစ္စရပ်များကို အခြေခံ ဆွေးနွေးခဲ့သည်ဟုယင်းဖိုရမ်တက်ရောက်ခဲ့သည့်တော်လှန်ရေးအင်အားစုများကပြောသည်။

” တော်လှန်ရေးက တဆင့်ချင်း ပြောင်းလဲလာတဲ့ သဘောတရားမှာ ပိုပြီးကောင်းလာနိုင်မယ့် အရွေ့တွေကို တိုးတက်ပြောင်းလဲလာပြီလို့ မျှော်လင့်တယ်”ဟု ဖိုရမ်ကိုတက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်း‌ဒေသကြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေဦးကပြောသည်။

တော်လှန်ရေးနှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး အကြိမ် ကျင်းပသည့် စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအ၀င် အဖွဲ့အစည်းအသီးသီးကလည်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။

NUGက ပေးပို့သည့်သ၀ဏ်လွှာတွင် လက်ရှိကျင်းပနေသည့် စစ်ကိုင်းဖိုရမ်သည် တော်လှန်ရေး အောင်မြင်ရေးအတွက် အရေးကြီးသော အ ထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်းနှင့် ပြင်ပပယောဂများမပါဘဲ မိမိတို့ဒေသအခြေအနေနှင့်ကိုက်ညီသောရလဒ်များကို ဆွေးနွေးအဖြေရှာနိုင်ကြစေရန် ဆန္ဒပြုကြောင်း ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပါ၀င်ကန် မျှော်လင့်ပြီး ဒီမိုကရေစီပြည် ထောင်စုသစ် တည်ဆောက်ရေးတွင် အတူတကွ လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း စစ်ကိုင်းဖိုရမ်သို့ မေလ ၃၀ရက်က ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် မြေပေါ် မြေအောက် တော်လှန်ရေးအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများအပြင် အခြားအဖွဲ့အစည်း အသီးသီးကလည်း တော်လှန် ရေးနှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး ကျင်းပသည့် စစ်ကိုင်းဖိုရမ်ကို ကြိုဆိုကြောင်း သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

96 Soldiers – PDF အညာဒေသတပ်ခွဲမှ ကိုဇေယျာလွင်က “ စုပေါင်းပြီးတိုင်ပင်ဖို့ လိုအပ်နေတဲ့အချိန်မှာ အခုလိုစုဝေးပြီး ရှိနေတဲ့ အခြေအ နေတွေကိုပြောဆိုဆွေးနွေးတိုင်ပင်ကြတဲ့အတွက် ဒါဟာအပေါင်းလက္ခဏာဆောင်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့မြင်ပါတယ်” ဟု စစ်ကိုင်းဖိုရမ်ကျင်းပခဲ့သည့်အပေါ် မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းသည် အာဏာသိမ်း စစ်တပ်အား လက်နက်ကိုင် ခုခံတိုက်ခိုက်မှုအားကောင်းသည့် ဒေသဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး စတင်အခြေပြခဲ့သည့် ဒေသဖြစ်သည်။မြေပြင်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အများစု ပါ၀င်သည့် ဖိုရမ်ကျင်းပနိုင်သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

” ပထမဆုံး ကျင်းပတဲ့ ဖိုရမ်ကို တော်လှန်ရေးအင်အားစုတွေ၊ သပိတ်ကော်မတီ‌တွေ လာတက်ကြတယ်။ တော်လှန်ရေးအင်အားစုတွေတော် တော်များများကိုစုစည်းနိုင်ခဲ့တယ်။ နောက်ထပ်လည်း ထပ်လုပ်နိုင်ဖို့ ကြိုးစားမယ်။ ဒီကနေ ဖက်ဒရယ်ပြည်‌ထောင်စုကိုသွားမယ်”ဟု စစ်ကိုင်းဖိုရမ်‌ဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဆန်းက ပြောသည်။ mizzima

ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၇ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့​ပြီး နေအိမ် ၁၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

မုံတိုင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကျေးရွာ ပြန်လည် ထူထောင်နိုင်ရန် အတွက် အကူအ ညီများ လိုအပ်နေပြီး မီးဘေးသင့် ပြည်သူများကို တန်ဖိုး အနည်းငယ်သာ ပံ့ပိုးထားပြီး လုံးလောက်မှု မရှိကြောင်း၊ အလှူရှင်များ အနေဖြင့် ထောက်ပို့ လှူဒါန်းမှုများ ပြုလုပ်ပေးရန် ရေဦး ပကဖ က ထုတ်ပြန်ထားသည်။ khit thit

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် နေရာရရှိရေး အခက်အခဲဖြစ်နေ

အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေစရာနေရာရရှိဖို့က အဓိကအခက်အခဲတခု ဖြစ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်း စာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ပြောထားပေမယ့် လက်ရှိမှာတော့ သတ်မှတ် လူဦးရေရဲ့ တစိတ်တပိုင်းလောက်အတွက်သာ ရရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသတွေအတွက် သိသာထင်ရှားတဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေပြီးတော့ လတ်တလောအချိန်အထိ ဘေးဒဏ်သင့် လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်ကူညီခွင့်လည်း အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းသင့်ပြည်သူ ၂၃၀,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအကူအညီတွေ ရရှိထားပေမယ့်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေကြောင့် အစားအစာ ဝယ်ယူနိုင်ဖို့ အခက်ကြုံနေကြရတဲ့အပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ သွင်းအားစုတွေ ဆုံးရှုံးခြင်းကလည်း ကြီးထွားလာတဲ့ ပြဿနာတရပ် ဖြစ်လာနေတာပါ။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏား ကျွန်း မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှု ၉၅ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ များစွာ ရှိခဲ့ပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများ ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူ ညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။ DVB

မြန်မာနိုင်ငံက ရထားလမ်းစီမံကိန်းအတွက် ဖွံ့ဖြိုးရေး အကူအညီကို ဂျပန် ရုပ်သိမ်

ပြီးခဲ့သည့် ဆယ်နှစ်တာအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအဖြစ် ရှိနေခဲ့သော မြန်မာနိုင်ငံမှ အဓိက ရထားလမ်းစီးမံကိန်းအတွက် တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (ODA) ကို ဂျပန်နိုင်ငံက ပြန်လည်ရုပ်သိမ်းပြီ ဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချသည့် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခြင်းအဖြစ် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချခြင်းသည် မြန်မာနိုင်ငံက ရထားလမ်းစနစ်များ အဆင့်မြှင့်တင်ရေးအတွက် ဘဏ္ဍာရေးအကူအညီပေါ် သက်ရောက်မည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် အဆိုပါ ရထားလမ်း စီမံကိန်းတွင် ၂၀၁၃ ခုနှစ်အတွင်းက ပါဝင်လာခြင်း ဖြစ်သည်။ တည်ဆောက်ရေးအတွက် မရှိမဖြစ် လို အပ်နေသော ယန်းငွေ ထပ်တိုး ချေးငှားခြင်းကို ချထားပေးတော့မည်မဟုတ်ကြောင်း ဂျပန်နိုင်ငံက မြန်မာအား ပြီးခဲ့သည့် နွေဦးတွင် အ ကြောင်းကြားခဲ့သည်။

မြန်မာစစ်တပ်အာဏာပိုင်များက ဧပြီလတွင် အကြောင်းပြန်ပြီး ဂျပန်နိုင်ငံ၏ အခြေအနေကို ၎င်းတို့ နားလည်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရထားလမ်း စီမံကိန်းသည် အခြေခံ အဆောက်အအုံနှင့် ဆက်စပ်သော အကူအညီများ ဂျပန်နိုင်ငံက ပေးနိုင်ရေး အားထုတ်မှုတစ်ရပ်အဖြစ် ရှိနေခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းက ဖိနှိပ်ချုပ်ချယ်သော စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ခြင်းအဖြစ် မြန်မာနိုင်ငံအတွက် အခြားသော ODA စီမံကိန်းများကိုလည်း ပြန်လည်သုံးသပ်မည်ဟု မျှော်လင့်ရကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ယခု စီမံကိန်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရန်ကုန်နှင့် နိုင်ငံအလယ်ပိုင်းက မန္တလေးသို့ ချိတ်ဆက်သော ကီလိုမီတာ ၆၂၀ ရှိ ရထားလမ်း အဆင့်မြှင့်တင်ရေးလည်း အပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံက ရထားလမ်းများနှင့် တံတားများသည် သက်တမ်းကြာမြင့်ပြီ ဖြစ်သောကြောင့် ရထားများ နှောင့်နှေးကြန့်ကြာခြင်းနှင့် လမ်းချော်ခြင်းများ ဖြစ်ပွားသည်။

၂၀၁၁ ခုနှစ်အတွင်း အရပ်သား အစိုးရ အာဏာ ပြန်ရသည့်နောက်တွင် မြန်မာနိုင်ငံက ယန်းချေးငွေ အစီအစဉ်များကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ တွင် ရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ရေး လေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ တွင် စီမံကိန်း စတင်သည်။ ယင်းအတွက် ရထားလမ်းများ၊ တံတားများနှင့် အချက်ပေးစနစ်များကို ပြင်ဆင်ခြင်း၊ အသစ်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၂၀ အထိ စီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၄၂ ဒသမ ၂ ဘီလီယံ ချေးငှားရန် မြန်မာအစိုးရနှင့် သဘောတူညီချက်တစ်ရပ်လည်း ရရှိခဲ့သည်။

စီမံကိန်း ပြီးစီးရန်အတွက် လျာထားသော အချိန် ၂၀၂၄ ဝန်းကျင်တိုင်အောင် လိုအပ်ချက် မြင့်မားနိုင်ခြင်းကြောင့် ယန်းချေးငွေ ပုံစံဖြင့် ပို၍ ရန်ပုံငွေ ချထားပေးခြင်းအတွက် ဂျပန်နိုင်ငံက အသင့်ပြင်ထားခဲ့သည်။

သို့ရာတွင် စီမံကိန်းအား အလုံးစုံ စစ်ဆေးမည်ဖြစ်ကာ အချို့အပိုင်းများကို ပယ်ဖျက်ရန် စဉ်စားသွားမည်ဟု မြန်မာစစ်တပ်ဆီ နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံက အကြောင်းကြားလာခြင်းပဲ ဖြစ်သည်။

အာဏာသိမ်းချိန်မှစကာ မြန်မာနိုင်ငံအား ဂျပန်နိုင်ငံက ယန်းချေးငွေသစ် ချထားပေးခြင်း ဆိုင်းငံ့ထားသည်။ mizzima

ချောင်းဦးတွင် PDF စခန်းတစ်ခု စီးနင်းခံရ၊ စစ်တပ်က ဖမ်း ဆီးလာသော ပြည်သူကို သတ်ဖြတ်ကာ စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က လူသားဒိုင်း အသုံးပြုကာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးလာသော အမျိုးသားတစ်ဦးကို ပစ် ခတ်သတ်ဖြတ်ကာ စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်ပစ်ခဲ့ကြောင်း Area 71 People Defense Force Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၃၁ ရက် နံနက် ၈ နာရီခန့်က ချောင်းဦးမြို့မှ ခင် မွန် ဘက်စုံခြံဘက်သို့ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်အပြည့်တင်လာသည့် Jummer တပ်ဆင်ထားသော ကား ၂ စီးဖြင့် မုံရွေးရွာ၏ အရှေ့ဘက်တောခြေမှ ကြေးမုံရွာ အရှေ့ဘက်တောခြေသို့ ပိုက်စိတ်တိုက်မွှေနှောက်ရှာဖွေကာ PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အင်အားများတော့ ပြန်တိုက်ချိန်မရပဲ ဆုတ်ပေးလိုက်ရတာဗျ၊ ဓားစာခံဖမ်းလာတဲ့ ပြည်သူတစ်ဦးကို နား ထင်သေနတ်နဲ့ တေ့ပစ်သတ်ပြီး စခန်းတဲထဲမှာ ထည့်ပြီး မီးရှို့ပစ်ခဲ့တာ၊ အမျိုးသားပါပဲ၊ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး၊ ဦးခေါင်းခွံကြီးပွင့်နေတာပဲမြင်ရတယ်။ စစ်ခွေးတွေက အခုလောလောဆယ် မြေနဲရွာမှာ တစ်ဖွဲ့၊ အောင်သာရွာမှာ တစ်ဖွဲ့ ပြီး‌တော့‌ချောင်းဦးမှာလဲ စစ်ခွေးကားအကြီး ၅ စီး ရောက်နေတယ်” ဟု Area 71 People Defense Force Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခံရမှုကြောင့် စခန်းတဲများနှင့်အတူ လက်နက် ခဲယမ်းများ တန်ဖိုး သိန်း ၃၀၀ ခန့် ဆုံးရှုံခဲ့ကြောင်း၊ ၎င်းဆုံးရှုံးမှုများအား ပြန် လည် တည်ဆောက်နိုင်ရန် အရေးပေါ် အကူအညီများလည်းလိုအပ်လျက်ရှိသဖြင့် မိဘပြည်သူများမှ ဝိုင်း ဝန်းကူညီပေးကြစေလိုကြောင်းArea 71 People Defense Force Monywa တပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။ khit thit

« Older Entries