Monthly Archives: May 2023

ရေတာရှည်တွင် စစ်တပ်ထောက်ခံသူ ၁ ဦး ပစ် ခတ် ခံရပြီး သေဆုံးမှုကို NLD ထောက်ခံသူ သေဆုံးမှု အဖြစ် စစ်လော်ဘီများက ဝါဒဖြန့်၊ လှိုင်သာယာတွင်လည်း ရာအိမ်မှူး ၁ ဦး ပစ် ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်ထောက်ခံသူနှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် နံနက် ၉ နာရီခန့်တွင် ရေတာရှည် မြို့နယ်၊ ဆွာရွာမကြီးကျေးရွာနေ စစ်တပ်ထောက်ခံပြီး သတင်းပေး အလုပ် လုပ်ကိုင်သူ ဦးကောက်ကို ရေတာရှည်မြို့နယ် ပကဖက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၊ ဦးကောက်သေဆုံးမှုကို စစ်လော်ဘီများက NLD ထောက်ခံသူ ပစ် ခတ်ခံရပြီး သေဆုံးဟု သတင်းမှားဖြင့် လိမ်လည်ဝါဒဖြန့်နေသည်ဟု သိရသည်။

သေဆုံးသွားသော ဦးကောက်သည် စစ်တပ် စစ်ကြောင်းများ ကျွေးရွာအတွင်း ဝင်ရောက်လာစဥ်တွင် PDF တပ်ဖွဲ့ဝင်များ ရှိသည့်နေရာကို လမ်းပြပေးခြင်း၊ ကျေးရွာများရှိ PDF ထောက်ခံသူများကို သတင်းပေး ဖမ်းဆီးခိုင်းပြီး မြို့နယ် တစ်ခုလုံးကို ဒုက္ခပေးနေသူ ဖြစ်ကြောင်း သိရသည်။

“ဦးကောက်က စစ်ခွေးတွေနဲ့ ပေါင်းစားပြီး တစ်နယ်လုံးကို ဒုက္ခပေးနေတဲ့ ဒလန် အကြီးစားကြီးပါ။ မြို့နယ် ပကဖကရှင်းလင်းခဲ့တာပါ။ စစ်ခွေးတွေဝင်လာရင် သူက PDF တွေရှိတဲ့ နေရာကို လမ်းပြပေးသည့်အပြင် ကျေးရွာတွေမှာရှိတဲ့ PDF ထောက်ခံသူတွေရဲ့ အချက်အလက်တွေကို စုံစမ်း စစ်တပ်ကို သတင်းပေးနေသူပါ။ စစ်ခွေးတွေဝင်လာရင် သူရဲ့ လှေကို စစ်တပ်က ငှား ပြီး PDF တွေရှိတဲ့နေရာကို လမ်းပြပေးသည့်အပြင် ကျေးရွာအတော်များများရဲ့ PDF ထောက်ခံသူသတင်းကို စစ်တပ်ဆီ ပေးနေသူပါ။ အဲဒါကို စစ်လော်ဘီတွေက သတင်းကို ပြောင်းပြန်တင်ပြီး ဆိုက်ဝါးနဲ့ပြန်ရေးထားပြီး ဝါဒဖြန့်နေတယ် ” ဟု ရေတာရှည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မေလ ၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၃ ရပ် ကွက်တွင် ရာအိမ်မှူး သက်ပိုင်ကို သေနတ်သမားတချို့က ပွဲစျေးအတွင်း ပစ်ခတ်ခဲ့ရာ ရာအိမ်မှူး သက်ပိုင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

” သေနတ်ဒဏ်ရာ ၃ ချက်နဲ့သေသွားတယ်။ ရာအိမ်မှူး သက်ပိုင်က ။ သူက စစ်တပ်အတွက် အဓိက အလုပ်လုပ်ပေးတယ်။ စစ်တပ်ခိုင်းရင် ဘာမဆိုလုပ်တယ်။ ကျူးကျော်တွေကို ရှင်းတယ်။ အများပြည်သူကို အနိုင်ကျင့် ဖိနှိပ်တယ်” ဟု လှိုင်သာယာမြို့ခံတစ်ဦးက ဆိုသည်။ khit thit

တရက်တည်း တိုက်ပွဲများတွင် စစ်အုပ်စုဘက်က အယောက် ၄၀ သေဟု NUG ပြော

ဧပြီ ၃၀ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက် တပ်ဖွဲ့ဝင်အယောက် ၄၀ သေဆုံးခဲ့တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာတော့ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြပြီး စစ်ကိုင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲက ဒရုန်းနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသလို ရေစကြိုမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီဖောကား ၃ စီးကို PDF တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ CDF တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေး တိုင်းဒေသကြီးမှာ ၂ ကြိမ်၊ မကွေးနဲ့ တနင်္သာရီ တိုင်းဒေသကြီးတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ဆော၊ ကျောက်ထု နယ်မြေ၌ ၂ လအတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က ၄ ဦးထက် မနည်း သေဆုံး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း The Youth Force (ဆော၊ ကျောက်ထု) လှုပ်ရှားနယ်မြေမှာ မတ် ၆ ရက်ကနေ ဧပြီ ၂၉ ရက်နေ့အထိ ၂ လအတွင်း တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ TYF (ဆော၊ ကျောက်ထု) က မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဂန့်ဂေါခရိုင် အမှတ် (၁၊၂၊၃၊၄၊၅၊၈၊၉၊၁၀) တပ်ရင်းတွေ၊ ဆော PDF(YRPA)၊CDF-မင်းတပ်၊ CDF-ကန်ပက်လက်တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆော-ကျောက်ထု လမ်းပိုင်းတနေရာမှာ မတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တယောက် တိုင်းပြည်အ တွက် အသက်ပေးလှူခဲ့ရပြီး သေနတ်တလက် ဆုံးရှုံးခဲ့ရတယ်။ ဒီကောင်တွေကတော့ ပြည်သူတွေကို ဓားစာခံလုပ်ပြီးတော့မှ စစ်ကြောင်းထွက်တာမျိုးတွေ ပုံမှန်ပြုလုပ်နေတယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေကတော့ အများအားဖြင့် ကားလမ်းဘေးတွေမှာဘက် တိုက်ခိုက်ခဲ့ကြတာ” လို့ TYF(ဆော၊ကျောက်ထု) ရဲ့ ခေါင်းဆောင် ကိုဇင်ကိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေအတွက် အဓိကတော့ လက်နက်ရှိရင်တောင်မှ ကျည်ဆန် လိုအပ်ချက်တွေ နေပြီး စစ်တပ်ဘက်က ကျသွားတာ မြင်ခဲ့ရတာတောင် ကိုယ်ါဘက်က ရဲဘော်တွေက လက်နက်တွေ သွားကောက်ဖို့ အဆင်မပြေတဲ့ အနေထားမျိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မိဘပြည်သူတွေကို မိုင်းအန္တရာယ် အသိပညာပေး ဟောပြောတာတွေ ပြုလုပ်ခဲ့သလို အဓိကအားဖြင့် လေ ကြောင်းနဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေတူးဖို အသိပညာပေးတာ လုပ်တယ်။ ဒါ့အပြင် စစ်ရှောင်ကလေးတွေနဲ့ ဂိမ်းအတူကစား၊ အာဟာရကျွေးမွေးတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ DVB

တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအတွက် ဂုဏ်ယူကြောင်း ယာယီသမ္မတပြောကြား

တော်လှန်ရေးကာလ နှစ်နှစ်ကျော်လာသည့်အချိန်ထိ မဆုတ်မနစ်တိုက်ပွဲဝင်နေ သော တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအ တွက်ဂုဏ်ယူကြောင်း NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ မေလ ၁ ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုအောက်တွင် တော်လှန်အင်အားစုအားလုံးနှင့် မဆုတ်မနစ် ပူးပေါင်းတိုက်ပွဲဝင်နေမှု အတွက်များစွာဂုဏ်ယူအားထားပါတယ်”ဟု ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်မှုများပြုလုပ်ခဲ့၍ ဖမ်းဆီးခံထားရသော အလုပ် သမားခေါင်းဆောင်များနှင့် အလုပ်သ မား အများအပြားရှိနေသည်။

လက်ရှိအချိန်ထိ အလုပ်သမားပေါင်း ၃၀၀ ဦးခန့် ဖမ်းဆီးထောင်ချခံထားရပြီး ၅၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုမှလည်း ယနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလုပ်သမားထုကြီးသည် နွေဦးတော်လှန်ရေး၌ ထောက်ပို့လုပ်ငန်းများ၊ လက်နက်ကိုင်လမ်းစဉ်၊ နိုင်ငံရေး ဦးဆောင်မှုစသည့်လုပ်ငန်းများတွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီကို အသိအမှတ်မပြုရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးကို အသိအမှတ်ပြုရေးတို့ အတွက် နိုင်ငံတကာအဖွဲ့စည်းများအား တိုက်တွန်းခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေကြောင်း ဆို သည်။

“ အခုဆိုရင် စစ်ကောင်စီကကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲကို လက်မခံဖို့။ ဒါကိုလက်ရှိလည်း ပြည်တွင်းပြည်ပအလုပ်သမားအဖွဲ့စည်းတွေအနေနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။”ဟု မြန်မာဆောက် လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဉက္ကဋ္ဌ ကိုပြည်ချစ်ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ယနေ့တွင်ကျရောက်သည့် အလုပ်သမားနေ့ ဆောင်ပုဒ် အဖြစ် “လုပ်သားထုရဲ့သွေးစည်းသံ တစ်ချီတည်းရုန်းပြီးအောင်ပွဲခံ” ( United Voice Workers Fight For Federal Future) ဟုသတ်မှတ်ထားကြောင်းသိရသည်။ mizzima

အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေကြောင်း စစ်ခေါင်းဆောင် ပြောဆိုချက် အ လိမ် အညာ ဟု NUG တုံ့ပြန်

စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင်ကြိုးစားနေပြီး အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေကို အပြည့် အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်ပြီး မြေပြင်မှာ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးကျပ် တည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက တုံ့ပြန်ပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင် ကြိုးစားနေကြောင်းနဲ့ အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေ အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ ဒီကနေ့ မေ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာပါ။

“စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကြိုးပမ်းနေတယ်၊ ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်းတွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ဆောင်ရွက်ခွင့်ပေးနေတယ်၊ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပေးနေတယ်” လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

နိုင်ငံတကာအမြင်မှာ ပြည်တွင်းရေးကို ထိန်းသိမ်းနိုင်သယောင် စစ်ခေါင်းဆောင်က ပြောဆိုနေတာသာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သ မားရေးရာအဖွဲ့ ILO ရဲ့စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အလက်လက်မဲ့ ၁ သန်းကျော်အထိ ရှိနေတာပါ။

NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက “အားလုံအလိမ်အညာတွေချည်းပဲလို့ပဲ ပြောရမှာပေါ့။ အားလုံးသိပြီးသားပဲ အာဏာ သိမ်းပြီးကတည်းက မြန်မာပြည်ကနေ စီးပွားရေးလုပ်ငန်းတွေ အများကြီးစွန့်ခွာထွက်သွားကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် စွန့်ခွာသွားကြတယ်။ ပြည်တွင်းမှာရှိနေတဲ့ အသေးစား အလတ်စား အငယ်စား စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း မင်းအောင်လှိုင်က အာဏာသိမ်းဖို့ကြိုးစားပြီးတော့ လူထုကိုဖိနှိပ်မှုမှာ လုပ်ငန်းရှင်တွေအများအပြား လုပ်ငန်းတွေ စွန့်ပစ်ပိတ်သိမ်းပြီးတော့ သူတို့ကိုယ်တိုင်ပါ ဝရမ်းတွေထုတ်ခံရပြီးတော့ တိမ်းရှောင်ရတယ်၊ ထောင်တွေထဲကိုရောက်တယ်၊ သတ်ဖြတ်ခံရတယ်၊ ဒီလိုမျိုးတွေက အများကြီးကြုံနေရတာပါ။ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း ဘာမှမရှိပါဘူး။ ပိုပြီးတော့တောင် ယုတ်လျော့သွားတယ်လို့ ပြောလို့ရပါတယ်။ သန်းဂဏန် ၁ သန်းကျော်လောက် အလုပ်လက်မဲ့ ဖြစ်နေပြီဆိုတာ ILO ရဲ့ အချက်အလက်တွေအရ ပေါ်လွင်နေတာပဲ။ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေထဲမှာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုက တော်တော်ဆိုးဆိုးရွားကို ဖြစ်နေတာ။ ဦးသန်းရွှေ စစ်အာဏာလက်ထက်က ချိုးဖောက်မှုမျိုးပဲ ပြန်ဖြစ်တာပဲ။ လူမှုဖူလုံရေးဆေးခန်းသွားလို့ ပါရာစီတမောကလွဲလို့ ဘာမှမရှိဘူး ဆိုတာမျိုးတွေပေါ့နော်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ကိုဗစ်ကာလကတည်းက အခြေခံလုပ်သားတွေ၊ စက်ရုံအလုပ်ရုံတွေဟာ ပုံမှန်မလည်ပတ်ချိန်မှာ အခြေခံပြည်သူတွေစားဝတ်နေရေးကျပ်တည်းနေတာကို မထောက်ထားဘဲ စစ်ခေါင်းဆောင်က ထပ်မံ အာဏာသိမ်းလိုက်လို့ အခြေအနေက ပိုမိုဆိုးရွားလာနေတာပါ။

ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို အလုပ်သမားတပ်ဦးက ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အစောဆုံးစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အလုပ်သမားခေါင်းဆောင်တွေဟာ အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြပါတယ်။ တပ်ဦးကမပါနိုင်တဲ့ အလုပ်သမားထုဟာလည်း သူတို့ရဲ့ချွေးနှဲစာနဲ့ နောက်တန်းကနေ အများအပြား ထောက်ပံ့ကူညီတာတွေရှိနေတယ်လို့ NUG တာဝန်ရှိသူတွေကပြောပါတယ်။ 

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်ကလည်း “မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး အခြေအနေတခု ဖြစ်တဲ့အခုအချိန်မှာ အလုပ်သမားတွေအတွက် အဆိုးရွားဆုံးအချိန်ပေါ့နော်။ မတရားခိုင်းတာခံရမယ်၊ အခွင့်အရေးတွေ ချိုးဖောက်ခံရမယ်၊ လခတွေမပေးတဲ့ဟာတွေလည်း ရှိနေတယ်၊ တချို့စီးပွားရေးလုပ်ငန်းရှင်တွေက အခွင့်ကောင်းယူပြီးတော့ ခေါင်းပုံဖြတ် အမြတ်ကြီး စားနေတာတွေ အများကြီးတွေ့နေရတယ်။ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေက အလုပ်သမားတွေဘက်က ရပ်တည်ရမယ့်အစား ကုပ်သွေးစုပ်နေတဲ့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ရပ်တည်ဆောင်ရွက်နေတဲ့သဘောတွေ တွေ့ရတယ်။ တိုက်တွန်းပြောကြားချင်တာကတော့ စစ်အာဏာ ရှင်စနစ် မြန်မာ့မြေပေါ်မှာ မရှိမှဖြစ်မယ်။ လူထုတရပ်လုံး တညီတညွတ်တည်း ခွန်အားပိုသုံးပြီးတော့ ခုခံတော်လှန်ခြင်းအားဖြင့် စစ်အာဏာ ရှင်စနစ်ကို အမြစ်ပြုတ်အောင်တိုက်ဖျက်ကြပါစို့လို့ မေဒေးနေ့မှာ ပြောချင်ပါတယ်ခင်ဗျ။”

လက်ရှိ မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ အလုပ်သမားအဖွဲ့ (သမ္ဂအဖွဲ့ချုပ်) ပေါင်း ၁၈ ဖွဲ့ထဲက ၁၅ ဖွဲ့ဟာ တပ်ပေါင်းစု အဖြစ်ဖွဲ့စည်းထားပြီး NUG အလုပ် သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်တွေအတွက် ဆောင်ရွက်ပေးနေတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ  အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ   ဆိုးဆိုးရွားရွားဖြစ်နေသလို အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားအ ခွင့်အရေး လှုပ်ရှားသူတွေ ရာနဲ့ချီပြီး ဖမ်းဆီးထောင်ချခံထားရပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့တွေကတော့ အနိမ့်ဆုံးလုပ်ခလစာ တိုးပေးဖို့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ ဖမ်းဆီးခံ အလုပ်သမား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အလုပ်သမားအခွင့်အရေး အချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ မေဒေးနေ့မှာ တောင်းဆိုထားပါတယ်။ DVB

ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၃၀ ရက်နေ့ ည ၉ နာရီခွဲတွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗျတ္တညီနောင်တပ်ဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲမှာ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ ရန်သူဘက်က စက်ကလေး၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိပါတယ်၊ စစ်ကောင်စီတပ် တပ်စွဲ နေတဲ့ နေရာတွေကို ထိမိအောင် ပစ်ခတ်နိုင်ခဲ့ပေမယ့် ထိခိုက်မှုအခြေနေကိုတော့ အတည်ပြုလို့ မရသေး ဘူး” ဟု ဗျတ္တညီနောင်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းတပ်ရင်း အမှတ်(၃)၊ ဗျတ္တညီနောင်၊ CRA၊ ဗိုလ်ထွန်းတောက်၊ ချင်းတွင်းမြေ တပ်ခွဲ(MPDF) နှင့် နဂါးညီနောင် တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာ-ယာကြီးလမ်းဘေးရှိ ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေး ထားသော ပျူစောထီးများ ပူးပေါင်းပြီးတပ်စွဲနေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။

စစ်ကောင်စီတပ်၏ တပ်စွဲမှုကြောင့် ကျေးရွာအတွင်းက ထွက်ပြေးလာသည့် စစ်ရှောင် ဦးရေ ၁,၀၀၀ ခန့် စားဝတ်နေရေး အခက်အခဲနှင့် သောက် ရေသုံးရေ ရှားပါးသည့် အခြေအနေများကို ရင်ဆိုင်နေရကြောင်း သိရသည်။ mizzima

၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၆၆၀ ကျော်ဖြစ်၊ အရပ်သား ၃၂၀ ခန့် သတ်ဖြတ်ခံရ

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီ (ကယား) ပြည်နယ်ထဲမှာ  တိုက်ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူအယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင် အားစု (PKPF) က ထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ ရက် မနေ့ကအထိ ကရင်နီပြည်နယ်တွင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှုကတော့ ၃၆၃ ကြိမ်ထိရှိခဲ့ပြီး ပျက်စီးသွားတဲ့နေအိမ် ၁,၄၉၇ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၃၄ လုံး ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ မတရား ဖမ်းဆီးခံထားရသူအရေအ တွက်ကတော့ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၉၅ ယောက် သေဆုံးကာ စစ်ကောင်စီယာဉ် ၆၁ စီး ပျက်စီးသွားခဲ့သလို KNDF ၊ ပြည်သူ့ ကာကွယ် ရေးတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂၅၉ ယောက် ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက် ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သ ပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရ တာ ဖြစ်ပါတယ်။

ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာ ပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်) က ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက် ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ DVB

ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်၊ ဆန် ၁ အိတ်ကျပ် ၆၅၀၀၀ နှုန်းဖြင့် လှူဒါန်းနိုင်

ကရင်နီ(ကယား)ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်ချက် ရှိနေတာကြောင့် ဆန် ၁ အိတ်ကို ငွေကျပ် ၆၅၀၀၀ နှုန်းနဲ့ ပါဝင်လှူဒါန်းနိုင်ကြဖို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ဖိတ်ခေါ်ထားပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက် ပွဲအကြိမ်ရေ ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူအယောက် ၃၂၀ နီးပါးနဲ့ စစ်ဘေးရှောင် သေဆုံးသူ ၁၃၄ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အ ကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာ ပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ် (ကရင်နီပြည် နယ်) က ကျေးရွာ ၈၉ ခုကနေ အိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

လတ်တလောမှာတော့ ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေ၊ သောက်ရေသုံးရေ လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူတွေများစွာရှိနေတာကြောင့် တတ်နိုင်သလောက် နီးစပ်ရာ ဝိုင်းကူပေးကြဖို့လည်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က မေတ္တာရပ်ခံထားပါတယ်။

ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်ကာ အဲဒီအထဲကမှ လူဦးရေ ၁ သန်းခွဲ နီးပါးဟာ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ DVB

« Older Entries