Monthly Archives: May 2023

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ဧပြီလ ၃၀ ရက်နေ့က လည်ကြီး၊ သုံးလင့်၊ ရွာမ ကျေးရွာများကို ဝင်ရောက် စီးနင်းခဲ့သည့် စစ်တပ် စစ်ကြောင်းကို အုန်းတောဘက် မှ ထွက်လာသော သံပြားကာ ဂျန်ဘာကား ၂ စီးနှင့် Express ကား ၁ စီးတို့ဖြင့် တင်ဆောင်လာခဲ့ပြီး မုံရွာဘက်သို့ ထွက်ခွာစဥ် မုံရွာ-မန္တလေး လမ်းပိုင်း၌ Black Eagle Defence Force-MMU အဖွဲ့နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နံနက်အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်တွင် အုန်းတောမှ ထွက်လာသည့် ယင်း ကား ၃ စီးထဲမှ သံပြားကာ ဂျန်ဘာကား ၁ စီးနှင့် Express ကားတို့ကို အလ္လကပ္ပရွာ နှင့် ဘိုးမင်းကြီးကင်းရွာ အကြားတွင် ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခဲ့ပြီး ကား ၂ စီးလုံးကို ထိမှန်ခဲ့ကြောင်း သိရသည်။

နံနက် အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါ ယာဥ်တန်းထဲမှ သံပြားကာ ဂျန်ဘာကား ၂ စီးကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာ အကြားတွင် ပဒေသာ မိုင်း ၉ လုံး တို့ဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီးလုံး ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အသေအပျောက်စာရင်းက မသိရဘူး။ ကားတစ်စီးကတော့ ဘိုးမင်းကြီးကင်း အနောက်ဘက် ခွဲ​ပြီးနောက်မှာ ဂွေးပင်တောရွာဘက်ထိ ကားချင်း ဆွဲခေါ်သွားရတယ်။ မှန်ကွဲစတွေ၊ သွေးစတွေတော့ မိုင်းခွဲတဲ့နေရာမှာတွေခဲ့ရတယ်” ဟု Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး Chaung U People’s Defense Force-CHU PDF၊ မြင်းမူမြို့နယ် ပ.က.ဖ၊ People’s Defence Force Myinmu-MMU PDF၊ စစ်ကိုင်းခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂) စသည့် မဟာမိတ်(၅)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အ ပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၆၀ ကျော်ထိ မြင့်တက်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၆၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၈၇၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မေ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၉၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၀၈၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကဆုန်လပြည့် မနေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား ၂,၁၅၃ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) နဲ့ လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး အေအေပီပီအနေနဲ့ ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ ၁,၂၇၇ ယောက်ကို အတည်ပြုနိုင်ခဲ့ပြီး ၁၆၆ ယောက်ကိုသာ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက် ညနေပိုင်းက ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ထဲက လှည်းလမ်းကူးကျေးရွာ၊ သရက်တန်းကျေးရွာ၊ ကျွဲလမ်းကျေးရွာနဲ့ ဘုမ္မ တီး ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျွဲလမ်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ မစုလှိုင်အေးကို ကျည်စထိမှန်ကာ ဦးခေါင်းနဲ့ လက်ပြတ်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လှည်းလမ်းကူးကျေးရွာက တိုက်နယ်ဆေးရုံလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်က ညောင်ခါးရှည်ရဲစခန်းကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း-၃၇၀၁ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၇၊ ၂၈ ရက်နဲ့ မေ ၁ ရက်နေ့တွေမှာ အကြမ်းဖက်စစ်အုပ်စုတပ်က ဝေါမြို့နယ်က ညောင်ခါးရှည်ကျေးရွာ၊ ချောင်းကျိုးကျေးရွာ၊ ဝင်းကဒတ်ကျေးရွာနဲ့ ဖိုးစပါယ်ကျေးရွာက ဒေသခံ ၃ဝ ကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ ဝေါမြို့နယ်ရဲစခန်းနဲ့ ဘုရားကြီးမြို့က စစ်ကြောရေးစခန်းမှာ စစ်ဆေးနေတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ရေစကြိုတွင် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မေလ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်လောက်နဲ့ မေလ ၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာလို့ လက်ဆည်ကန်၊ အညာတော၊ သံပြာချောင်း၊ စိုင်သေ၊ စလင်းကုန်း၊ ဆတ်သွား၊ ထနောင်းခလ ကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စိုင်သေကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အညာတောကျေးရွာကိုတော့ တအိမ်တက် တအိမ်ဆင်း မွှေနှောက်ကာ လမ်းမှာတွေ့တဲ့ ဆိတ်တွေကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ကာ ချက်ပြုတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။

“သူတို့တွေ စစ်ကြောင်းဝင်လာတော့ တပိုင်တနိုင်လေးတွေဆွဲပြီး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ကာ သစ်ပင်အရိပ်တွေ နွားလှည်းအောက်တွေမှာ ဖြစ်သလို နေနေကြရတယ်။ လက်ရှိအခြေအနေမှာတော့ အိမ်ကပါလာတဲ့ စားနပ်ရိက္ခာတွေကို ဝေငှစားသောက်နေကြရပြီး စားနပ်ရိက္ခာ၊ အဝတ်ထည်၊ စောင်၊ ခြင်ထောင်၊ မိုးကာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။”

ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။ DVB

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်တွင် NUG နှင့်ပတ်သက်ပြီး ပြောဆိုသွားခြင်း မရှိ

တရုတ်အစိုးရအနေဖြင့် တရားဝင်အစိုးရများနှင့်သာဆက်ဆံပြီး NUG နှင့် ဘယ်သောအခါမှ ဆက်ဆံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမှပြောကြားခဲ့သည်ဆိုသော သတင်းမှား ပျံ့နှံ့နေ သည်။

“Ko Thet” အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးပုံနောက်ခံဖြင့် “NUG နဲ့ မတွေ့လို့ စိတ်မကောင်းဖြစ်စရာမလိုကြောင်း.. မိမိတို့ တရုတ်အစိုးရသည် တရားဝင်အစိုးရများနှင့်သာ ဆက်ဆံကြောင်း၊ UG အဖွဲ့နှင့် ဘယ်သောအခါမှ တွေ့ဆုံဆက်ဆံလိမ့်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက Xinhua သတင်းတွင် အတိအလင်းဖော်ပြ” ဟု ရေးသားထားသည့်ကို မေလ ၃ ရက် နေ့တွင် စတင်ဖြန့်ဝေထားသည်။

ထိုပုံကို တယ်လီဂရမ်ချန်နယ် ကိုးခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၄၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။ ထို့ပြင် Tiktok နှင့် Facebook တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာအား အချက်အလက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မြန်မာပြည်ခရီးစဉ်အတွင်း အဆိုပါဖော်ပြချက်နှင့်သက်ဆိုင်သည့် အသုံးအနှုန်းမျိုး ပြောဆိုခဲ့ ခြင်းမရှိကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်း ဆွေတို့နှင့် မေလ ၂ ရက်နေ့က တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် တရုတ်-မြန်မာချစ်ကြည်ရေးကို အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံအခြေ အနေတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးကို မျှော် လင့်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ထောက်ခံကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေး စီမံကိန်းများကို တိုးမြှင့်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအကြောင်းကို ဆင်ဟွာ သတင်းဌာနတွင် မြန်မာဘာသာဖြင့် မေလ ၃ ရက်နေ့တွင် ဖော်ပြထားသည်။

လင့် – t.ly/WgrHy

သတင်းတုတွင် ဖော်ပြသကဲ့သို့ NUG နှင့် မည်သည့်အခါမျှ တွေ့ဆုံဆက်ဆံမည်မဟုတ်ဆိုသည့်စကား အပြင် အခြား NUG နှင့်သက်ဆိုင်သည့် စကားအသုံးအနှုန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးမှပြောဆိုခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံမှုအား သတင်းဌာနအသီးသီးတွင်ဖော်ပြ ခဲ့ကြသော်လည်း သတင်းမှားတွင်ဆိုထားသကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းမှ NUG နှင့် တွေ့ ဆုံမည်/မတွေ့ဆုံလိုဟု ဖော်ပြထားခြင်းမရှိပေ။

လင့် – t.ly/sLy-8

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ မေလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေးအခြေ အနေ များကိုပြောဆိုခဲ့သော်လည်း တရုတ်နိုင်ငံအနေဖြင့် NUG နှင့် မတွေ့ဆုံရန် ပြောဆိုထားခြင်း မရှိပေ။ ထို အကြောင်းကို ဆင်ဟွာသတင်းဌာနတွင် မေလ ၂ ရက်နေ့က သတင်းဖော်ပြထားသည်။

လင့် – t.ly/seRX

စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာကလည်း မေလ ၃ ရက်နေ့တွင် စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းနှင့် တွေ့ဆုံသည့်အကြောင်းကို သတင်းဖော်ပြထားသည်။ ထိုထဲတွင် NUG နှင့်ပတ်သက်သည့် အကြောင်းအရာအား ဖော်ပြထားခြင်းမရှိပေ။

ပြီးခဲ့သော ဧပြီလအတွင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်စဉ် အာဏာသိမ်းစစ်ခေါင်း ဆောင်နှင့်တွေ့ဆုံခဲ့သည်။ ထိုစဉ်ကလည်း မစ္စတာဘန်ကီမွန်း ပြော ဆိုခဲ့ခြင်းမရှိသည့်စကားများကို လုပ်ကြံဖန်တီးက သတင်းမှားအဖြစ် ပျံ့နှံ့ခဲ့သေးသည်။ ထိုအကြောင်းကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ပြီးဖြစ်သည်။

လင့် – t.ly/ZYufN

ထို့ကြောင့် “NUG နဲ့မတွေ့လို့ စိတ်မကောင်းဖြစ်စရာမလိုကြောင်း.. မိမိတို့ တရုတ်အစိုးရသည် တရားဝင် အစိုးရများနှင့်သာဆက်ဆံကြောင်း၊ UG အဖွဲ့နှင့်ဘယ်သောအခါမှ တွေ့ဆုံဆက်ဆံလိမ့်မည်မဟုတ်” ဟူ သည့်စကားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းပြောဆိုခဲ့ခြင်းမရှိဘဲ စစ်ကောင်စီလော်ဘီများဖြန့်ဝေ သော သတင်းအမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

ရန်ကုန်တွင် ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၁၂၀,၀၀၀ အထိ မြင့်တက်

ရန်ကုန်မြို့မှာ ဆန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ အထိ မြင့်တက်နေတယ်လို့ ဆန်ရောင်းချသူတွေထံက သိရပါတယ်။

သင်္ကြန်မတိုင်ခင်ကတည်းက ဆန်ဈေးတွေ တောက်လျှောက်တက်နေတာဖြစ်ပြီး စပါးအထွက်နည်းတာနဲ့ စပါးအထွက်မရှိတော့တာကြောင့် ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့နယ်မှ ဆန်ရောင်းချသူတဦးက “၁၂၀,၀၀၀ လောက်ရှိတယ်။ ထိပ်စအရောဆိုရင်တော့ ၁၃၀,၀၀၀ လောက်အထိ ရှိမယ်။ ကျန်တဲ့ ဆန်အမျိုးအစားတွေလည်း တက်တယ်” လို့ ပြောပါတယ်။

ကျန်တဲ့ဆန်အမျိုးအစားတွေဖြစ်တဲ့ ဇီယာတအိတ်ကို ကျပ် ၆၀,၀၀၀၊ ဆင်းသွယ်တအိတ်ကို ကျပ် ၆၈,၀၀၀ မှ ၇၀,၀၀၀ ၊ပေါ်ဆန်းရိုးရိုးတအိတ် ကို ကျပ် ၈၀,၀၀၀၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်း ထူးထူးရှယ်တအိတ်ကို ကျပ် ၉၀,၀၀၀ ကျော်၊ ဆန်ကြမ်းတအိတ်ကို ကျပ် ၅၀,၀၀၀ လောက်အထိ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

အဆိုပါ ဆန်ဈေးနှုန်းတွေဟာ ဈေးဆက်တက်နိုင်ပြီး စပါးဈေးနှုန်းတွေက တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိ ရှိနေတဲ့အတွက် သယ်ယူစရိတ်၊ ထုတ်လုပ်မှုစရိတ်တွေနဲ့ပေါင်းရင် လက်ရှိဆန်ဈေးနှုန်းတွေ ကျမှာမဟုတ်သေးဘူးလို့ ဆန်ရောင်းသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးကစားတာတွေ မလုပ်ဖို့နဲ့ သိရင် အရေးယူမယ်လို့ ကြေညာခဲ့ပေမဲ့ ဆန်ဈေးတက်တာတွေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ၃ ရက်အတွင်း ရွာ ၅ ရွာမီးရိူ့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် သုံးရက်အတွင်း ရွာ ငါး ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ သုံးရက်အတွင်း ဇီးကုန်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်နှင့် မလည်တိုက်နယ်တို့မှ ကျေးရွာ ငါး ရွာကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ခြင်းဖြစ်သည်။

” သရက်ခေါင်း၊ တရော်ကိုင်း၊ ငါးရာနဲ၊ သောက္ကန်၊ ဖိုလ်ကုန်းစတဲ့ရွာငါးရွာကို စစ်ကောင်စီတပ်က ရိူ့သွားတာပါ။ ခြေမြန်တပ်ရင်း(၃၆၈)၊ ခြေမြန် တပ်ရင်(၃၆၁) စတဲ့တပ်တွေက ဝင်ရောက်မီးရိူ့ခဲ့ တာပါ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကဆိုသည်။

ဧပြီ (၂၉) ရက်နေ့ ညနေ တွင် ထန်းကုန်းတိုက်နယ် သရက်ခေါင်းရွာအား စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၈) နှင့် ပျူစုပေါင်းအင်အား ၁၀၀ ခန့်က အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ စာသင်ဆောင်နှစ်ဆောင် မီးလောင်ပျက်ဆီးခဲ့သည်။

ထိုနေ့တွင်ပင် မလည်တိုက်နယ်အတွင်းရှိ တရော်ကိုင်းရွာအား စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၁ ) အင်အား ၇၀ ကျော်မှ အ ကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင် နေအိမ် သုံးလုံးနှင့် ကန်ကြီးတောထဲတိုက်မှ စစ်ရှောင်တဲ ၁၅ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့တွင် သရက်ခေါင်းမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(မြောက်)ရွာအား ပစ် ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၄၆ လုံး ထိမီးလောင်ပျက်ဆီးခဲ့သည်။

၎င်းနည်းတူ တရော်ကိုင်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဇီးကုန်းတိုက်နယ်အတွင်းရှိ သောက္ကန်ရွာအား ဧပြီ ၃၀ ရက်နေ့တွင် ဒုတိ ယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စာသင်ဆောင် နှစ်ဆောင် မီးလောင်ပျက်ဆီးခဲ့သည်။

မေလ ၁ ရက်နေ့တွင် ဖိုလ်ကုန်းရွာအား ထပ်မံ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၃၁ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရသည်။

ကန့်ဘလူခရိုင်၌ သုံးရက်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းနှစ်ကြောင်း၏ အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းကြောင့် တိုက်နယ်သုံးခုအတွင်းရှိ ကျေးရွာ ငါး ရွာမှ အပြစ်မဲ့ပြည်သူပိုင်နေအိမ် အလုံး (၈၀) အပြင် စစ်ရှောင်တဲတိုက် (၁၅) လုံး နှင့် စာသင်ဆောင် လေးခုအထိ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှထုတ်ပြန်ထားသည်။ mizzima

မေ ၃ တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဟု NUG ပြော

မေ ၃ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက် တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီစခန်းကို PDF တို့က တာဝေးပစ်လက် နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကိုင်းမြို့နယ်မှာလည်း စစ်ကောင်စီရဲနဲ့ ပျူစခန်းကို PDF တပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသလို နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီ ရဲကင်းဂိတ်ကို PDF တို့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ကြပြီး ပြည်ကြီးတံခွန်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်း ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

တိုင်းနှင့် ပြည်နယ်များတွင် ၁ လအတွင်း နေ အိမ်အလုံးပေါင်း ၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

မြန်မာနိုင်ငံ၊ တိုင်းနှင့် ပြည်နယ်များတွင် ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်း စစ်ကောင်စီကနေအိမ်အလုံးပေါင်း ၄,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ မီးသတ်ဦးစီးဌာနက မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် မီးရှို့ခံခဲ့ရမှုများကို ဖော်ပြထားပြီး စစ်ကိုင်းတိုင်းတွင် နေအိမ်အလုံးပေါင်း ၂,၄၇၇ လုံးဖျက်ဆီးခံရပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG၊ မီးသတ်ဦးစီးဌာနက ဆိုသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းတွင် လူ ၁၀ ဦးနှင့် မကွေးတိုင်းတွင် လူ တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဆေးရုံ တစ်ရုံနှင့် စာသင်ကျောင်း လေးကျောင်းလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဧပြီလနောက်ဆုံးအပတ် တစ်ပတ်အတွင်း တပင်ကောင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် မြို့သစ်ကျေးရွာစသည့် ရွာသုံးရွာကို မီးရှို့သွားကြောင်း Khin Oo Support Organization (KSO) အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်က ပြောသည်။

“အဲ့ဒီသုံးရွာ မီးရှို့သွားတဲ့အထဲမှာ မြို့သစ်ကျေးရွာကတော့ အိမ်ခြေ ၄၀၀ ကျော်လောက် တစ်ရွာလုံးကျွတ်သွားတာပေါ့။ အများဆုံးပါသွားတယ်။ ကျွဲတွေ နွားတွေအကုန်လုံးလောင်တယ်။ ကျေးရွာကတော့ အကုန်လုံးကို ပြာကျသွားတယ်” ဟု ဆိုသည်။

NUG မီးသတ်ဦးစီးဌာနက ယခုထုတ်ပြန်သည့် အချက်အလက်များမှာ လွတ်လပ်သော သတင်းမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့် မြေပြင်ရှိပြည်သူလူထုမှ ပေးပို့သော သတင်းအချက်အလက်များကို စိစစ်ဖော်ပြခြင်းဖြစ်ပြီး မြေပြင်တွင် စစ်ကောင်စီ၏ ကျူးလွန်မှုများမှာ ပိုမိုများပြားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၆၀,၄၅၉ လုံးပျက်စီးခဲ့ကြောင်း Data for Myanmarက မတ်လအတွင်းက ထုတ်ပြန်ထားသည်။ mizzima

« Older Entries