ရွှေရေကြည် သပိတ် စစ်ကြောင်းက စစ်အာ ဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ




khit thit
khit thit
စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ မေလ ၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း အရာတော်ပို့စ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူးဗျ၊ မနက် ၈နာရီခွဲမှာ အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သား(စစ်ကောင်စီတပ်သား) ၆၀ ခန့်က ဝက်ခဲကျေးရွာဘက်လမ်းကနေ ကြွေပုဂံကျေးရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ပြီးနောက် မနက် ၉ နာရီမှာ ရွာကို စတင်မီးရှို့ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ကြွေပုဂံကျေးရွာအား စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ကြွေပုဂံကျေးရွာ နှင့် ဒုံဒစ်ကျေးရွာတို့မှ ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ကြွေပုဂံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ယနေ့ နံနက် ၁၀နာရီခန့်တွင် ကြွေပုဂံရွာ၏ အနောက်ဖက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ၊ ၎င်းတို့အနေဖြင့် မီးလောင်ပျက်စီးသွားသည့် အိမ်အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း အရာတော်ပို့စ်မှ တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က ကြွေပုဂံကျေးရွာအား မီးရှို့ဖျက်ဆီးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည် မတ်လ ၂၉ ရက်နေ့က ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ နေအိမ် ၂၉ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ mizzima
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ၏ မိစ္ဆာဒိဌိ အတွေး အခေါ်ကို အမြစ်ဖြတ်နိုင်မှသာလျှင် မြန် မာ နိုင်ငံ၏ တည်ငြိမ် ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးတိုးတက် မှုရမည်ဖြစ်ကြောင်း နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုလိုက်သည်။
PDF ရဲဘော်များသို့ ပုံမှန် ပေးပို့နေသည့် အပတ်စဉ် ရေဒီယို မိန့်ခွန်အစီအစဉ်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယနေ့သည် PDF တပ်မတော်ဖွဲ့စည်းမှု ၂ နှစ်ပြည့်သည့် သမိုင်း နေ့တစ်နေ့လည်းဖြစ်သည်။
“အိမ်နီးချင်းတွေ အပါဝင် နိုင်ငံတကာက မြန်မာ့အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုလားနေကြတယ်ဆိုတာ ရဲဘော်တို့လည်း သတိပြုမိလိမ့်မယ်။ မြန်မာပြည်သူတွေဟာ ပုဂ္ဂိုလ်ရေး မုန်း လို့၊ မကျေနပ်လို့၊ ဒေါသကြောင့်၊ အာဃာတကြောင့် လက် နက်စွဲကိုင်ပြီး ထချနေတာမဟုတ်ဘူး ၊ ဒီနိုင်ငံကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ ဖက်စစ်စစ်တပ် အမြစ်ပြတ်မှ အေးမယ်ဆိုတဲ့ ဘဝပေးအသိကြောင့် အသက်တွေဘဝတွေရင်းပြီး တွန်းလှန်တိုက်ပွဲ ဝင်နေကြတာဖြစ်တယ်။ စစ်တပ်ကသာလျှင် နိုင်ငံကိုအစဉ်သဖြင့် ဗိုလ်ကျလွှမ်းမိုးရမယ်ဆိုတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ခေါင်းထဲက မိစ္ဆာဒိဌိ အတွေးအခေါ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာပြည်ဟာ ရေရှည် တည်တံ့တဲ့ တည်ငြိမ် ငြိမ်း ချမ်းမှုနဲ့ဖွံဖြိုးတိုးတက် မှုရလိမ့်ဆိုတာ နိုင်ငံတကာသိစေ လိုတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် တပ်မတော်တစ်ခုအဖြစ် အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီး ပီပြင်အောင် တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် ဗိုလ် ကျ လွှမ်းမိုးခဲ့သည့် စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်ရန် လက်နက်ကိုင် ခုခံ တွန်းလှန်စစ်ကို နောက်ဆုံး နည်းလမ်း အဖြစ် ရွေးချယ်ခဲ့ကြပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။
“အချိန်နှစ်နှစ်အတွင်း အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီး တပ်မတော်တခု ပီပြင်အောင် ကိုယ်တိုင်ပါဝင် တည်ဆောက်ခဲ့ကြတဲ့ ရဲဘော်တယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်သလို ဂုဏ်လည်း ယူတယ်။ နိုင်ငံ အပေါ် နှစ်ပေါင်း (၆၀) ကျော် ဗိုလ်ကျ လွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ် ဖြတ်ဖို့ လူငယ်တွေဟာ လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို နောက်ဆုံးနည်းလမ်းအဖြစ်ရွေးချယ်ခဲ့ကြတယ်။ လူစိတ် ပျောက်နေတဲ့အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်ကိုင်စွဲပြီး တွန်းလှန်ဖို့ တော်လှန်ရေးအစုအဖွဲ့ တွေကို အနယ်နယ် အရပ်ရပ်မှာ ထူထောင်ခဲ့ကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆိုရင် တော်လှန်ရေးကိုထိထိရောက်ရောက် ဆင်နွှဲဖို့ တော်လှန်ရေးအလွန်မှာ ထူထောင်ရမဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေး အမြူတေဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတဝန်းက တော်လှန်ရေးအစုဖွဲ့တွေကိုစုစည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမည်ဖြင့် တပ်မတော်သစ် ထူထောင်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖြစ်ပေါ်လာရေးတွင် ပြည်သူလူထု၏ ကျေးဇူးတရားကြီးမားပြီး လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်မကျင့်ရန်လည်း လိုအပ်ကြောင်း ၎င်းက သတိပေးသည်။
“ပြည်သူလူထုရဲ့ ထောက်ခံပါဝင်မှုသာမရှိဘူးဆိုရင် တပ်မတော် တစ်ခုထူထောင်ဖို့ဆိုတာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ တို့တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ကျေးဇူးအထူးကြီးမားတယ်ဆိုတာ ငါတို့မမေ့မလျော့ရှိဖို့လိုတယ်။
ငါတို့လက်မှာ ဘာကြောင့် သေနတ်ကိုင်ထားသလဲ။ မြန်မာတိုင်းရင်သားပြည်သူအားလုံး စစ်ကျွန်ဘဝက အပြီးတိုင်လွှတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ဖြစ်တယ်။ ဒီနိုင်ငံရေးအသိကို ရဲဘော်တို့ အားလုံး နေ့စဉ်နဲ့အမျှနှလုံးသွင်းနေဖို့ လိုတယ်။ လက်နက် ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်တယ်၊ ဗိုလ်ကျတယ်ဆိုတာအင်မတန် စက်ဆုပ်စရာကောင်းတဲ့အမူအကျင့်ပဲ ဖြစ်တယ်။ ဒီအချက်ကို ရဲဘော်တို့ အထူးသတိပြုဆင်ခြင်ရမှာ ဖြစ်တယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောဆိုသည်။
နွေဦး တော်လှန်ရေးသည် အရှိန်တက်လာသည်နှင့်အမျှ အဖျက်အမှောင့် စကားလုံးများကို ကြားရမည်ဖြစ်ကြောင်း၊ မြေပြင်တွင် လက်နက် ကိုင်အစုအဖွဲ့များ ကွဲပြားပြီး NUG က ဒီအခြေအနေကို မထိန်းနိုင် မသိမ်းနိုင်ဟု လည်း ကောင်း၊ တော်လှန်ရေးရေစုန်မျောပါပြီဟုလည်း ကောင်း တော်လှန်ရေးကိုပုံဖျက်သည့် အဖျက်အမှောင့်စကားများ ကြားရကြောင်း၊ ယင်းသို့ ပြောဆိုမှုများကို သတိထားရမည်ဟု ၎င်းက ပြောသည်။
“ဒီအချိန်မှာအရေးကြီးဆုံးက ငါတို့တော်လှန်ရေးအင်အားစုအာလုံး စိတ်ရောကိုယ်ပါ ညီညွတ်ကြောင်း ပြည်သူသိအောင် သက်သေပြဖို့ပဲဖြစ်တယ်။ အထူးသတိချပ်ရမှာက ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်း ကိုယ့်တော်လှန်ရေးအဖွဲ့အချင်းချင်း ကြားမှာ ပြသနာတစ်စုံတရာရှိခဲ့ရင် ဒီပြသနာကို တော်လှန်ရေးအကျိုးရှေးရှုပြီး စိတ်ရှည်လက်ရှည် ဖြေရှင်းဖို့လိုတယ်။ အထက်တာဝန်ရှိသူတွေကိုလည်း အသိပေးတင်ပြဖို့ လိုတယ်။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းတာ အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ် ကြဖို့သတိပေးလိုတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။
စစ်ကောင်စီက မြေပြင်တွင် PDF တပ်များကို မယှဉ်နိုင်တော့သည့်အတွက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများ၊ အရပ်သား၊ PDF မခွဲခြားတော့ဘဲ ခေါင်းဖြတ်သတ်ခြင်း၊ အရှင်လတ်လတ် မျက်လုံးဖောက်ထုတ်သတ်ခြင်း၊ ယောင်္ကျားအင်္ဂါဖြတ်သတ်ခြင်း၊ အိမ်ထဲထည့်၍ အရှင်လတ်လတ် အစုလိုက်အပြုံလိုက် မီးရှို့သတ်ခြင်းများကို ကျူးလွန်နေကြောင်း၊ ထိုသို့ ကျူးလွန်မှုများကြောင့် နောက်တွန့်သွားစရာ အကြောင်းမရှိဘဲ တော်လှန်ရေး အောင်မြင်ရေး ပိုမိုခိုင်မာစေရန် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။
“အညာမှာဆိုရင် နှစ်ပေါင်းရာချီခဲ့တဲ့ သမိုင်းဝင်ရွာကြီးအမြောက်အမြား မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်။ ဒါဟာပြည်သူ့အိုးအိမ် ဥစ္စာ ကိုဖျက်ဆီးတာသာမက ကိုယ့်နိုင်ငံရဲ့သမိုင်း ကိုယ့်အမျိုးသား ယဉ်ကျေးမှု ကိုပါ ဖျက်ဆီးနေတာဖြစ်တယ်။ သရဲဘောကြောင်တဲ့စစ်ကောင်စီဟာ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့စစ်ရာဇဝတ်မှုတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်နေပြီလို့ပဲ ဆိုရမယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တော့ ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိ ၊ တော်လှန်ရေး မအောင်လို့မဖြစ် ၊ ရာဇဝတ်ကောင်တွေကို တရားစီရင်နိုင်ဖို့ တော်လှန်ရေးအောင်မှ ဖြစ်မယ်ဆိုတဲ့ သံန္နိဌာန်ကို ပိုပြီးခိုင်မာစေဖို့ပဲရှိလိမ့်မယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် People’s Defense Force-PDF ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit
ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တပ်ရင်း ၁၁ ရဲ့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် အရပ်သားတဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF က မေလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း ၁၁ က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တခြားတာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက် မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးကတော့ “သူတို့နဲ့ သွားတွေ့တာကလည်း အားလုံးအဆင်ပြေပြေပဲ၊ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကလည်း ကျနော်တို့နဲ့ အရင်ကတည်းက ရင်းနှီးပြီးသား လူတွေ၊ ဘာလို့အခုလိုပစ်လဲဆိုတာကိုတောင် ကျနော်တို့ မသိရသေးဘူး” လို့ ပြောပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဟာ KNLA တပ်ရင်း ၁၁ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အပြန် ဧပြီလ ၃၀ ရက် မနက် ၇ နာရီလောက်မှာ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မိုင်တိုင် ၂၃ အနီး ပထမအကြိမ် ပစ်ခတ်ခံခဲ့ရပြီး တပ်ခွဲမှူးနဲ့ တပ်သားတဦးသေဆုံးခဲ့တဲ့အပြင် ဆုံလည်သေနတ်တလက်၊ M 16 သေနတ်တလက်နဲ့ လက်ပစ်ဗုံးတချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
“စပစ်ခံရတာနဲ့ တပ်ရင်း ၁၁ ကို ကျနော်တို့ ဆက်သွယ်နေကျ ဆက်သွယ်ရေးလိုင်းတွေကနေ ဆက်သွယ်တာ လုံးဝမရဘူး၊ အလောင်းလည်း တလောင်းမှ ကျနော်တို့ ပြန်မသယ်ခဲ့နိုင်ဘူး” လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
အဲဒီနေ့ မနက်မှာပဲ နိုင်တမော့ချမ်း ဦးဆောင်တဲ့ တပ်ဖွဲ့ကို လက်နက်လာပို့တဲ့ အခြားတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာရွာအနီး KNLA တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တွေက တားဆီးပြီး M 16 သေနတ်နှစ်လက်၊ HK 16 သေနတ်နှစ်လက်နဲ့ Shot Gun ခေါက်ချိုးသေနတ်နှစ်လက်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပြီး လွတ်မြောက်လာတဲ့တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၉ ဦး ပြည်ကြိီးမဏ္ဍိုင်မြို့အနီး နေ့လယ် ၁၂ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံရလို့ အရပ်သားယာဥ်မောင်းတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တဲ့အပြင် AK 47 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
“ဆုံးသွားတဲ့ အရပ်သားယာဥ်မောင်းကတော့ အစည်းအဝေးပြီး ပြန်ကြလို့ ကားနဲ့လိုက်ပို့ဖို့ ငှားလာတဲ့သူပါ”
အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ စစ်ရုံးကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။
မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
“ကျနော်တို့ကတော့ ဒါတွေကို အခြေခံပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် အထူးဂရုစိုက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ KNU ဗဟိုက လူကြီးတွေကိုလည်း ဆက်သွယ်ပြီး သေချာစကားပြောဖို့ ကြိုးစားနေပါတယ်”
ဒုတိယအကြိမ် ပစ်ခတ်ခံရပြီးနောက် တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီး တာဝန်ခံ နိုင်တမော့ချမ်း အပါအဝင် ၄ ဦးနဲ့သာ အဆက်သွယ်ရသေးတယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မြေပြင်မှာ လိုက်ရှာနေတုန်းပဲ၊ အသက်ရှင်နေသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မပြောနိုင်သေးဘူး”
မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ KNU တာဝန်ရှိသူတွေအနေနဲ့ အခုလို ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မဟာ ၄ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ထုတ်ပြန်ထားပါတယ်။ DVB
မြဝတီမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီးဖြင့် ဒရုန်းတင်ပို့လိုက်သည်ကို စစ်ကောင်စီက သိရှိသွားသော်လည်း တော် လှန်ရေးအင်အားစုများကို ဖမ်းဆီးရန် အဆိုပါ ဒရုန်းအား မသိမ်းဆည်းဘဲ ရန်ကုန်ကားဂိတ်သို့ ဟန်မပျက် တင်ပို့ပေးလိုက်ကြောင်း ပဲခူးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
ယမန်နေ့ မေလ ၄ရက်ညနေက မြဝတီမြို့၊ စိမ်းလဲ့မြိုင်ကားဝင်းမှ တဆင့် ခရီးသည်တင်ကားတစ်စီးဖြင့် ရန်ကုန်သို့ ပို့ဆောင်မည့် ဒရုန်းကို စစ်ကောင်စီတပ်က စစ်ဆေးတွေ့ရှိသွားခြင်းဟု သိရသည်။
” ကျွန်တော့်တို့ဆီကို ဒီသတင်းဝင်လာပါတယ်။သတိထားဖို့ပါ” ဟု ပဲခူးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက သတိပေးသည်။
” ပစ္စည်းကိုဖွင့်စစ်တော့ သိသွားပြီး ကားသမားကိုမေးတယ်။ ကားသမားကသူမသိတော့ မသိဘူးပြောလိုက်တယ်။ ကားသမားကိုတော့ ပြန်လွှတ် ပေးလိုက်ပြီး ပစ္စည်းကိုထောင်ဖမ်းဖို့တင်ပေးလိုက်တာပါ။ ဘယ်အဖွဲ့ရဲ့ပစ္စည်းမှန်းမသိဘူး။ အမြန်ရှောင်နိုင်အောင် သတင်းပေးတာပါ” ဟု အမည်မဖော်လိုသူ တော်လှန်ရေးအင်အားစုဝင်သတင်းအရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဒရုန်းတင်ပို့မှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။ စိမ်းလဲ့မြိုင်ကားဝန်းအတွင်းမှ မြဝတီ-ရန်ကုန် ပြေးဆွဲသည့် ကားဂိတ်အချို့ကြိ ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ဖြေကြားသည်။ယနေ့ မေလ ၅ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အောင်မင်္ဂလာကားဝန်းအတွင်း၌ စစ်ကောင်စီတပ်သား အင်အားအများအပြားရောက်ရှိနေသည်ကို တွေ့ရကြောင်းကားဝန်းအတွင်းနေသူအချို့ထံမှ သိရသည်။
“အရင်ကလည်း အဲ့ဒီလိုထောင်ဖမ်းတာကြောင့် အဖမ်းခံရတာတွေရှိခဲ့ပါတယ်။ ရန်ကုန်မှာပဲ။ပစ္စည်းသွားယူရင်းမိတာပါ။ အခုက ဘယ်အဖွဲ့ပစ္စည်းမှန်းမသိသေးဘူး။ သတိထားကြစေလိုပါတယ်” ဟု ပဲခူးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ mizzima
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာအကြားတွင် အကြမ်းဖက် စစ်ကား ၁ စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၄ ရက် နေ့လည် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာ တွင် အကြမ်းဖက်စစ်ကား တစ်စီးကို မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး အကြမ်းဖက်စစ်သား ၁၂ ဦးနှင့် ရိက္ခာများ တင်လာသည့် ၁၂ ဘီးကားတစ်စီးကို ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာကြားတွင် ရှေ့ထွက်မိုင်း ၄ လုံ ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ စစ်သားများကို ကမ္မမြို့ပေါ်တွင် ထားရှိကာ ၎င်းကားမှာ ပခုက္ကူမြို့သို့ လှည့်မောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို Black Cobra တပ်ဖွဲ့နှင့် မြိုင်ပကဖ တပ်ရင်း ၁ တပ်စိပ် ၁ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာ၊ ရွာလယ် သင်္ဘော ဆိပ်ခံတံတားရှိ ကင်း စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ် ကြီး အေးမြင့်သေဆုံးပြီး သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဟင်္သာတခရိုင် PDF ထံမှ သိရ သည်။
ယမန်နေ့ မေလ ၄ ရက် ည ၈ နာရီခွဲခန့်က အဆိုပါ အကြမ်းဖက်စစ်တပ် ကင်းစခန်းအား နန်းထိုက် အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ကင်းစောင့်နေသော တပ်ကြပ်ကြီးအေးမြင့်မှာ သေ ဆုံးသွားပြီး MA 3 သေနတ် ၁ လက်၊ ကျည် ၁၄ တောင့်နှင့် ဖုန်းတစ်လုံးကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ကင်းစခန်းမှ အကြမ်းဖက်စစ်သားများသည် လာသမျှ စက်လှေသမားများကို ငွေးတောင်းခံခြင်း၊ လိုင်းကြေးမပေးပါက ရိုက်နှက်ခြင်း၊ ငွေကြေးအတိုးပေးသူများနှင့်ပေါင်းပြီး ပြည်သူလူထုအပေါ် နည်း မျို စုံ ဒုက္ခပေးနှိပ်စက်ခြင်းပုလုပ်လျက်ရှိသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟင်္သာတခရိုင် PDF က ထုတ်ပြန်ထား သည်။ khit thit
မြန်မာနိုင်ငံမှာ ခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်တွေ့ရှိလာခဲ့ပြီး နောက် ပြီးခဲ့တဲ့ တရက်တည်းမှာတင် ကူးစက်မှုအသစ် အယောက် ၂၀၀ နီးပါး စံချိန်တင် ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မေ ၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၈၃၉ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၁၉၅ ယောက် တွေ့ရှိရတာကြောင့် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူကတော့ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၂ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၅,၄၅၂ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၉၉၈ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်း များလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားထားပါတယ်။
ညွှန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလကစတင်ကာ ကိုဗစ်ကူးစက်သူ များပြားလာတဲ့အတွက် ဆေးရုံတွေ အသင့်ပြင်ထားဖို့ ပါရှိနေတာ ဖြစ်ပါတယ်။
NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
အရှေ့တောင်အာရှဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၆ ဆလောက် မြင့်တက်လာပြီး မြန်မာမှာလည်း ခုရက်ပိုင်းတွေအတွင်း ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် တွေ့လာရတာမို့ ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ DVB
khit thit
ကချင်ပြည်နယ်၊ ရွှေကူမြို့၏ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိသည့် ရေလဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၄ ရက်နေ့ညတွင် မီးရှို့ခဲ့ကြောင်းမြို့ခံတစ်ချို့က ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလကုန်ခန့်ကစပြီး ဆင်တပ်ကျေးရွာ၊ရေလဲကျေးရွာစသည့် ရွှေကူမြို့တစ်ဖက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ခြင်းများပြုလုပ်နေကြောင်း သိရသည်။
“ရေလဲရွာကို မနေ့ညက မီးရှို့တာ အဝေးကတွေ့ရတယ်၊ ဒီမနက်သတင်းအရတော့ အိမ်ခြေ ၂၀ လောက်ပါသွားတယ်ပြောတယ်၊ အသေးစိတ်မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေလဲရွာနှင့် ဆင်တပ်ကျေးရွာများသည် စစ်ကောင်စီတပ်က မကြာခဏလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခံရသည့် ကျေးရွာများဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်လဘာလကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများက ပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးပြီး ရွာခံအများစု ထွက်ပြေးခဲ့ရသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ စီသာ၊ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီမူလေး စသည့်ကျေး ရွာများအား စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
၎င်းနောက် စစ်ကောင်စီတပ်များသည် ရွှေကူမြို့ပေါ်တွင် တပ်စွဲခဲ့ပြီး ရွှေကူမြို့တစ်ဖက်ကမ်းကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ် ကြောင်း သိရသည်။
ရွှေကူမြို့နယ်မှာရှိသည့် မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီးစသည့် ကျေးရွာ ၁၂ ရွာက အိမ်ခြေ ၁,၀၀၀ နီးပါးကို စစ်ကောင်စီတပ်များမှ ၁၉ ရက်ကြာ စစ်ကြောင်းထိုးအပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေကူ KPDF ကပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ထားသည်။
ရွှေကူမြို့၊စီသာတိုက်နယ်ကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့၊ ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့တို့မှာ စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှု လေးရက်ပြုလုပ်ခဲ့သောကြောင့် စီသာတိုက်နယ်၊ကျေးရွာ ၁၂ ရွာဝန်းကျင်က ဒေသခံထောင်ချီ လက်ရှိချိန်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။ mizzima
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၉၄၈ ဦးသေကာ ၁၇၆၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) မှ ယနေ့ မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်၏ ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာ နချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်များကို Drone၊ ရှော့တိုက်ဒုံးနှင့်တာဝေးပစ် Rocket များ အသုံးပြု၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန် ပထမ လေးလတာကာလအတွင်း တိုက်ခိုက်နိုင်ခဲ့ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလမှ ဧပြီလအတွင်း မြို့နယ်အလိုက် ဒရုန်းတိုက်ခိုက်မှု ၁၉၃ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၄၄ ကြိမ်၊ ၊ အရေးကြီးပစ်မှတ်တိုက်ခိုက်မှု ၂၆ ကြိမ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲအကြိမ်ရေများစွာ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူ ၃၉၄၈ ဦး သေကာ ၁၇၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုက်ခိုက်မှုများကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ခိုက်မှုများအတွင်း ပါဝင်ဆောက်ရွက်ခဲ့သည့် တပ်တွင်း သတင်းအရင်းအမြစ်များ၊ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်သားများနှင့်၊ မဟာမိတ်အဖွဲ့အစည်းများကို လေးစားစွာဖြင့် အသိအမှတ်ပြု ဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit