Monthly Archives: May 2023

မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့မေလ ၆ ရက် ညနေ ၄ နာရီခန့်က မြောင်မြို့နယ်၊ ရွှေတစ်ချောင်းကျေးရွာမှ အကြမ်းဖက် စစ်သား ၈၀ ကျော်သည် ကျောက်ရစ်ရဲစခန်းဘက်သို့ စစ်ကြောင်းဖြင့် တက်လာစဉ် သနပ်ကုန်းကျေးရွာအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ခန့်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခန့်မှန်း ၂၀ လောက်သေတယ်၊ တိုက်ပွဲမှာ သေဆုံးဒဏ်ရာရတဲ့ စစ်ခွေးတွေကို စက်လှေ ၃ စီးနဲ့ ချင်း တွင်း မြစ်အနောက်ဘက်ကမ်းကို ရေစကြိုမြို့ကို သယ်သွားတယ်၊ ကျန်တဲ့ခွေးတွေက အဲနားလေးမှာ ပျောက်နေတယ်၊ ကျောက်ရစ်စခန်းလဲ မရောက်သေးဘူး၊ ပခုံထမ်းလောင်ချာတွေရော၊ လက် လုပ်တွ ေရော အနီးကပ်တိုက်ခိုက်ခဲ့တာ၊ ခွေးတွေသေတာ အတုံးအရုန်းပဲ၊ မဟာမိတ်တပ်ရင်းတွေ ကို နောက် မဆုတ်တမ်း ညီညီညွတ်ညွတ်နဲ့ ကာပစ်ပေးခဲ့လို့ ကျေးဇူတင်ပါတယ်၊” ဟု Myingyan Black Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် တိုက်ခိုက်ရေး ခေါင်းဆောင် ကိုကရင်ကြီးတို့မှ ဦးဆောင်ကာ ၆၀ မမများ၊ ပခုံထမ်းလောင်ချာများ၊ လက်လုပ် ကိုးလုံး လက်နက်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး People Spirit Force (PSF) MGN 9 Stars ၊ Royal Brother Defence Force နှင့် မဟာမိတ်တပ်ရင်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ ဌာနချုပ်နှင့် ရဲစခန်းတို့ကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်မ ၄၄ ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force (KRF) အဖွဲ့ထံ မှ သိရသည်။

မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်မ ၄၄ ဌာနချုပ်ကို KRF အဖွဲ့ ၊ KNU/KNLA နှင့် ကျိုက်ထို (ပကဖ) တို့ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းနှင့် တောင်စွန်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း Kyaikhto Revolution Force (KRF) အဖွဲ့ထံမှ သိရသည်။

မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ် မှ ၃ နာရီ ၁၂ မိနစ်အထိ ဝင်းကရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ တောင်စွန်းရဲစခန်းကိုလည်း မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်အချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၂ လုံး၊ ၃ နာရီ ၁၀ မိနစ်တွင် ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးကို ဒရုန်းဖြင့် ပစ်ချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို KRF အဖွဲ့၊ PDF ၊ ပအိုဝ်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ခမ်းဒေါမ်) PPDF – KD၊ TPDF ၊ ဘီးလင်း(ပကဖ) နှင့် ကျိုက်ထို (ပကဖ) ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း Kyaikhto Revolution Force (KRF) အဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးများ အပါအဝင် ပြည်သူ ၈၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး ကလေးများ အပါအဝင် ပြည်သူ ၈၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မြိုင်မြို့နယ်စာပေကျေးရွာကို အင်အား ၆၀ ခန့် စစ်ကြောင်းဖြင့် ဝင်ရောက်စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ် စုစုပေါင်း လူဦးရေ ၈၀ နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ အဆိုပါ စစ်ကြောင်းသည် သရက်ကန်ကျေးရွာ ပျူစောထီးစခန်းမှ ထွက်လာခြင်းဖြစ်ပြီး စစ်ကြောင်း ၃ ကြောင်းခွဲ၍ စာပေကျေးရွာကို ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“လူသားဒိုင်းအဖြစ် ဖမ်းထားတာမျိုးဖြစ်နေတယ်။ အဓိက မပြေးနိုင်တဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို ၊ အမျိုးသမီးကြီးတွေ ကျန်ခဲ့တာ။ သူတို့ကလည်း မပြေးနိုင်တော့ ဘုန်းကြီးကျောင်းထဲသွားပြီး ပြေးကြတာ။ အဲဒီမှာ စစ်တပ်က ဘုန်းကြီးကျောင်းကိုပါ ဝင်ပြီး အကုန်ဖမ်းထားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာပေကျေးရွာကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အများစုသော ပြည်သူများ ထွက် ပြေးတိမ်းရှောင်နေကြကြောင်း၊ ကျေးရွာကို စစ်တပ်က မီးတင်ရှို့မည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။ khit thit

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၂ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၂ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း မြင်း မူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၆ ရက်နေ့ နံနက် ၇ နာရီ ကျော်ခန့်တွင် မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေး ရွာသား ပြည်သူ အမျိုးသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ထုတ္တောရွာကို ရွာမြောက်ပိုင်းမှ စတင် မီးရှို့ပြီး ရွာပတ်လည်စည်းရိုးများကို မီးရှို့ကာ နံနက်၁၀ နာရီခန့်တွင် နတ်ရေကန်ကျေးရွာဘက်ကို ပြန်လည်း ဝင်ရောက်သွားချိန်တွင် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကျေးရွာနေ ပြည်သူများက ရွာအတွင်း မီးဝင်ရောက် ငြိမ်းစဥ်၌ အကြမ်းဖက် စစ်တပ်က ဂွေးပင်တောရွာ အနောက်ဘက် ရေပိုးစားကန်ကွေ့မှ ကျေးရွာနေ ပြည်သူများကို လက်နက်ကြီး များဖြင့် လှမ်းပစ်ခဲ့ကြောင်း သိရှိရသည်။

” ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာက ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြင်းမူမြို့နယ်၊လက်ထုတ္တောကျေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့တယ်။ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေဆီက သိရတယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပြာကျသွားတယ်။ ပြည်သူ အမျိုးသား ၂ ဦးကို စစ်ခွေးတွေက မီးရှို့သတ်ဖြတ်သွားတယ်။ နွား၊ ဝက်တွေလည်း အများအပြား သေဆုံးတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ချောင်းဦးမြို့နယ်တွင် PDF ရဲဘော် ၅ ဦး၊ ပြည်သူ ၃ ဦးကို စုစုပေါင်း လူ ၈ ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် PDF ရဲဘော် ၅ ဦး၊ ပြည်သူ ၃ ဦး အပါအဝင် လူ ၈ ဦးကို စစ်တပ်က ပစ်ခတ် ခေါင်းဖြတ် သတ်ဖြတ်သွားကြောင်း ချောင်းဦးဆရာတော်၏ မိန့်ဆိုချက်အရ သိရှိရသည်။

မေလ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြိုနယ်၊ ကျီကုန်းကျေးရွာ၌ စစ်ကြောင်းထိုး၀င်ရောက်လာသော စစ် တပ်က ကျီကုန်းကျေးရွာမှ အနောက်တောင်သို့ ဆက်လက်ထွက်ခွာရာ ကျီကုန်းရွာအစပ်ရှိ မြိုနယ် ပကဖ ကင်းတပ်စိတ်များနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းက CHUPDF ၏ လေ့ကျင့်ရေးနှင့်စည်းကမ်းထိန်းသိမ်းရေး နောက်တန်းစခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် PDF ရဲဘော် ၃ ဦးကို စစ်တပ်က ဖမ်းဆီးရမိပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ အနီးအနားရှိ တောရဘုန်း ကြီးကျောင်းမှ ဝေယျာဝေစ္စလုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူ ၂ ဦးလည်း စစ်တပ်က ဖမ်းဆီး ဦးခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ကျီကုန်းက ဦးဇင်းဇာတိရွာ အဲဒီရွာကို တစ်နေကုန် မွှေပြီး ညပိုင်းအထွက်မှာ ရွာအပြင်မှာ ထိတွေ့မှုဖြစ်ကြတယ်။

အဲဒီမှာ PDF ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းမိတယ်။ အရှင်ဖမ်းမိတာကို ခေါင်းဖြတ်သတ်တယ်။ ရက်ရက်စက်စက်ကို သတ် ဖြတ်တာပါ ” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

စစ်တပ်က ကျီကုန်းရွာမှ ပြန်လည်ထွက်ခွာစဉ် လမ်းခရီးတွင် တွေ့ရှိသော အသက် ၆၅ နှစ် စစ်ဘေးရှောင် အမျိူးသမီးကိုလည်း စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါ အမျိုးသမီး သေဆုံးခဲ့ကြောင်း၊ အခြား ဒေသကာကွယ်ရေး တပ်ဖွဲ့မှ PDF ရဲဘော် ၂ ဦးလည်း စစ်တပ် စစ်ကြောင်းနှင့် တည့်တည့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ ကြောင်း သိရှိရသည်။

“အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကလည်း စစ်ဘေးရှောင်ဖို့ ဆိုင်ကယ်စီးပြီး ထွက်ပြေးနေတာ။ အဲဒါကို စစ်တပ်က တွေ့တော့ လှမ်းပစ်တာ ပွဲချင်းပြီးဆုံးတယ်။ လမ်းမှာ အခြားကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦးလည်း အဖမ်းခံရပြီး အသတ်ခံရတယ်။ တစ်ရက်တည်း လူပေါင်း ၈ ဦးကို မနေ့ညက စစ်တပ်က သတ်ဖြတ်တယ်။ စခန်းကို လည်းမီးရှိူ့သွားတာ။ ဆိုင်ကယ် ၇စီး၊ ဆိုက်တွဲ၁စီးနဲ့အခြားပစ္စည်းတွေ ပါသွားတယ်။ တောရဘုန်းကြီးကျောင်းကိုလည်း အကုန်မွှေသွားတာ။ ဖမ်းဆီးမိရသူတွေကို တောရကျောင်းထဲတင် ခေါင်းဖြတ်သွားတာ” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

အကြမ်းဖက်စစ်ကောင်စီက ချောင်းဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မြို့နယ်များကို စစ်ကြောင်းများ အင်အား အပြည့်ဖြင့် လှည့်လည် စစ် ကြောင်းထိုး၊ ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ ဆက်တိုက် ဆိုသလို ကျူးလွန်လျက်ရှိကြောင်း ဒေသပြည်သူ များက ဆိုကြသည်။ khit thit

သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အကြမ်းဖက် စစ်သားများနှင့် ၇ မိုင်တပ်မှ အကြမ်းဖက် စစ်သားများ ပူးပေါင်းထားကာ အင်အား ၂၀၀ ခန့်ဖြင့် တကောင်းတိုက်နယ်၊ မန္တလေး- ဗန်းမော် ကားလမ်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို မီတာ ၁၅၀၀ အတွင်းမှ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်း နေပြီး မိုးကောင်းဦးဘုရား၊ ၆ မိုင်ရွာ၊ ၄ မိုင်ရွာ၊ ညောင်ကုန်းရွာတို့မှ ပြည်သူများကို ဖမ်းဆီးရိုက်နှက်စစ် ဆေးနေကြောင်း သိရသည်။

“ဒီနေ့ မနက် ၈ နာရီလောက်ကတည်းက ညောင်ကုန်းရွာက ပြည်သူ ၄၀ လောက်ကို ဖမ်းဆီး စစ် ကြောင်းရှေ့ကနေ သွားခိုင်းပြီး ရွာတွေကို ကား လမ်းဘေးရွာတွေကို လှည့်နေတာ၊ ဒီနေ့မနက် ၈ နာရီ လောက်ကလည်း မိုင်းဆွဲခံရလို့ သေသေးတယ်၊ အဖမ်းခံရတဲ့အထဲမှာ ယောက်ျားလေးတွေများတယ်၊ ရွာတွေထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေလဲ အများကြီးပဲ၊ ယောက်ျားလေးဆို ရိုက်နှက်စစ်ဆေးနေတာ” ဟု တကောင်းတိုက်နယ်အတွင်းမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် မန္တလေး-ဗန်းမော် ကားလမ်းအရှ့ခြမ်းရှိ ကျေးရွာများဖြစ်သော မတောင်ရွာ၊ ပေါ်တော်မူရွာ၊ ဆူးတောရွာ၊ ကျောက်အိုက်ရွာ၊ ညောင်ကုန်းရွာ၊ ၃ မိုင်ရွာ၊ ၄ မိုင်ရွာ တို့မှ ပြည်သူ ရာချီထွက်ပြေးနေရကြောင်း သိရသည်။

ယမန်နေ့ (မေလ ၅ ရက်) နံနက် ၈ နာရီခန့်က တကောင်းမြို့အနီးရှိ ဆူးတောကျေးရွာကို မီးရှို့နေသော အကြမ်းဖက်စစ်သားများကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးအများအပြားရှိခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကား ၃ စီး ဖြင့် သယ်ယူခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အားအများအပြားတိုးမြှင့်ကာ စစ်ကြောင်းထိုး နေခြင်း ဖြစ် ကြောင်း သိရသည်။ khit thit

အမရပူရလ၀ကရုံး ဗုံးပစ်ခံရပြီး ၀န်ထမ်း ၂ ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊ မှန်တန်းရပ်ကွက်ရှိ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန(လ၀က)ရုံး ယမန်နေ့ မေလ 5 ညနေပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး ၀န်ထမ်းနှစ်ဦးနှင့် မိသားစု၀င်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

“ဗုံးက ရုံးခေါင်မိုးပေါ်ကျပြီး ပေါက်တယ်။ အဲဒီမှာရုံးထဲရှိနေတဲ့ ၀န်ထမ်းနှစ်ယောက်နဲ့ နောက်တစ်ယောက်က ရုံးမိသားစု၀င်လို့ပြောတယ်။ အားလုံးပေါင်းသုံးယောက်ထိတယ်။ အမျိုးသမီးတွေချည်းပဲ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ လဝကရုံးကို ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က ဆိုင်ကယ်စီးလူနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးသုံးဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ရုံးရှေ့၌ရပ်ထားသောမော်တော်ယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးမှုအနည်းငယ် ရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးပေ။

အမရပူရမြို့နယ်ရှိ အဆိုပါ လ၀ကရုံးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရဖူးပြီး ထိုတိုက်ခိုက်မှုအား No More Dictatorship PDF MDY က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မေလ ၁ ရက်နေ့ကလည်း အမရပူရမြို့နယ်ရှိ မြို့မရဲစခန်း ဒရုန်းဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ရဲ၀န်ထမ်းတစ်ဦး၏ ကလေးငယ်‌ သေဆုံးကာ ၎င်း၏မိသားစု၀င်(အမျိုးသမီး) လေးဦး ဒဏ်ရာရခဲ့သေးသည်။ mizzima

ဆားတောင်မြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ဧပြီလ ၄ ရက် ညနေ ၃ နာရီ ၄၈ မိနစ်ခန့် ဆားတောင်မြို့ ရဲခစန်းအတွင်းမှ ရဲများသည် စစ်ကိုင်း-ရွှေဘို လမ်းပေါ်သို့ ဖြတ်သန်းသွားလာသော ကားများကို ဆတ်ကြေးကောက်ငွေညှစ်နေစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကြမ်းဖက်စစ် သား ၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“လမ်းပေါ် ပိုက်ဆံထွက်ကောက်နေတဲ့အချိန် တစ်လုံး၊ ရဲစခန်းဝင်ပြေးတဲ့အချိန် ၂ လုံးချခဲ့တာ၊ ရဲစခန်း ထဲ ၂ လုံးက တစ်လုံး Error တက်သွားလို့ မကွဲဖူး၊ ရဲတစ်ဦးဒဏ်ရာရတယ်လို့ သိရတယ်၊ ကျန်တာက မသိရသေးဘူး၊ ဒရုန်းနဲ့ဗုံးချတဲ့အချိန်ကတော့ ပြန်မပစ်နိုင်ဘူး၊ ဗုံးချပြီးတော့ ရဲစခန်း အနောက်ဘက်ကို အင်အား ၇၀‌ လောက်နဲ့ စစ်ကြောင်းထိုးတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အညာညီနောင်တပ်ပေါင်းစု ၊ Phoenix(SGG) ၊ Unicorn Guerrilla Force ၊ Young Wolf ၊ Sadaung Revolution Army ၊ လင်းယုန်နက်(SGG) ၊ Fight For Federal ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)ခွဲ(၄) ၊ စစ်ကိုင်းမြို့နယ် ပကဖ ၊ ကျောက်ဆည်ခရိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ khit thit

« Older Entries