Monthly Archives: May 2023

ဖြူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စု၊ ရေလဲကျေးရွာမှ စစ်တပ် ခန့် အုပ်ချုပ်ရေးမှူး မောင်မျိုး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စု၊ ရေလဲကျေးရွာမှ စစ်တပ် ခန့် အုပ်ချုပ်ရေးမှူး မောင်မျိုးကို ဖြူးမြို့နယ် ပကဖ အမှန်တရားချစ်သူများအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မောင်မျိုးသည် အကြမ်းဖက် စစ်တပ် ခန့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စစ်တပ်ထံ ပေးပို့ခြင်း၊ ပျူစောထီး သင်တန်း တက်ရောက်ခြင်း၊ ပြည်သူ လူထုအား နည်းမျိုးစုံ ဒုက္ခပေးခြင်းများကို ကျူးလွန်လျက်ရှိသောကြောင့် ဖြူးမြို့နယ် ပကဖ က ဖုန်းဆက်၍ သတိပေးခြင်း၊ လူကိုယ်တိုင် သွားရောက်၍ သတိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ သတင်းပေး ပျူစောထီးအဖွဲ့များ ဖွဲ့စည်း လုပ်ကိုင်ခြင်းများပါ ဆက်လက်ကျူးလွန်လာသောကြောင့် ဖြူးမြို့နယ် ပကဖ က ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။ khit thit

မြန်မာနိုင်ငံကို မေ ၁၀ ရက်၌ မုန်တိုင်း ဝင်ရောက်နိုင်ဟု မိုး/ဇလပညာရှင်များ သတိပေး

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မေ ၈ ရက်ကစလို့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မေလ ၉ ရက်မှာ မုန်တိုင်းငယ် Depression အဖြစ် ရောက်ရှိကာ မေ ၁၀ ရက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်ကို ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းခြေတွေမှာ အဓိက ကြုံတွေ့ နိုင်ရပြီး မေ ၁၄ ရက်မှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဝင်ရောက် နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေကလည်း ခန့်မှန်းပြောဆိုပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီဦးဝင်းနိုင်က “အခုလောလောဆယ် လမ်းကြောင်းအနေအထား ရဆိုရင် ချောင်းသာနဲ့ ဂွကြားထဲကို ဝင်မယ်။ ၁၄ ရက်မှာ အားအပြင်းဆုံးရှိတဲ့ အနေအထား ဖြစ်တယ်။ ဖြစ်ပြီဆိုရင် မုန်တိုင်းရဲ့ ညာဘက်ခြမ်းမှာ ရှိတဲ့ ဧရာဝတီတိုင်း တတိုင်းလုံး၊ မြစ်ဝ ကျွန်းပေါ် တခုလုံး၊ နောက်ပြီးတော့ မွန်ပြည်နယ်ရဲ့ မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းလိုနေရာတွေ မုန်တိုင်းရဲ့ အရှိန်ကို ခံရမယ်။ လေတိုက်နှုန်းက တနာရီကို မိုင် ၅၀ ကနေ ၇၀ နှုန်း တိုက်နိုင်တယ်။ ပင်လယ်ပြင်မှာ လှိုင်းက မုန်တိုင်းဗဟိုနားမှာဆို ပေ ၃၀ လောက်ထိ၊ ကမ်းခြေနားမှာတော့ ပေ ၂၀ လောက်ထိ ကျပြီးတော့ ငဝန်မြစ်တလျှောက် ဟိုင်းကြီးကျွန်းကို ထွက်တဲ့ ပင်လယ်ဝအထိ ငဝန်မြစ်ထဲမှာဆို လှိုင်းအမြင့်က ၁၀ ပေ၊ ၁၂ ပေလောက်ထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်”လို့ ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွေနဲ့ ကမ်းရိုးတန်း တလျှောက် မိုးသက်လေပြင်း ကျတာ၊ လှိုင်းကြီးတာတွေ ဖြစ်နိုင်ပြီး ဘေးလွတ်ရာ နေရာတွေ ကြိုတင် ပြောင်းထားဖို့နဲ့ ရေကြီးနိုင်တဲ့ နေရာတွေ ရှောင်ရှားဖို့ မိုးလေဝသ ပညာရှင် တယောက်က သတိပေး ပြောပါတယ်။ 

“စိုးရိမ်ရတဲ့အနေအထားရှိတယ်။ ဒီနေ့ကို စပြီး ကယ်ဆယ်ရေး ကယ်ထုတ်ဖို့ ဧရာဝတီတိုင်းက ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း စတဲ့နေရာတွေနဲ့ နီးတဲ့သူတွေက စပြီး ပြင်ဆင်သင့်ပြီ၊ ရွှေ့ပြောင်းသင့်ပြီ။ ဘယ်ဘက်ကို ရွှေ့ရမလဲဆိုတော့ အရှေ့မြောက်ဘက်ကို ရွှေ့ရမယ်။ မုန်တိုင်းသွားတဲ့ လမ်းကြောင်းနဲ့ ကုန်းမြင့်တဲ့ နေရာပေါ့။ ဥပမာ ရန်ကုန်ဆို ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၁၀၀ ကျော်လောက်မြင့်တယ်။ အဲဒီ နေရာတွေဆို မဖြစ်ဘူး။ ဒီပြင်းအားထက်ကို ဒီရေတက်လာပြီးတော့ ဒီရေတက်လာတဲ့ဒဏ်ကြောင့် နာဂစ်တုန်းကလည်း လူတွေ အများကြီး သေသွားကြတယ်။ သေသွားကြတဲ့ အနေထားမျိုးဖြစ်တယ်။ ဆိုတော့ ရေက လေထက် ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာ သိဖို့ လိုပါတယ်။”

လက်ရှိ မုန်တိုင်းဒဏ် ခံနိုင်အောင် ပြင်ဆင်နေပြီး တရွာလုံး အတိုင်းအတာနဲ့ ကြီးကြီးမားမား ပြင်ဆင်တာ မရှိသေးဘူးလို့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဂေါ်ရန်ဂျီကျွန်း ဒေသခံ တဦးက ပြောပါတယ်။

“အဓိကက ပြင်ဆင်နေလဲဆိုတော့ အမိုးတွေဘာတွေ ပြင်တာတို့၊ အခြား ဘေးကင်းတာ ရွှေ့တာတို့တော့ မလုပ်ကြသေးဘူး။ လန်နိုင်တဲ့ဟာမျိုး၊ မုန်တိုင်းလာရင် ရွေ့သွားမယ့်ဟာမျိုးတွေ ပစ္စည်းတွေ ပြုပြင်တာလောက်ပဲ ရှိသေးတယ်။ သွပ်မိုးတွေဘာတွေ ပြင်ပြီး ဟိုသွားရမယ် ဒီသွားရမယ် ဆိုတာမျိုး နှိုးဆော်တာတော့ မတွေ့သေးဘူး။ လောလောဆယ်တော့ လိုက်အော်တာ တို့ ထုတ်ပြန်တာတို့ မကြားသေးဘူး။ ဒီနေ့ ရွာထဲက ဈေးဆိုင်တွေ သွားတော့ တချို့ဆိုင်တွေ ပစ္စည်းတွေ သိမ်းတာတို့ လုပ်ကြတယ်။ အဲဒါလည်း တဆိုင်နှစ်ဆိုင်လောက်ပါ။ တရွာလုံး အ တိုင်း အတာနဲ့ ယှဉ်ရင် ဘာမှ ပြင်ဆင်ထားတာ မရှိသေးဘူး။ အခုသိမ်းစရာရှိတာ သိမ်းတယ်။ မုန်တိုင်းထိနိုင်တာတွေ ကြိုလုပ်နေတာပေါ့။ အခုလည်း ပြင်ဆင်နေတာ ရှိတယ်” 

ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်း ဝင်ရောက်ပြီးနောက် ကုန်တွင်းမုန်တိုင်းအနေနဲ့ ကုန်တွင်း လေဖိအားနည်း ရပ်ဝန်း ဆက်ရှိနိုင်ပြီး နေပြည် တော်ကို ဖြတ်ကာ မေ ၁၅ ရက် မွန်းတည့် ၁၂ နာရီလောက် ရှမ်းပြည်နယ်အရှေ့ပိုင်း နမ့်စမ်ဘက်မှာ အားပျော့သွားမယ်လို့ မိုးလေဝသ ပညာ ရှင်တွေက ကြိုတင် ခန့်မှန်းထားပါတယ်။

မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို သတိပြု နေထိုင်ကြဖို့၊ မိုးလေဝသ ခန့်မှန်းချက်တွေကို ဂရုစိုက် နား ထောင်ပြီး မုန်တိုင်း ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ကြဖို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရက အသိပေး ထုတ်ပြန်ထားပါတယ်။ DVB

စစ်ကောင်စီတပ်ကြောင့် ဧပြီလအတွင်း က လေးသူငယ် ၄၉ ဦးအပါအဝင် အရပ်သား ၂၇၀ ကျော် သေဆုံး

ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ်များတွင် ကလေးသူငယ် ၄၉ ဦးအပါအဝင် အရပ်သားပြည်သူ ၂၇၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

သတ်ဖြတ်မှုများကို စစ်ကောင်စီတပ်ကကျူးလွန်ခြင်းဖြစ်ပြီး ဧပြီလအတွင်း သတ်ဖြတ်ခံရသူများတွင် အသက် ငါးနှစ်အောက်အရွယ် ကလေးငယ်များအထိပါဝင်ကြောင်း တရားရေးဝန်ကြီးဌာန၊ တရားဉပဒေ စိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနက ဆိုသည်။

“အများသိတဲ့အတိုင်း ကန့်ဘလူ ပဇီကြီးမှာဆိုရင် ငါးနှစ်အောက် အရွယ်ကလေးတွေကအစ ပါတယ်ပေါ့။ ပြီးရင် ချင်းပြည်နယ်ဘက်မှာဆိုရင်လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွား တဲ့ ၁၂ နှစ်အရွယ် ကလေးတွေလည်းပါတယ်။

စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးသူငယ်တွေလည်း ပါတယ်ပေါ့။ အများဆုံးကတော့ ငါးနှစ်အောက် ကလေးသူငယ် တွေအထိပါတယ်” ဟု စာရင်းကောက်ယူပြုစုနေသူတစ်ဦးက ပြောသည်။

ကလေးသူငယ် သတ်ဖြတ်ခံရမှုမှာ စစ်ကိုင်းတိုင်းတွင် ၄၁ ဦးဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် သုံးဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် တစ်ဦးစီပါဝင် ကြောင်း ဖော်ပြထားသည်။

ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် သတ်ဖြတ်ခံရသည် အရပ်သား ၂၇၀ ကျော်မှာ စစ်ကောင်စီ တပ်က ကျေးရွာများသို့စစ်ကြောင်းထိုးရင်း ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာ များသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုတို့ကြောင့် သေဆုံးရခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

အရပ်သား သတ်ဖြတ်ခံရမှုစာရင်းတွင် သာသနာပြုတစ်ဦးနှင့် မသန်စွမ်းငါးဦးလည်း ပါဝင်သည်ကို တွေ့ရ သည်။

ထို့ပြင် ပြီးခဲ့သည့် တစ်လအတွင်း အရပ်သားပြည်သူ ၂၅၇ ဦးကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှ အ သက် ၁၃ နှစ်အရွယ် ကလေးသူငယ်နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း သိရ သည်။

စစ်ကောင်စီကြောင့် တိုင်းနှင့်ပြည်နယ်များတွင် ဧပြီလအတွင်း ကလေးသူငယ် ၂၆ ဦးအပါအဝင် အရပ် သား ၁၇၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း တရားရေးဝန်ကြီးဌာနက ဆိုထားသည်။

NUG တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီကြောင့် ယခုနှစ် လေးလအတွင်း ကလေးသူငယ် ၉၉ ဦးအပါအဝင် အရပ် သား ၇၅၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အကျပ်အတည်းကာလ ဆက်လက်ဆိုးရွားနေပြီး ကလေးသူငယ် ငါးသန်းအပါအဝင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း UNICEF Myanmarက ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ထားသည်။ mizzima

မတ္တရာမြို့နယ်၊ မြွေပုံကန်ရွာ အရှေ့ဘက်ရှိ ညောင်မြစ်ကို စစ်သားများ ဖြတ်ကူးစဥ် လှေမှောက်ပြီး ၆ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ မြွေပုံကန်ရွာ အရှေ့ဘက်ရှိ ညောင်မြစ်ကို ယနေ့ မေ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် စစ်သား ၇ ဦးက လှေနှင့် ဖြတ်ကူးစဉ် လှေမှောက်ပြီး စစ်သား ၆ ဦး ရေနစ်သေဆုံးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စစ်သားများသည် မေလ ၄ ရက်နေ့တွင် ကြက်တူရွေးကျေးရွာကို ရောက်လာပြီး ကျေးရွာကို မီးရှို့ ဖျက်ဆီး ခဲ့သော စစ်သားများ ဖြစ် ကြောင်း၊ မီးရှို့ပြီးနောက် ကြက်တူးရွေးကျေးရွာနှင့် သဲအင်းကျေးရွာကို နှစ်ဖွဲ့ခွဲ၍ နေခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၆ ရက်နေ့တွင် စဉ့်ကူးမြို့နယ် ကြက်တူးရွေးကျေးရွာမှ မတ္တရာမြို့နယ်ကို ညတွင်းချင်း ခြေလျင် စစ်ကြောင်းထိုးသွားခဲ့ပြီး မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တိတ်တဆိတ်ပြန်လာချိန်တွင် လှေမှောက်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘယ်အဆင့်တွေလဲ မသိရသေးဘူးဗျ။ သူတို့မှာ ပါတဲ့ လက်နက်တွေလည်း အကုန်မြှုပ်သွားတယ်လို့ သိရတယ်။ ခွေး ၇ ကောင်မှာ ၆ ကောင်သေတယ်။ ၁ ကောင်ကတော့ မသေဘူးဟု သိရတယ်ဗျ” ဟု Wetlet Information Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် စဉ့်ကူးမြို့နယ် သဲအင်းကျေးရွာရှိ စစ်ကောင်စီဝင်များသည် လက်ရှိအချိန်တွင် မတ္တရာမြို့နယ် မြွေပုံကန်ရွာတွင် စစ်ကြောင်း ပေါင်းကာ တပ်စွဲထားကြောင်း သိရသည်။ khit thit

အဆိုတော်လင်းလင်း ရိုက်ကူးသည့် ဂီတရုပ် ရှင်-The Way နိုင်ငံတကာရုပ်ရှင်ဆု ၃ ဆု ထပ်မံရရှိ

အဆိုတော်လင်းလင်း ရိုက်ကူးတဲ့ ဂီတရုပ်ရှင်-The Way  ဟာ Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical/Dance Film) ဆုအပါအဝင် ဆု ၃ ဆု ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး မျက်နှာစာ​ပေါ် ဘာမှ မလှုပ်ရှားရ​သေးတဲ့ Musical Film အနေနဲ့ ရိုက် ကူးထားတဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Cannes World Film Festival မှာလည်း “Best Mobile Feature Film Award” ရရှိခဲ့တာ ဖြစ်ကာ ပြည်သူ့ အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်ကတော့ “Best Educational Film Award” ဆု ရရှိထားခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် ချစ်သုဝေက “ကိုလင်းရဲ့ တကယ့် field ဖြစ်တဲ့ musical နဲ့မို့ အရမ်း​ပျော်သလို သူ ပထမဆုံး feature​ လေးမို့ အမှတ်တရ ဖြစ်ရတာမို့ပါ🤍🕊ဒီ​နေ့​တော့ ​ပျော်ခွင့် ကြွားခွင့်​ပေး… ဆု​သေး​သေးဖြစ်ဖြစ် ကြီးကြီး ဖြစ်ဖြစ်🤣Our Team is on Cloud nine🎉🎉🎉” လို့ ပြောပါတယ်။

Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကတော့ ကမ္ဘာတဝန်းက အင်ဒီရုပ်ရှင်ရိုက်ကူးသူ တွေကို မြှင့်တင်ပေးနိုင်ဖို့နဲ့ ကျားမတန်းတူညီမျှမှုရရှိရေးတို့အတွက် လစဉ်ပြိုင်ပွဲတွေ ပြု လုပ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင် တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၂ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းနဲ့သာ ဖန်တီးထားတဲ့ အဆိုတော်လင်းလင်းရဲ့ The Way ရုပ်ရှင်ဟာ Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical Film) ဆုအပါအဝင် အကောင်းဆုံး ပထမအကြိမ်ရုပ်ရှင်ဒါရိုက်တာဆု Best First Time Director (Feature)နဲ့ အ ကောင်းဆုံးသီချင်းဆု (Best Song) တွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ DVB

ဘီးလင်းတွင် စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ၂ ဦး ဒဏ်ရာရပြီး နေ အိမ် ၃ လုံး ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ လင်မယား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၆ ရက်နေ့ ည ၉ နာရီဝန်းကျင်မှစ၍ အလူးကျေးရွာအုပ်စုအတွင်းရှိ အလုံတောင်ဘုရားကုန်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ် သားများက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် အလူးကျေးရွာ အနောက်ရွာလေးနေ ဦးနေမျိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်ခင် စန်းရီတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတာက အလူးလေး အနောက်ရွာလေးက ဦးနေမျိုးကျော်လက်ကိုထိတယ်။ သူ့ဇနီး ဒေါ်ခင်စန်းရီ ကတော့ မျက်နှာထိတယ်။ အသက် ၅၀ ဝန်းကျင်လောက်ရှိကြလိမ့်မယ်၊ ဆေးရုံပြောင်းရတယ်။ ဘီးလင်း ဆေးရုံကနေ သထုံအထိ” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဦးနေမျိုးကျော်နှင့်ဒေါ်ခင်စန်းရီတို့အား ညတွင်းချင်း ဘီးလင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှ ဒဏ်ရာပြင်းထန် သောကြောင့် သထုံဆေးရုံသို့ ဆက် လက်ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးကျည်ကျရောက်၍ အလူးကျေးရွာ အနောက်ရွာလေးမှ နေအိမ်သုံးလုံးထိခိုက်ပျက်စီး ခဲ့ရပြီး အလူးကျေးရွာအုပ်စုမှ ဒေသခံများ နေအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

“ထပ်ပြေးကြရတာပေါ့။ သူတို့လာလိုက် ပြေးလိုက်၊ ပြန်လာလိုက်၊ ပြန်ပြေးလိုက်ပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့က သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇) မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေး ရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ ဦးရာဇာ၏နေအိမ်အတွင်း ကျရောက် ပေါက်ကွဲခဲ့၍ ဦးရာဇာအပါအဝင် မိသားစုလေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသည့်အထဲတွင် ကလေး ငယ်နှစ်ဦးပါဝင်ကြောင်း သိရသည်။

မေလ ၆ ရက်နေ့က ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနှင့် ဝင်းကကျေးရွာရှိ ရဲစခန်းများအား KNLA ပါဝင်သော ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှုပြုလုပ် ခဲ့ပြီး ရဲနှစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများခဲ့ကြောင်း သိရသည်။ mizzima

ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွား​ပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကန့်ဘလူမြို့ယ်၊ ထောက်ရှာအိုင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း- ၃၆၁ မှ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တိုးသည့် ထောက် ရှာအိုင်ရွာသား စစ်ဘေးရှောင် ပြည်သူ ၁၅ ဦးခန့်ကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“ထောက်ရှာအိုင်က စစ်ဘေးရှောင်ဖို့ တိမ်းရှောင်လာတဲ့ခန့်မှန်း​ခြေ ပြည်သူ ၁၅ ဦးလောက်ကို စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတယ်။ စစ် တပ် စစ်ကြောင်းက မီးရှို့သွားလို့ ပြည်သူပိုင် နေအိမ် ၆၀ လောက် ပြာကျသွားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ရန်ကုန်သို့ ပညာသင်သွားမည့် ကိုယ်ရင် ၃၁ ပါးနှင့် မိန်းကလေး ၁၃ ဦး သံတွဲစစ်ဆေးရေးဂိတ်တွင် တားဆီးခံရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ မိန်းကလေး ၁၃ ဦးနဲ့ ထိုကျေးရွာရှိ ဝန္ဒာပါလကျောင်းတိုက်မှ ကိုယ်ရင် ၃၁ ပါး ရန်ကုန်ရွှေပြည်သာမြို့နယ်ရှိ မောင်တော (၃) မိုင် ကျောင်းမှာ ပညာသင်ယူဖို့ မေ ၆ ရက်က သွားရောက်ခဲ့ရာ သံတွဲမြို့အထွက် စစ်ဆေးရေးဂိတ်က သွားခွင့်မပြုတဲ့အတွက် လည့်ပြန်ခဲ့ကြရတယ်လို့ လိုက်ပါပို့ဆောင်သူ ကိုထွန်းနိုင်က ပြောပါတယ်။

“ထက်မြတ်လှဲကျေးရွာက မိဘတွေ ပညာမသင်နိုင်ကြားနိုင်ကြတဲ့ ကလေးတွေကို ရန်ကုန်ရွှေပြည်သာမှာရှိတဲ့ မောင်တော (၃) မိုင်ကျောင်းမှာနေပြီး ပညာသင်ကြားနိုင်ဖို့ ပို့ဆောင်ကြတာ။ အဲဒါကိုအခြားဂိတ်တွေမှာ ဘာပြဿနမရှိခဲ့ဘူး။ သံတွဲမြို့အထွက် ဂိတ်ကစစ်ဆေးပြီး သွားခွင့်မပြုတာ။” 

မိန်းကလေ ၁၃ ဦးနဲ့ ကိုယ်ရင် ၃၁ ပါးတို့မှာ အသက် ၈ နှစ်မှ ၁၅ အတွင်းအရွယ်မရောက်ကြသူတွေ ဖြစ်ကြပြီး မှတ်ပုံတင်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်တွေသာ ပါတဲ့အတွက် သွားခွင့်မပြုတာလို့ ဆိုပါတယ်။

မောင်တောမြို့ ၃ မိုင်ဆရာတော်ကြီးက “မြိုလူမျိုးတွေက တောတောင်တွေမှာပဲ နေထိုင်ပြီး အသက်မွေးနေကြရတာ။ မြို့မှာနေပြီး ပညာတွေသင်ဟူပြီး ပညာတတ်တွေဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီကလေးတွေကိုပို့တာ။ အာဏာပိုင်တွေက လူကုန်ကူးမူတွေနဲ့ အကျုံးဝင်နေတာကြောင့် သွားခွင့်မပြုဘူးလို့ ပြောတယ်” လို့ မိန့်ပါတယ်။

မောင်တော ၃ မိုင်ပရဟိတ္တကျောင်းဆရာတော်ဟာ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာလည်း မောင်တော ၃ မိုင်ကျောင်းအမည်နဲ့ ပရဟိတ္တကျောင်းတကျောင်း တည်ထောင်ထားပြီး ပညာမသင်နိုင်တဲ့ မြိုလူမျိုးကလေးငယ်တွေကို ပညာသင်ပေး​နေတာလို့ သိရပါတယ်။

ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှာလည်း မြိုလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ပညာမသင်နိုင်တဲ့ ကလေးငယ်တွေကို ရန်ကုန်ရှိပရဟိတ္တကျောင်းကို ပို့ဆောင်စဉ် အခုလို တားဆီးခံခဲ့ရတာပါ။။ DVB

မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ အမျိုးသား ၁ ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မြင်းမူမြို့ နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောကြားသည်။

မေလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှထွက်လာသည့် အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းသည် မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို အကြမ်းဖက် ဝင်ရောက်စီး နင်းမီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော်ခန့်မီးလောင်ဆုံးရှုံးပြီး အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးဆုံးသူက အသက်(၄၈)နှစ်အရွယ် အမျိုးသားပါ။ ဒဏ်ရာရအမျိုးသားက တစ်ဦးက အသက်(၅၀) နဲ့ တစ်ဦးက(၃၀)ကျော်အရွယ်ပါ။ မီးလောင်အိမ်ခြေက ၆၀၀ ဝန်းကျင်ထိရှိပြီး ကျန်ရှိအိမ်က ၅၀ ကျန် တယ်လို့ ရွာသားတွေကပြောပါတယ်။ စာရင်းအတိအကျကို ဒေသခံရွာသားတွေ မီးငြှိမ်းသတ်တာရော အ ခြားရှင်းလင်းရေးလုပ်နေရတာတွေကြောင့် မပြုစုရသေးဘူး” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကြက်၊ နွား၊ ဝက်များလည်း အများ အပြားသေဆုံးခဲ့ရသည်။

စစ်ကောင်စီစစ်ကြောင်းသည် လက်ထုတ္တောကျေးရွာကို မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရွာမြောက်ပိုင်းမှ စတင်မီးရှို့ခဲ့ပြီးနောက် နတ်ရေကန်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် စစ်ကြောင်းပြန်ထွက်သွားချိန်တွင် မီးဝင်ရောက်ငြှိမ်းသတ်ရာ စစ်ကောင်စီ တပ်သားများက ဂွေးပင်တောရွာအနောက်ဘက် ရေပိုးစားကန်ကွေ့မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့ ကြောင်းသိရသည်။

၎င်းစစ်ကြောင်းသည် ယနေ့ မေလ ၇ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ၌ အထိုင်ချ တပ်စွဲထားကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ သိရသည်။ mizzima

« Older Entries