Monthly Archives: May 2023

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေး၏တပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ မုံရွာ-ဂန့်ဂေါ်လမ်းမကြီးဘေးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှအထိအခိုက်များရှိခဲ့ပြီး အသေးစိတ်မသိရသေးကြောင်း သခင် ဒေါင်းညိုက ဆိုသည်။

“စစ်ဆေးရေးဂိတ်မှာ စစ်သားနဲ့ရဲ အင်အား ၂၀ လောက်တော့ရှိတယ်။ အလစ်အငိုက်ကိုဖမ်းပြီး ပစ်ခတ်ခဲ့ တဲ့အတွက် အထိအခိုက်ကတော့များမယ်ဗျ။ ရန်သူ့ဘက်က စက်ကလေး၊ ငါးကြင်းမြီးတွေနဲ့ ပြန်ပစ်တာ မျိုးတွေရှိတယ်။ စစ်သားတစ်ဦး လဲကျသွားတာတော့ မြင်လိုက်ရတယ် သေမသေတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ B-21 ၊ မုဆိုးလေးတပ်ဖွဲ့နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ အင်အားတိုးချဲ့ပြီး ခရီးသွားပြည်သူ များကို အတင်းအကျပ် စစ်ဆေးနေကြောင်း သိရသည်။ mizzima

စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၇၀ ကျော်ထိ မြင့်တက်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၉၇၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၅၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၀၄ ယောက်ကတော့ ထောင် ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၂၂၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာကို အင်အား ၅၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အဆိုပါစစ်ကြောင်းနဲ့ တွေ့ဆုံမိတဲ့ ဒေသခံ ၁၅ ဦးလောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၄ ရက် နေ့လယ် ၂ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပိတ်ခရားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဂျက်ဖိုက်တာလေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် အရပ်သား ၇ ယောက် ကျည်စထိမှန်သေဆုံးခဲ့ပြီး တခြားအရပ်သား ၇ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျည်စထိမှန် သေဆုံးသူတွေကတော့ ဒေါ်မြင့်ဝင်း၊ ဦးသန်းဆွေ၊ ဒေါ်အုန်းစိန်၊ ဒေါ်မာမာအေး၊ မောင်ဇာနည်လင်းခက်၊ မမေစုနိုင်နဲ့ မအိအိစိုးတို့ ဖြစ်ကြတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

မြ၀တီမြို့နယ်တွင် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က စောချစ်သူအမိန့်ဖြင့် တပ် သားသစ်များအဖြစ် လူငယ်များကို မဲနှိုက်ခိုင်းပြီး အဓမ္မ စုဆောင်းနေ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ အမိန့်ဖြင့် လူငယ်များကို မဲနှိုက်ခိုင်းပြီး မဲပေါက်သူမှန်မျှကို တပ်သားသစ်များအဖြစ် အတင်းအဓမ္မစုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယခုမေလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့က တစ်ရပ်ကွက်၊ တစ်ရွာလျှင် လူငယ် ၁၅ ဦးကို BGF တပ်သားများအဖြစ် ပေးရမည်ဖြစ်ကြောင်း၊ တပ်သားသစ်စုဆောင်းရာတွင် ကျေးရွာရှိ လူငယ်များအနေဖြင့် မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူမှန်သမျှကို တပ်သားသစ်များအဖြစ် စုဆောင်းမည်ဟု BGF တပ်ဖွဲ့က ပြောဆိုလာကြောင်း သိရှိရသည်။

“မြဝတီ ရွှေက္ကိုလ်ဘက်က ရွာနဲ့ ရပ်ကွက်တွေမှာ တစ်ရွာ၊ တစ်ရပ်ကွက်ကို ၁၅ ဦး BGFမှာ အမှုထမ်းဖို့ ပေးရမယ်လို့

အမိန့်ထုတ်တယ်။ လူငယ်တွေမှန်သမျှ ကို မဲနှိုက်ခိုင်းတဲ့နည်းနဲ့ ရွေးနေတယ်။ တကယ်လို့ ၁၅ ဦး BGF အတွက် မပေးဘူးဆိုရင် အိမ်၊ ရွာတွေကို ဖျက်ဆီးမယ်။ တာဝန်မထမ်းဆောင်တဲ့ လူငယ်တွေရဲ့ မိဘ ဆွေမျိုး ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမယ်လို့ ပြောတယ်” ဟု ရွှေက္ကိုလ်ဒေသမှ ကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့၊ ထီးကော်ထော်ကျေးရွာတွင် လူငယ်များကို အတင်းအဓမ္မ မဲနှိုက်ခိုင်းပြီး BGF တပ်သား သစ်များအဖြစ် စတင်စုဆောင်းနေကြောင်း သိရှိရသည်။

” ထီးကော်ထော် ကျေးရွာမှာ BGF စစ်သားသစ်စုဆောင်းနေပါတယ်။ တစ်အိမ်တစ်ယောက် မဲနှိုက်ခိုင်းတယ်။ ပေါက်လို့ တာဝန်မထမ်းဆောင်ရင် ပိုင်ဆိုင်မူ အကုန်သိမ်းမယ်လို့ပြောတယ်။ လူငယ်တွေနဲ့ ရွာသားတွေလည်း အတော်ကို အခက်တွေ့နေကြတယ်” ဟု ထီးကော်ထော်ကျေး ရွာလူကြီးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့သည် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှု များ လုပ် ကိုင်ကာ ငွေရှာနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အတွက် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်ကာ BGF အဖွဲ့ ဦးဆောင်သူများတွင် ဗိုလ်မှူးကြီး စောချစ်သူမှာ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများ ထင်ရှားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ khit thit

မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား စစ်တပ်က မြေကော်စက်များဖြင့် ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား အကြမ်းဖက် စစ်တပ်က မြေကော်စက်များဖြင့် ဖျက်ဆီးသွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၈ မိနစ်ခန့်တွင် မုံရွာမြို့ တောင်ဘက် ညောင်ပင်ဇောက်ရပ်ကွက် တောင်ဘက်အထွက်ရှိ မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်သားများက အိမ်စီးကားဖြင့် ရောက်ရှိလာပြီး မြေကော်စက်များဖြင့် လာရောက် ဖျက်ဆီးသွားပြီး မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

” အခုဖျက်သွားတဲ့ လမ်းပိုင်းက မုံရွာမြို့ တောင်ဘက် ညောင်ပင်ဇောက် ရပ်ကွက်ရဲ့ တောင်ဘက် အထွက်မှာရှိတဲ့ မုံရွာနယ်နဲ့ ချောင်းဦးမြို့နယ်ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းပါ။ လမ်းကတော့ မုံရွာကနေ အမြင့်မြို့ဟောင်းထိ ပေါက်ပါတယ်။ ဖျက်ဆီးသွားတဲ့ အကြောင်းအရင်းတော့ မသိရသေးဘူး” မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရခိုင်ကမ်းရိုး တန်းဘက်သို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းတာချက်အရ မေလ ၈ ရက် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မေလ ၉ ရက်မှာ ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိပြီး မြောက်ဘက်ကို ဆက်ရွေ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ INVEST-91B (လေဖိအားနည်းရပ်ဝန်း စောင့်ကြည့်ဧရိယာ) တခု ဖြစ်ပေါ်ပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီးနောက် ‌ေရွ့လျားမယ့် လမ်းကြောင်းဟာ မြောက်ဘက်နဲ့ အနောက်မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် ရခိုင်ကမ်းရိုးတန်းဘက် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်း ပြောဆိုပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “ဘာကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတော့ မုန်တိုင်းဖြစ်လာမယ့်အချိန်နဲ့ ကုန်တွင်းဝင်မယ့်အချိန် ခန့်မှန်းထားတာက ၁၅ ရက်နေ့လောက် ကုန်းတွင်းဝင်မယ်လို့ ခန့်မှန်းထားတာ။ အဲ့တော့ ၁၂ ရက်နေ့လောက်ဆို ကုန်းနဲ့ ကမ်းခြေနဲ့ တော်တော်နီးစပ်မယ်။ နီးစပ်တဲ့နေရာကို ရောက်မယ်။ သို့သော် မြန်မာပြည်ဘက်ကို လာမှာလား၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားမှာလားဆိုတာ အခုထိ မသေချာသေးဘူး။ မြန်မာပြည်ဘက်ကိုဆိုတာ ရခိုင်ကမ်းရိုးတန်းရှိမယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းရှိမယ်။ အဲ့ ၂ နေရာကတော့ ဝင်မယ်ဆို ဖြစ်နိုင်ချေ အများဆုံးနေရာပေါ့။ အဲ့တော့ ဘယ်ဘက်ကိုပဲ လာလာပေါ့။ ဘင်္ဂလားဒေ့ရှ်ကိုပဲသွားသွား ကျနော်တို့က ညာဘက်အခြမ်းမှာ ရှိတဲ့အတွက် မုန်တိုင်းရဲ့ ပြင်းအားသက်ရောက်မှုက ရှိတယ်။ မုန်တိုင်း ဘယ်လောက်ပြင်းသလဲဆိုတာပေါ် မူတည်တယ်။ အဲဒီ့အတွက်ကို ဘာပဲပြောပြော ကျနော်တို့ မုန်တိုင်းတလုံး ဖြစ်လာရင် ကြိုတင်ပြင်ဆင်ဖို့ အချက်တွေ အများကြီးရှိတယ်။ အဲဒီဟာကို ပြည်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး မိုးများနိုင်တဲ့အတွက် ရေကြီးတဲ့ နေရာတွေ ရှောင်ရှားဖို့၊ မြစ်ချောင်း အင်းအိုင်တွေနား မနေဖို့နဲ့ ကုန်းမြင့်တဲ့နေရာတွေ ရွှေ့ပြောင်းဖို့ မိုးလေဝသ ပညာရှင်တယောက်က သတိပေး ပြောဆိုပါတယ်။

“ဆောင်ရန် ရှောင်ရန်ကတော့ လေပြင်းတိုက်နေတဲ့အချိန် မိုးကလည်းသည်းမယ်။ မိုးများမယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်ဆို မိုးရေချိန် ၈ လက်မ ၉ လက်မကနေ ၁၀ လက်မလောက်အထိ သွားမယ်။ မီလီမီတာဆို ၅၀၀ ကျော်လောက်ထိ သွားနိုင်တယ်။ မိုးများမယ်။ ရေကြီး ရေလွှမ်းတာတွေ ဖြစ်မယ်။ မြစ်တွေချောင်းတွေနားမှာ မနေသင့်ဘူး။ ကုန်းမြင့်တဲ့နေရာကို ရှာပြီး နေသင့်တယ်။ လေကွယ်တဲ့ဘက်ကို နေသင့်တယ်။ ကုန်းမြင့်ဆိုပြီး တောင်ထိပ်လိုမျိုး တက်နေလို့ မရဘူး။ ရခိုင်ရိုးမတို့ဘာတို့ ထိပ်ဖျားသွားနေလို့ မရဘူး။ မြင့်လေ လေတိုက်နှုန်းပြင်းလေ ဖြစ်မှာပေါ့လေ။ အဲ့တော့ အရေးကြီးတာတော့ မြေမြင့်တဲ့ဘက်ကို ရွှေ့သင့်တာလို့ လောလောဆယ် သတိပေးချင်တာပေါ့။”

ရခိုင်ပြည်နယ်ဘက်မှာတော့ လက်ရှိ မုန်တိုင်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြား လိုက်လံဆော်ဩတာ နှိုးဆော်တာ မရှိသေးဘဲ လှေလုပ်သားတွေကတော့ ပင်လယ်ဘက် မထွက်ကြတော့ဘူးလို့ ဒေသခံ စက်လှေသမားတယောက်က ပြောပါတယ်။

“တာဝန်ရှိသူတဲ့သူတွေကတော့ ကြေညာတာ မတွေ့သေးဘူး။ ဒီကလူတွေကတော့ ပြင်ဆင်မှု နည်းပါတယ်။ တအားကြီး ပြင်ဆင်တာတော့ မရှိဘူး။ မုန်တိုင်းလာမယ်တော့ ပြောနေကြတယ်။ စိုးရိမ်ကြတယ်ဆိုပေမဲ့လည်း တအားကြီးကြောက်ပြီး ဟိုပြေးဒီပြေးတာတော့ မရှိဘူး။ စိုးရိမ်ရတယ် မုန်တိုင်းလာတော့မယ်ပေါ့။ လှေလုပ်သားတွေတော့ လှေတွေကို နေရာချထားတယ်။ ချောင်းထဲမြစ်တွေထဲ ချထားတယ်။ လေဝင်လို့မရတဲ့ နေရာပေါ့။ ပင်လယ်ကမ်းနားမှာတော့ မချထားကြဘူး။ ပင်လယ်ကို မထွက်ကြတော့ဘူး။ ပင်လယ်မှာ ရှိနေတဲ့သူတွေလည်း ဝင်လာကြပြီ။ ကာကွယ်မှုဆိုတာ နည်းပါတယ်။ လူတွေက အဆင်ပြေတဲ့သူက တယောက်နှစ်ယောက်နဲ့ မပြေတဲ့သူက အများအပြား ရှိတာကိုး။ အစိုးရအနေနဲ့တော့ ကာကွယ်မှုလုပ်ဆောင်တာတော့ ဘာမှမရှိသေးပါဘူး။”

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာတော့ မုန်တိုင်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ကြိုတင်ပြင်ဆင်ထားတာ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားပါတယ်။ မုန်တိုင်းခိုဖို့ ဧရာဝတီတိုင်းထဲမှာ ဆိုင်ကလုန်း Shelter ၄၇ ခုနဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၁၁၈ ခုထိရှိပြီး ရခိုင်ပြည်နယ်ထဲမှာ နားခိုရာအဆောက်အအုံ ၅၄ လုံးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မုန်တိုင်းဝင်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအနေနဲ့ ကုန်တွင်း လေဖိအားနည်းရပ်ဝန်း ဆက်ရှိနိုင်ပြီး နေပြည်တော်ကိုဖြတ်ကာ မေလ ၁၅ ရက် နေ့လယ် ၁၂ နာရီလောက် ရှမ်းပြည်နယ်အရှေ့ပိုင်း နမ့်စမ်ဘက်မှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ DVB

ကန့်ဘလူတွင် စစ်တပ်က ရွာမီးရှို့ပြီး အ မျိုးသား ၁၂ ဦးကို ဖမ်းဆီးနှိပ်စက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက် ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၇) နံနက်က ဝင်ရောက်မီးရှို့ပြီးနောက် ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်သားနှင့် ပျူစောထီး ခေါ် ပြည်သူ့စစ် စုပေါင်းအင်အား ၁၀၀ ခန့်က မြို့တောင်ဘက် ၃၅ မိုင်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် အဆိုပါရွာကို ယမန်နေ့ နံနက် ၅ နာရီခန့်တွင် ရုတ်တရက် ရောက်လာသည်။

ဝင်ရောက်စီးနင်းသူများသည် ရွာတောင်ဘက် ၂ မိုင်ခန့်အကွာ ယမနေကျေးရွာတွင် ကာလရှည် တပ်စွဲ‌နေထိုင်သူများ ဖြစ်ကြောင်း ထောက်ရှာအိုင်ရွာမှ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်ခြေရင်းမှာ နေရတာဆိုတော့ ရွာသူရွာသားတွေက ရွာအပြင်မှာ ထန်းလက်တဲနဲ့ နေကြတာ။ အဲဒီတဲတွေကနေ ဖမ်းခေါ်ပြီးတော့ ဓားစာခံလုပ်ပြီး၊ ဖမ်းခေါ်သွားပြီး ပစ်ခတ်ဝင်တာပဲ” ဟု ထိုအမျိုးသမီးက ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်တို့က တိုက်ခိုက်ခံရခြင်းမှ လွတ်ကင်းရန် ထိုသို့ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းဖြစ်ပြီး ထိုသို့ အကာအကွယ်ယူခြင်းမျိုးကို စစ်ကိုင်းတိုင်းတွင် အများဆုံး တွေ့နိုင်သည်။  

ထို့နောက် နံနက် ၈ နာရီခန့်အထိ ရွာကို မီးတင်ရှို့ခဲ့ပြီး ရွာအပြင်မှ ဖမ်းခေါ်လာသည့် ဒေသခံအများအပြားကို ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ ဘုန်းကြီးကျောင်း မြေအောက်ခန်းတွင် ရွာသူရွာသားများ လှူဒါန်းထားသည့် ရိက္ခာများကို ဖျက်ဆီးခဲ့သလို အချို့ကို ယူဆောင်သွားကြောင်း ထောက်ရှာအိုင်ရွာခံများထံမှ သိရသည်။

ချုပ်နှောင်ထားသူများအနက် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်၍ စစ်ကြောင်းက ယင်းနံနက်မှာပင် ရွာမှ ထွက်ခွာသွားသည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ လူငယ်အမျိုးသား ၁၂ ဦးထဲတွင် အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ်တစ်ဦး ပါဝင်ပြီး ဘုန်းကြီးကျောင်းအတွင်းတွင် ၎င်းတို့ ရိုက်နှက် စစ်ဆေးခံရကြောင်း ပြန်လွတ်လာသူများကို ကိုးကား၍ အထက်ပါအမျိုးသမီးက ပြောသည်။

“ယောကျ်ားသားတွေကိုကျ သူတို့မေးတာတွေ မဖြေတတ်တော့ ကျောင်းပေါ်တင် နှိပ်စက်တာပေါ့၊ ပါးတွေနားတွေ ရိုက်တာတွေ လုပ်တာပေါ့” ဟု သူက ဆိုသည်။

စစ်တပ်၏ မီးရှို့မှုကြောင့် ထောက်ရှာအိုင်ရွာ ထက်ဝက်ခန့်ဖြစ်သော နေအိမ် ၁၅၀ ခန့် မီးလောင်ပြာကျသွားကြောင်း  အထက်ပါအမျိုးသမီးက ပြောပြသည်။ 

“တချို့အိမ်တွေ ဝက်တွေပါတယ်၊ နွားတွေပါတယ်။ အိမ်ကြီးအိမ်ကောင်းကတော့ ဘာမှကို မကျန်တော့ဘူး။ (ကျွန်မရဲ့ အိမ်လည်း) အကုန်လုံးပါတာ၊ ဘာမှကို မရလိုက်တာ၊ ငိုပြီး ပြန်လာရတာပဲ။ အိမ်ကြီးအိမ်ကောင်းကတော့ ဘာမှ မကျန်ဘူး၊ ရွာတစ်ခြမ်းလုံး ပါသွားတာပဲ” ဟု သူက ဆိုသည်။

ဖမ်းဆီးခံထားရသည့် လူငယ်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ကြားသိရပြီး ၎င်း၏ တူတော်စပ်သူများလည်း ပါဝင်နေ၍ အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း အထက်ပါ ထောက်ရှာအိုင်ရွာခံ အမျိုးသမီးက ပြောသည်။ 

“ကိုယ့်အိမ်တွေ မီးလောင်တာထက် ပိုခံစားရတယ်။ ကိုယ့်တူအရင်းတွေ ပါသွားတာဆိုတော့ ပိုဆိုးတယ်။ အိမ်ဆိုတာ မသေရင် ထူထောင်လို့ရတယ်။ လူ့အသက်က ဘယ်လိုမှ အစားထိုးလို့ မရတော့ဘူးလေ” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူတစ်ဦးကလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ထောက်ရှာအိုင်ရွာသား ၁၂ ဦးမှာ ယမနေကျေးရွာအတွင်း ညှဉ်းပန်းစစ်ဆေးခံနေရသည်ဟု သိရကြောင်း ပြောသည်။

“လက်ပြန်ကြိုးတုပ်ပြီး နေပူထဲ ပစ်ထားတယ်လို့ပဲ သတင်းကြားရသေးတယ်။ ဒီအချိန် နေပူလှန်း သေပြီပေါ့ဗျာ။ ကျွန်တော်တို့လည်း သူတို့အခြေအနေ စောင့်ကြည့်နေရတာပဲ” ဟု သူက ပြောသည်။

အဆိုပါစစ်တပ်နှင့် ပျူစောထီးကြောင်းသည်‌ မေ ၄ ရက်နေ့လည်း ယမနေရွာမှ အနောက်ဘက် ၇ မိုင်ခန့်အကွာ သရက္ကံကြီးရွာကို ဝင်ရောက်စီးနင်းကာ စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော် ဆိုသူကို ပစ်သတ်ခဲ့ပြီး ဒေသခံ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊  မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ myanmar now

ပြည်မြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တဲကုန်းအုပ်စု၊ တဲကုန်းကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးသန်းနှင့် မယားဖြစ်သူ တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရသည်။

ယနေ့မေလ ၈ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က အကြမ်းဖက်စစ်ကောင်စီအားကိုးဖြင့် ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော အုပ်ချုပ်ရေးမှူး စိုးသန်းနှင့် ဇနီးသည် မိဆွေတို့သည် ဈေးမှ ပြန်လာစဉ် ကြပ်ကုန်းကျေးရွာအနီးအရောက် ပစ်ခတ်ခံရကာ နေရာမှာပင်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

စိုးသန်းသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် ၎င်း၏ဇနီး မိဆွေမှာလည်း စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားကိုးဖြင့် ပြည်သူလူထုကို ခြိမ်းခြောက်အနိုင်ကျင့် ဖမ်းဆီး ခိုင်းခြင်းများ ကျူးလွန်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် အကြမ်းဖက် စစ်ကောင်စီ ၏ အကြီးစားဒေါက်တိုင်များဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအ ခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူလူထုကို ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit

မြောက်ဦးတွင် သောက်သုံးရေကန် ခန်း ခြောက်သဖြင့် ဒေသခံပြည်သူများ အခက်တွေ့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နွေရာသီ သောက်သုံးရေကန် ခန်းခြောက်သွားလို့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရှားပါးမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့နယ် ပြလှကျေးရွာမှာ သောက်သုံးရေကန် ခန်းခြောက်သွားပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ သောက်သုံးရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြလှကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သောက်သုံးရေကန် ခန်းခြောက်သွားတာတော့ တလလောက်ရှိပါပြီ။ အဲဒီရေကန်ကို ပြလှကျေးရွာက အိမ်ခြေ ၁၄၀ က ပြည်သူတွေအပြင် လက္ကာ၊ ဝေသာလီ၊ ပေါက်တောပြင် ကယ်ဆယ်ရေးစခန်းတွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်က စစ်ဘေးရှောင် ပြည်သူတွေပါ သုံးစွဲနေကြတာ။”

ရေကန်က ကြီးပေမဲ့ ရာသီဥတုမမှန်လို့ မိုးရေဝင်ရောက်မှု နည်းပါးကာ ကန်မှာ မိုးရေတဝက်လောက်တောင် မရရှိခဲ့ဘဲ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေပါ ဝိုင်းဝန်းသုံးဆွဲတာကြောင့် ကန်ရေခန်းခြောက်ခဲ့ရတာလို့ ဆိုပါတယ်။

ဘေးပတ်ဝန်းကျင်ကျေးရွာတွေမှာ သောက်သုံးရေကန်တွေ ရှိပေမဲ့ သူတို့ရွာမှာ ရေရှားပါးမှု ဖြစ်မှာကို စိုးရိမ်ကာ ပိတ်ပင်တားမြစ်ထားတာကြောင့် ဝေးလံတဲ့နေရာတွေကို ရေလမ်း၊ ကုန်းလမ်း ၂ ဆင့်နဲ့ သွားရောက်ခပ်ယူနေကြရတယ်လို့ ဆိုပါတယ်။

ရေကတော့ ဝေသာလီဆည်နဲ့ အဘောင်တော်ဆည်တွေမှာ ရှိပေမဲ့ ရေကားဝင်ရောက်နိုင်ဖို့က တိမ်ညိုဘက်ကနေ ပတ်ပြီးဝင်ရမှာဖြစ်သလို တံတားပျက်စီးနေလို့ ရေကားဝင်ဖို့ အဆင်မပြေတာကြောင့် တံတားကို ကိုယ်ထူကိုယ်ထ ပြုပြင်နေကာ သိန်း ၃၀ ကျပ်ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။

အဲဒီသောက်သုံးရေကန်ကိုတော့ ရွာကနေ ရန်ပုံငွေတွေကောက်ခံပြီး သိန်း ၁၂၀ ကျပ် ကုန်ကျခံ တူဖော်ထားပေမဲ့ ဆက်လက်တူးဖော်နိုင်ဖို့ ငွေရေးကြေးရေး အခက်အခဲတွေရှိနေလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့တတ်နိုင်သ၍ ထောက်ပံ့ကူညီပေးကြဖို့ အကူအညီ တောင်းခံချင်တယ်လို့ ဆိုပါတယ်။

တံတားပြုပြင်တည်ဆောက်ပြီးရင်တော့ ရေကားတွေကို ဆက်သွယ်အကူအညီ တောင်းထားပြီး NGO အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ သောက်သုံးရေတွေ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ DVB

« Older Entries