Monthly Archives: May 2023

ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်၊ ထန်းတောရွာကို စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၁၅ လုံးကျော်နှင့် ဆိုင်ကယ်အစီး ရာချီဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းနဲ့ National Revonary Guards – NRG (Salingyi) တပ်ဖွဲ့ အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၈ ရက် မနက်အစောပိုင်းက စတင်ကာ မြိုင်မြို့ပေါ်က အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းက ဆားလင်းကြီးနယ်ထဲကို စစ်ကြောင်းစတင်ထိုးလာခဲ့တာဖြစ်ပြီး ညနေ ၃ နာရီခွဲလောက် ဆားလင်းကြီးနယ် အိုမထန်းတော ဇက်(​လှေဆိပ်)အရောက်မှာ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ National Revonary Guards-NRG (Salingyi) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

“ပထမ ကျနော်တို့မဟာမိတ်တွေဘက်ကနေ မိုင်းအရင်ဆွဲတာ၊ ၃ ယောက် လေပေါ်ကို မြောက်တက်ပြီးတော့ကို သေတာဗျ။ အဲ့ဒါကြောင့် ဒေါ သထွက်သွားတာလားမသိဘူး၊ ပြည်သူပိုင် စျေးဆိုင်တန်းတွေကို မီးရှို့တယ်။ အဲ့စျေးဆိုင်တွေမှာ အရင်က လူရှိတယ်။ ဒီကောင်တွေ စစ် ကြောင်းကို ကြောက်လို့ ရတာဆွဲပြေးရတော့တာပဲဗျာ။ ပြီးတော့ ဇက်ဆိပ်ကနေ မုံရွာဘက်ကမ်းကို ကူးဖို့ ဇက်တွေပေါ် ဒီကောင်တွေ တက်တဲ့အချိန် ကျနော်တို့ အရဲစွန့်ပြီး ဝင်တိုက်တာ ပွဲစတော့တာပါပဲ။ ဒီကောင်တွေ သေတာနဲ့ ဒဏ်ရာရတာကတော့ သေချာတဲ့ ဖရဲသီးသတင်းပါခင်ဗျ။ ကျနော်တို့ ပွဲတွေဆက်နေလို့ ကျည်ဖိုးတွေလည်း လိုအပ်နေပါတယ်ဗျ။”

အဆိုပါ ဇက်(လှေ)ပေါ်တက်နေဆဲ  စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ မီတာ ၁၀၀ ခန့်ကနေ ပစ်ခတ်ခဲ့ရာမှ မိနစ် ၄၀ လောက်အထိ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

ဆားလင်းကြီးမြို့ခံ ဘုန်းကြီးတပါးက “မနေ့ နေ့လယ်ကတည်းက မိုင်းကွဲသံတွေ၊ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ကြားနေရတာ။ အဲ့နေရာတွေက စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ နေရာတွေချည်းပါပဲ။ မနှစ်ကလည်း ဒီလိုအချိန်ပဲ ဦးဇင်းတို့နယ်ထဲက ဖိုလ်ဝင်တောင်အရှေ့ဘက်က လူငယ်လေးနှစ်ဦးကို ဖမ်းသွားပြီး တောင်အနောက်ဘက်ခြမ်းက မင်စုရွာဘက်မှ သတ်ပြီးထားပစ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကို National Revolutionary Guards-NRG (Salingyi)၊ Chindwin Dynamite၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတဦး ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ သောင်းဂဏန်းလောက် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲက ထန်တောရွာကို စစ်ကောင်စီတပ်က မေ ၈ ရက် ညနေ ၃ နာရီကျော်မှာ မီးရှို့တာကြောင့် လူနေအိမ် ၁၅ လုံးကျော်နဲ့ ဆိုင်ကယ်အစီး ၂၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ ထန်တောရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်သားတွေဟာ အင်အား ၂၀၀ ကျော်နဲ့ စလင်းမြို့ကနေ ဆားခါးရွာ၊ ရေခါးရွာ၊ ဖောင်းကတာရွာကိုဖြတ်ပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းအ‌ တွင်း‌ ဝင်ရောက်ညအိပ်ကာ မေ ၈ ရက် မနက်မှာ ထန်တောရွာကို ဝင်ရောက်ယာယီတပ်စွဲကာ ချက်ပြုတ်စားသောက်ပြီး အခုလို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ထန်တောရွာသားတဦးက “အစပိုင်းကတော့ ရွာထဲမှာ ချက်ပြုတ်စားသောက်ပြီး မုံးရွာဘက်ပြန်ဖို့ရာ ဇက်ဆိပ်ကမ်းကို သွားတဲ့အချိန် မိုင်းပေါက် ကွဲအသံနှစ်ခု ကြားလိုက်တယ်။ ဘယ်ဘက်က ဖောက်ခွဲတယ် ဆိုတာတော့ အတိအကျမသိဘူး။ ကွဲတာက ညောင်ပင်ကြီးသစ်ကွင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေး ဇက်ဆိပ်အနီးအနားက ပေါက်ကွဲတာ။ အဲ့ပေါက်ကွဲသံကြားရပြီး သစ်ကွင်းဘေးအနီးက အိမ်တွေကို မီးရှို့တော့တာပဲ။ နောက်ပြီး ကျနော်တို့ဘက်က အလုပ်သမားတွေက မုံရွာဘက် အလုပ်သွားလုပ်တဲ့အခါ ဆိုင်ကယ်တွေကို မုံရွာဘက်ခြမ်းမယူဘဲ ဇက်ဆိပ်အနီးအနားမှာ အပ်ပြီး ထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်။ အစီးအရေအတွက်က အတော်များမယ်။ ခန့်မှန်းခြေဆိုရင် ၂၀၀ အထက်မှာရှိမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်မီးရှို့တဲ့ ထန်တောရွာဟာ မုံရွာမြို့ရဲ့တဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဘက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်သလို ညောင်ပင်ကြီး၊ ရွာရှည်၊ ထန်တော သုံးရွာစပ်တန်းရွာရှိတဲ့ ကျေးရွာတွေလည်းဖြစ်တယ်လို့ သိရပါတယ်။ DVB

စစ်အာဏာရှင်ကို အစောဆုံးဆန့်ကျင်သည့် ကြံခင်းမှရဲညီအစ်ကိုနှစ်ဦးကို ထောင်ခွဲထားသဖြင့် မိသားစုများ အခက်တွေ့

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မရဲစခန်းမှ စစ်အာဏာရှင်ကိုအစောဆုံးဆန့်ကျင်ခဲ့သည့် ရဲညီအစ်ကို နှစ်ဦးကို ထောင်ခွဲထားသဖြင့် မိသားစုဝင်များအခက်တွေ့နေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အာဏာသိမ်း မှုအားဆန့်ကျင်ကြောင်းရေးသားခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ရဲတပ်သား သူရိန်လင်းနှင့် ဒုတပ်ကြပ် တာ ရာလင်းတို့ ညီအစ်ကိုနှစ်ဦးကို စစ်အုပ်စုကထောင်ခွဲထားခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် “တိုင်းပြည်ကိုခွေးဆွဲသွားပြီ၊ ငရဲခွေးကြီးလွတ်နေပြီ၊ ပြည်သူကကျွေးထားတဲ့ ထမင်းကို စားပြီး အာဏာရှင်ကိုကာကွယ်ဖို့မဟုတ်ဘူး” စာသားများရေးသားခဲ့သည့် ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်အုပ်စုနှင့်ရဲများ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရဲကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ်စီ ပြစ် ဒဏ်ချမှတ် ခံခဲ့ရ သည်။

ယင်းနောက် ထောင်တွင်း၌ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့်အမှုဖွင့်ကာ ထောင်ဒဏ် သုံးနှစ်စီ ထပ်မံချမှတ်ခဲ့သည်ဟု ၎င်းတို့၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်တွင် အဆိုပါ ရဲညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ရဲများက ပုသိမ်အကျဥ်းထောင်မှခေါ်ထုတ်သွားပြီးနောက် ယခုကဲ့သို့ ထောင်ခွဲထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ညီအစ်ကိုနှစ်ဦးအနက် ညီဖြစ်သူ ဒုတပ်ကြပ်တာရာလင်းအား မအူပင်ထောင်သို့ပြောင်းရွှေ့ကာ အစ်ကို ဖြစ်သူ ရဲတပ်သားသူရိန်လင်းအား မြောင်းမြအကျဥ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ နှစ်ဦး၏မိသားစုဝင်ကပြောသည်။

“သတင်းကြားကြားချင်းမှာ ပုသိမ်ထောင်ကိုလိုက်သွားပြီး မေးတယ်။ ထောင်တာဝန်ရှိသူတွေက မအူပင် ထောင်မှာလို့ပြောလို့ မအူပင်ထောင်ကိုလိုက်သွားတော့ မအူပင်ထောင်မှာအငယ်ကောင်ပဲရှိတယ်။ အကြီး ကောင်ကိုဘယ်မှာထားလဲမေးတော့ မပြောကြဘူး။ ကိုယ့်ဟာကိုယ် တော်တော်စုံစမ်းယူမှ မြောင်းမြ ထောင်မှာ အကြီးကောင်ရှိနေတယ်ဆိုတာ သိရတာပါ” ဟု ဆိုသည်။

ယင်းကဲ့သို့ မိုင် ၁၀၀ ခန့်ကွာဝေးသည့်နေရာများတွင် ထောင်ခွဲထားသည့်အတွက် ထောင်ဝင်စာပို့ရန် အခက်အခဲဖြစ်နေကြောင်း မိသားစုဝင်က ပြောသည်။

“ထောင်ဝင်စာပို့ချင်ရင် ကြံခင်းကနေမြောင်းမြထောင်ကို အရင်သွားရတယ်။ ပြီးမှ မအူပင်ထောင်ကိုဆက် သွားရတာပေါ့။ အဲ့ဒီမြို့တွေမှာ အ သိမိတ်ဆွေလည်းမရှိ ညအိပ်ဖို့အခက်အခဲတွေလည်းဖြစ်တော့ တော် တော်အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရပြီးနောက်ပိုင်း တစ်ကြိမ်မျှတွေ့ခွင့်မရသည့်အတွက် ထောင်ထဲတွင် ကျန်းမာရေးကောင်းမွန်မှု ရှိ၊ မရှိ မသိရကြောင်း၊ မိသားစုဝင်များ စိုးရိမ်နေကြကြောင်းလည်းပြောသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦး၏ဖခင်ဖြစ်သူ ဦးသန့်စင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက လိုက်လံ ဖမ်းဆီးနေသည့်အတွက် ရှောင်တိမ်းနေရသည်ဟု သိရသည်။

ထို့ပြင် ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာရှိ ရဲညီအစ်ကိုနှစ်ဦး၏ဖခင်ဖြစ်သူ ဦးသန့်စင်၏နေအိမ်ကို လည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ နိုဝင် ဘာလ ၂၅ ရက်နေ့က ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။ mizzima

အာဆီယံအနေဖြင့် အရေးကြီးဆုံးဖြတ်ချက် ချရမည့် အလှည့်အပြောင်းကာလ ရောက်နေဟု အင်ဒိုနီးရှားဝန်ကြီး သတိပေး

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုတို့ အရှိန်မြင့်လာမှုအရေးကိစ္စက အာဆီယံထိပ်သီးအစည်းအဝေး ဆွေးနွေးမှုများအ ပေါ် လွှမ်းမိုးနေခြင်းနှင့်အတူ အရှေ့တောင်အာရှ နိုင်ငံများသည် အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အလှည့်အပြောင်းကာလတစ်ခုကို ရောက်နေပြီဟု အင်ဒိုနီးရှား အကြီးတန်းဝန်ကြီးတစ်ဦးက မေလ ၉ ရက်တွင် သတိပေးသည်။

မြန်မာတွင် ပြီးခဲ့သည့် နှစ်နှစ်ကျော်အကြာက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ ယင်းနောက် သွေးထွက်သံယိုများသော ဖြိုခွင်းနှိမ်နင်းမှုကို လုပ်ဆောင်ပြီးနောက် နိုင်ငံသည် လူသေဆုံးသော အကြမ်းဖက်မှုများဖြင့် ထိခိုက်ခံစားခဲ့ရသည်။

ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ်ဖြစ်နေသည့် ဆွေးနွေးလေကန်ရာနေရာတစ်ခုအဖြစ် ကာလကြာကတည်းက ဝေဖန်သူများ၏ ဝေဖန်ခြင်းကို ခံထားရသည့် အာဆီယံအုပ်စုသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးရာ အားထုတ်မှုများကို ဦးဆောင်ထားသည်။

သို့သော် ထို ကြိုးပမ်းအားထုတ်မှုများက အရာမထင်ဘဲ ဖြစ်နေခဲ့သည်။ မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုရင်း ၎င်းတို့ကို ဆန့်ကျင်အတိုက်အခံပြုနေသည့် ဖြုတ်ချခံ လွှတ်တော်အမတ်များ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ထားသည်။

ပြီးခဲ့သည့်လက တော်လှန်ရေးအင်အားစု အမာခံနယ်မြေတစ်ခုရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၇၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် နိုင်ငံတကာ၏ ပြစ်တင်မှုများ ထွက်ပေါ်ခဲ့သလို စစ်အုပ်စု၏ သီးခြားအထီးကျန်မှုကိုလည်း ပိုဆိုးစေခဲ့သည်။

အကြမ်းဖက်မှုများ ရပ်ဆိုင်းအဆုံးသတ်ရေး ပိုမို တင်းမာပြတ်သားသော ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် အာဆီယံအပေါ် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့သည်။

“အာဆီယံဟာ ဆုံးဖြတ်ချက် ချရမယ့် အတိမ်းအစောင်းမခံတဲ့ အခြေအနေ အဆင့်တစ်ခုမှာ ရောက်နေပြီ” ဟု အင်ဒိုနီးရှား၏ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်မှု ဝန်ကြီး မာဟ်ဖက်ဒ်က အာဆီယံထိပ်သီးအစည်းအဝေး၏ ပထမဆုံးနေ့ဖြစ်သည့် မေလ ၉ ရက်တွင် သတိပေးသည်။

“အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ပေါ်နေတာက အုပ်စုအဖွဲ့တစ်ခုအဖြစ် မိမိတို့ရဲ့ လုပ်နိုင်စွမ်းပကားအပေါ် စမ်းသပ်နေတယ်။ ပြီးတော့ အဲဒီ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာမျိုး မရှိဘူးဆိုရင် မိမိတို့ရဲ့ ဆီလျော်ဆက်စပ်မှုအပေါ် ထိခိုက်စေမယ့် အန္တရာယ် ရှိပါလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့်လက မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှုက “ဖြစ်နိုင်ဖွယ်ရာ စစ်ရာဇဝတ်မှု” တစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောပြီး မြန်မာစစ်တပ်၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ရန်နှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်စေရေး စစ်အုပ်စုကို ဖိအားပေးရန် ပိုမိုအားကောင်းသည့် အစီအမံလုပ်ဆောင်ချက်များ လုပ် ဆောင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ရန် အာဆီယံကို တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၌ မေလ ၇ ရက်က အာဆီယံ လူသားချင်းစာနာမှု အကူအညီ ချိတ်ဆက်ညှိနှိုင်းမှုဆိုင်ရာ အရာရှိများနှင့် သံတမန်များ ပါသည့် ယာဉ်တန်းတစ်ခု ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပြီးနောက် အာဆီယံအုပ်စုအပေါ် ဖိအားများ ပိုမိုတိုးမြင့်လာခဲ့သည်။ mizzima

မန္တလေးတွင် လျှပ်စစ်မီး တစ်နေ့ ၁ နာရီသာရ

မန္တလေးမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ဧပြီလကုန်ပိုင်းမှ စတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး တစ်နေ့လျှင် ၁ နာရီသာ ဓာတ်အား ရရှိသည်ဟု မြို့ခံများက ယနေ့ (မေ ၉) တွင် ပြောသည်။

မဟာအောင်မြေ၊ ချမ်းမြသာစည်၊   ချမ်းအေးသာစံ၊ အောင်မြေသာစံ၊  အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်များ အားလုံးတွင် ထိုအခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

မတ်နှင့် ဧပြီလဆန်းပိုင်းတွင် တစ်ရက်လျှင် ၄နာရီခန့် လျှပ်စစ်မီး ရရှိခဲ့သေးသည်ဟု   ချမ်းအေးသာစံမြို့နယ်နေအသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးကပြောသည်။

“တစ်နာရီကျော်ကိုတောင် တစ်ခါတည်းပေးတာ မဟုတ်ဘူး။ ၁၅မိနစ်လာလိုက် ပျက်သွားလိုက်။ ထမင်းတစ်အိုးတောင် ဖြောင့်အောင့်တည်လို့မရဘူး။ နောက်ဆုံး ရာသီဥတုပူပူနဲ့ ထင်းမီးနဲ့ချက်ရတယ်။ ဒုက္ခတွေလည်း များလိုက်တာ” ဟု ၎င်းကပြောသည်။

ငွေကြေး ပိုမိုတတ်နိုင်သူများက  လောင်စာဆီသုံး အသေးစား ဓာတ်အားပေးစက်များ၊ နေစွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်  သုံးစွဲလာကြပြီး ငွေကြေးမတတ်နိုင်သည့် အခြေခံလူတန်းစားများကမူ ပိုမို၍ ဒုက္ခပင်လယ်ဝေနေရသည်ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။

“ဆိုလာပြားတွေ သုံးလာကြတယ်၊  ပန်ကာဖွင့်တာ၊  ဖုန်းအားသွင်းတာ၊  မီးထွန်းတာတို့ကို ဖြေရှင်းလို့ရကြတယ်၊  အဲဒီ ဆိုလာကလည်း အစ်မတို့မှာက မတတ်နိုင်ဘူး။ ဒီတော့ ဖယောင်းတိုင် သုံးရတယ်၊  ထင်းမီးသုံးရတယ် ရှေးခေတ်ကို ပြန်ရောက်သွားတာပဲ” ဟု ၎င်းက ဆိုသည်။ 

မဟာအောင်မြေမြို့နယ်နေ ကျောက်သွေးလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ အရွယ် အမျိုးသားကလည်း လျှပ်စစ်ဓာတ်အား မရခြင်းကြောင့်  လုပ်ငန်း ရပ်ထားရသည်ဟု ပြောသည်။

“ကျောက်မသွေးရတာလည်း တော်တော်ကိုကြာပြီ၊ ဒီမီးနဲ့က ဘာလုပ်စားရမှန်းကို မသိတော့တာ။ နောက်ဆုံး ဖုန်းအားသွင်းဖို့၊ ထမင်းအိုးတည်ဖို့တောင် လုံလုံလောက်လောက် မရဘူးဗျာ” ဟု ထိုအမျိုးသားက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ထင်းမီးများ၊  မီးသွေးဖိုများနှင့် ဖယောင်းတိုင်များကို ပြန်လည်သုံးစွဲလာကြရာ နောက်ဆက်တွဲ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းပြီး နိုင်ငံ စီမံအုပ်ချုပ်ရေး ဆောင်ရွက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံမြို့အများအပြားတွင် လျှပ်စစ်ဓာတ်အားပြဿနာ တက်လာ၇ာ  ယမန်နှစ် ၂၀၂၂ခုနှစ်မှစတင်ကာ ထိုပြဿနာ ပိုမိုဆိုးရွားလာပြီး ယခုနှစ်တွင်မူ အဆိုးဆုံးအခြေအနေ ပေါ်ပေါက်နေသည်။

လျှပ်စစ်မီးမရရှိမှုကြောင့် မန္တလေးတွင် ရေပြတ်လပ်နေပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(မန္တလေး)၊  မီးသတ်တပ်ဖွဲ့များနှင့်အခြားသော ပရဟိတအသင်းများက မြို့နယ်အသီးသီးသို့ နေ့စဉ်ရေပေးဝေနေရသည်။

မန္တလေးတွင်  စည်ပင်ဌာန ရေမီတာကို သုံးစွဲသူများပြားပြီး  ပိုက်လိုင်းရေကို  ရေမော်တာစက်များ ခုတ်မောင်းကာ ရယူ သုံးစွဲကြသည်။

ယခုအခါ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းသာ ရသဖြင့်  ရေပင်နပ်မမှန်တော့ဟု ချမ်းအေးသာစံမြို့နယ်နေ အသက်(၄၅)အရွယ် အမျိုးသားကဆိုသည်။

“မီးလာချိန် ရေအမြန်တင်ရတဲ့ အလုပ်တစ်ခုလည်းပိုလာတယ်၊ မဟုတ်ရင် ချိုးစရာတောင်မရှိဘူး။

ရေရောမီးရောအတူတူပါပဲ၊ ခုဆို မီးလာချိန် ည၂နာရီ၃နာရီဆိုလည်း ရေထတင်ရတဲ့အလုပ်က ပိုလာတယ်၊  ရာသီဥတုပူလို့အိပ်မရတာနဲ့၊  ရေတင်နေရတာနဲ့၊ တစ်ရက်မှကောင်းကောင်း မနေရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

“ဟိုကာတွန်းလေးကို သွားသတိရမိတယ်၊ မီးလာလို့ ရေချူတာ၊  မီးကပြန်ပျက်သွားတော့ ကိုယ့်ထဲက နှစ်ဖလား ဆုံးသွားတယ်ဆိုတဲ့ ဟာသလေးလိုပေါ့။ တစ်ခါတလေ တကယ်ကို အဲ့အတိုင်းပဲ”

လတ်တလောတွင် မန္တလေးတိုင်းအတွင်း နေ့ပျမ်းမျှအပူချိန်၄၂ ဒီဂရီစင်တီဂရိတ်ရှိနေရာ ဒေသခံတို့မှာ ရာသီဥတုပူပြင်းသည့်ဒဏ်ကို ပြင်းထန်စွာခံစားနေကြရပြီး လျှပ်စစ်မီးနှင့်ရေ လုံလောက်စွာ မရရှိမှုကြောင့် ပိုမို ဒုက္ခများနေကြရသည်။

စီမံခန့်ခွဲနိုင်ခြင်း မရှိပါက စစ်ဗိုလ်ချုပ်များ စစ်တန်းလျားတွင်သာ နေသင့်သည်ဟု စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ မြို့ခံတစ်ဦးက ဝေဖန်သည်။

 “ဓာတ်အား မလုံလောက်တာလား။ ဒါမှမဟုတ် ပြည်သူကို သူတို့ကို မကြိုက်လို့၊  ဆန့်ကျင်ခဲ့လို့ဆိုပြီး သက်သက်မဲ့ အငြှိုးနဲ့လုပ်နေသလားလို့တောင် ထင်ရပါတယ်။ တာဝန်မကျေရင်၊  တာဝန် မယူနိုင်ရင်လည်း အမြန်ဆုံးသာ ဆင်းပေးကြပါတော့”ဟု သူက ပြောလိုက်သည်။ myanmar now

ပညာရေးဆိုင်ရာ အဆောက်အဦများတွင် သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မည့် မူဝါဒကို NUCC အတည်ပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မတ်လ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆိုင် ရာမူဝါဒများ ထုတ်ပြန်ချက်တွင် အခြေခံပညာကျောင်းများ၊ သက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများအားလုံးတွင် ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ နှင့် ဝန်ထမ်းသမဂ္ဂများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြထားသည်။

ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့် ဝန်ထမ်းသမဂ္ဂများသည် မိမိတို့၏ ဖွဲ့စည်းပုံ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ကိုယ်တိုင်ရေးဆွဲပြီး သမဂ္ဂ အမှုဆောင်များကို ဒီမိုကရေစီနည်းအရ အဆင့်ဆင့် ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း မူဝါဒတွင် ထည့်သွင်းထားသည်။

သမဂ္ဂအဆောက်အဦများကိုလည်း ပညာရေးအဆောက်အဦများတွင် ထည့်သွင်းထားရှိသွားမည်ဟု NUCC က ဆိုသည်။

ပညာရေးဥပဒေတွင် ထိုသို့ထည့်သွင်းထားမှုအပေါ် ကြိုဆိုကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ပြောခွင့်ရသူ ကိုမင်းဟန်ထက် မဇ္ဈိမသို့ ပြောသည်။

“ကျောင်းသား သမဂ္ဂတွေ အနေနဲ့ သူရှိနေတဲ့ ခေတ်ရဲ့ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်တဲ့သူတွေက အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တရားဝင်တယ်လို့ သတ်မှတ်သည်ဖြစ်စေဦး မဝင်ဘူးလို့ သတ်မှတ်သည်ဖြစ်စေ၊ ကျောင်းသား သမဂ္ဂတွေက ဖွဲ့စည်းဆောင်ရွက်ကြရတာပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ တရားဝင်မှုက အုပ်ချုပ်သူဆီကနေ လာတာမဟုတ်ဘဲနဲ့ ကျောင်းသားထုဆီက လာတာဖြစ်တယ်၊ အဲ့တော့ ကျောင်းသားသမဂ္ဂတွေ ရပ်တည်နိုင်ခြင်းဆိုတာက အစိုးရက အသိအမှတ် ပြုပေးခြင်းအပေါ်မှာတော့ အများကြီးတော့ မမှုတည်ဘူးပေါ့ဗျာ” ဟု တကသများ-ရန်ကုန်က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောသည်။

ယခင်ကပညာရေးဥပဒေများတွင် သမဂ္ဂများဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တရားဝင်ပြဋ္ဌာန်းပေးမှု မရှိခဲ့ပေ။

လက်ရှိမှာ NUCC က ထုတ်ပြန်သည့် ပညာရေးမူဝါဒတွင် သမဂ္ဂများ အခန်းကဏ္ဍ ပါဝင်လာသည့်အပေါ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မှတ်ချက်ပေးစရာမရှိသေးကြောင်း မဇ္ဈိမသို့ ပြောသည်။

NUCC က အတည်ပြုလိုက်သော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆိုင်ရာ မူဝါဒများတွင် ဆရာနှင့် ကျောင်းသား သမဂ္ဂများသည် ပညာရေးကောင်စီ အဆင့်ဆင့်အလိုက် ထည့်ဝင်ဖွဲ့စည်းရမည်ဟု ရေးသားထားသည်။

၎င်းတို့သည် ပြည်နည်နှင့် ဖက်ဒရယ်ပြည်ထောင်စုအဆင့် အဖွဲ့ချုပ်များကိုလည်း ဖွဲ့စည်းနိုင်ပြီး ကိုယ်စားလှယ်မျာသည် သက်ဆိုင်ရာ ပညာ ရေးကောင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ mizzima

ဆားလင်းကြီး၊ ထန်းတောရွာကို မီးရှို့ ဖျက်ဆီးသွားသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မှ ထွက်ခွာလာပြီး ထန်းတောရွာကို မီးရှို့ဖျက်ဆီးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ဆားလင်းကြီးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ် သား၊ ပျူစောထီး အင်အား ၁၅၀ ခန့် သည် အိုမထန်းတော ဇက်ဆိပ်အရောက် မုံရွာမြို့ဘက်သို့ ဇက်ကူး ရန်ပြင်ဆင်နေစဉ် မျိုးဆက်သစ်လူငယ်များအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး လေပေါ်မြောက်ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ဇက်ဆိပ်ရှိ နေအိမ် ဈေးဆိုင် ၁၂ ဆိုင်နှင့် ဆိုင်ကယ်အစီး ၂၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ထို့သို့ မီးရှို့ဖျက်ဆီးနေစဉ် National Revolutionary Guards (NRG/Salingyi) နှင့် ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့ တောင်ပံနီတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းကာ ၄၀ မမများ၊ မောင်းပြန်သေနတ်များဖြင့် မီတာ ၁၀၀ အတွင်း အနီးကပ် တိုက်ပွဲ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး မိုင်းဆွဲမှုကြောင့် ၃ ဦးသေဆုံးခဲ့ရာ စုစုပေါင်း အကြမ်း ဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ် များဘက်မှ Chindwin Dynamite မှ ရဲဘော်တစ်ဦး အမောဖောက်ကာ ရဲဘော် တစ်ဦး မစိုးရိမ်ရ ကျည် ထိဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲဘော်များမှာ အထိခိုက် တစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။ khit thit

ရေဦးမြို့နယ် ချမ်းသာကျေးရွာမှ အထက် တန်းကျောင်းအား PDF များ မီးရှို့ဖျက်ဆီးဟု သတင်းမှားဖြန့်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ချမ်းသာကျေးရွာမှ အထက်တန်းကျောင်းအား PDF များက မီးရှို့ခဲ့ သည်ဆိုသော သတင်းတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။

Truth Media တယ်လီဂရမ်ချန်နယ်မှ မေလ ၅ ရက်နေ့တွင် “အကြမ်းဖက် PDF မြင့်ထွေးဦးစီးပြီး မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးသွားတဲ့ ရေဦးနယ်၊ ပေါ်တူဂီ ကီလားတိုရဲ့ချမ်းသာကျေးရွာ၊ အထကအထက်တန်းကျောင်း ကြီး”(မူရင်းအရေးအသားအတိုင်း)ဆိုသည့်စာသားနှင့်အတူ ဓာတ်ပုံတစ်ပုံကို ဖြန့်ဝေထားသည်။ ၎င်းပို့စ် အား ကြည့်ရှုသူ ၁,၆၀၀ ကျော်ရှိနေပြီဖြစ်သည်။

မဇ္ဈိမမှ ယင်းသတင်းနှင့်ပတ်သက်၍စစ်ဆေးကြည့်ရာ PDF များမီးရှို့ခဲ့သည်ဆိုသည်မှာ မှားယွင်းနေသည် ကိုတွေ့ရသည်။

ချမ်းသာကျေးရွာအား စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ် မေလ ၇ ရက်၊ ဇွန်လ ၇ ရက်နှင့် ဒီဇင်ဘာလ ၁၄ ရက်တို့တွင် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ နှင့် ၁၅ ရက်နေ့ကလည်း နေအိမ်များ အားလုံးကိုမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းကြီးအားဖျက်ဆီးခဲ့ကာ မေလ ၄ ရက်နေ့တွင် အထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း People’s Defense Comrade မှ ပြန် ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က‌ မဇ္ဈိမကိုပြောသည်။

“ဒီကောင်တွေက ဘယ်တုန်းကများ သူတို့ရှို့ပါတယ်လို့ ချပြဖူးလို့လဲ။ ဝါဒဖြန့်တဲ့မီဒီယာတွေက ဝါဒဖြန့်မှာ ပေါ့။ သူတို့က ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကလည်း သမိုင်းဝင်ဘုရားကျောင်းတောင် မီးရှို့ခဲ့ကြတာ။ အခုကျမှ ဆရာဦးမြင့်ထွေးဦးဆောင်တဲ့ ပကဖအဖွဲ့ကလုပ်တယ်ဆိုပြီးပြောတာ” ဟု ၎င်းကဆိုသည်။

အဆိုပါအထက်တန်းကျောင်းအား စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရေဦးမြို့နယ် ချမ်းသာကျေးရွာမှ ဒေသခံတစ်ဦးကလည်း မဇ္ဈိမကို ဖြေဆိုသည်။

ထို့ပြင် ယင်းအထက်တန်းကျောင်းမီးရှို့မှုကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နောင်းနှင့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်တို့တွင် ဖော်ပြထားသည်။

လင့် – https://bit.ly/3LFkrix , https://bit.ly/3NONTFA

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေးစာမျက်နှာမှလည်း ချမ်းသာရွာရှိအထက်တန်းကျောင်းကြီး အား စစ်ကောင်စီလက်အောက်ခံတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မေလ ၆ ရက်နေ့တွင် ဖော်ပြထားသည်။

လင့် – https://bit.ly/42dXnP4

ယင်းစာသင်ကျောင်းမှာ ကိုဗစ်ကာလမှစ၍ ယနေ့အချိန်ထိ စာသင်ကြားနိုင်ခြင်းမရှိသေးဘဲ စစ်ကောင်စီ တပ်ရန်ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်လာသူများအား ချက်ပြုတ်ကျွေး မွေးလေ့ရှိသည့် နေရာလည်းဖြစ်သည်။

ထို့ကြောင့် ရေဦးမြို့နယ် ချမ်းသာကျေးရွာရှိ အထက်တန်းကျောင်းကြီးအား PDF များမှ မီးရှို့ခဲ့သည်ဆို ခြင်းမှာ သတင်းအမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

ရေဦးမြို့နယ်၊ ထန်းတောရွာရှိ စာသင် ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ ကလေးများ ကျောင်းဆင်းချိန်ဖြစ်၍ ထိခိုက်သူ မရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောရွာရှိ အထက်တန်းပြ စာသင် ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ပကဖရဲဘော် ထူးခန့်ဇော် အမေ့သားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ရေဦးမြို့နယ် အနောက်ခြမ်း တင်းတိန်ရံရွာအနီး ထန်းတောရွာရှိ အထက်တန်းပြ ဗောဓိစာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့​​ပြီး ကလေးများ ကျောင်းဆင်းချိန် ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အဆိုပါ ဗောဓိ စာသင်ကျောင်းသည် CDM ကျောင်း ဖြစ်​ပြီး လက်ရှိချိန်တွင် ကျေးရွာအနီးအနားရှိ ကလေးငယ်များကို ပညာသင်​ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

“အထက ကျောင်းကြီးပါပဲ။ ၂ထပ်ကျောင်းဆောင်ကြီးပါ။ ကလေးသူငယ်တွေက အခု မွန်းလွဲ ၁၂ လောက်က ကျောင်းဆင်း ပေးလိုက်တော့ အထိအခိုက်မရှိပါဘူး။

ကျောင်းကြီး အတွင်းက စာကြည့်တိုက် တစ်လုံး ဗုံးစထိမှန်ပြီး မီးလောင် ပျက်ဆီးခဲ့တယ်။ ထန်းတောရွာ အတွင်းက လျှပ်စစ်မီးကြိုးတွေ အ ကုန်မီးလောင်သွားတယ်။ ကျောင်းအဝင် မုဒ်တိုင်တချို့ ထိမှန်ပျက်ဆီးထားတယ်” ဟု People’s Defense Comrade မှ ပြန်ကြားရေးတာ ဝန်ခံ ပကဖရဲဘော် ထူးခန့်ဇော် အမေ့သား ကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ ယခုညနေပိုင်းတွင် လေကြောင်း အတက်အဆင်းများသောကြောင့် ထန်းတောရွာ အပါအဝင် အနီးဝန်းကျင်ရွာများရှိ ပြည်သူများသည် စိုးရိမ်ထိတ်လန့် လျက်ရှိကြောင်း သိရှိရသည်။

တင်းတိန်ရံရွာနှင့် ထန်းတောရွာရှိ ပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက် နိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကာ စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများအနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေးအဖွဲ့၏ Facebook စာမျက်နှာသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။ khit thit

က၀မြို့တွင် လူငယ် ၂ ဦးအပါအ၀င် ပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးရာ၊ ၁၂ ရက်ကျော်ကြာသည်အထိ အဆက်အ သွယ်မရ

ပဲခူးတိုင်း၊ က၀မြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ် နှစ်ဦးအပါအ၀င် ဒေသခံပြည်သူ ရှစ်ဦးကို အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ဖမ်း ဆီးသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

က၀မြို့နယ်၊ သက္ကလမြို့၊ မုဒုကျေးရွာအနီးတွင် တည်ရှိသည့် ကြက်ခြံတစ်ခြံကို ဧပြီလ ၂၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ၀င်ရောက်စီးနင်းပြီးနောက် ကြက်ခြံတွင်ရှိနေသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ကာ သက္ကလရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“ ဧပြီလ ၂၇ ရက်နေ့ မနက် ၁၁ နာရီ ၀န်းကျင်အချိန်လောက်မှာ ဖြစ်တာပါ။ က၀မြို့နယ် မုဒုကျေးရွာအနီးက ကြက်တဲတစ်တဲမှာ နေတဲ့ လူငယ်နှစ်ဦးကို စစ်တပ်က ၀င်ဖမ်းသွားတာ ဖြစ်ပါတယ်။ ဖမ်းခံရတဲ့ လူငယ်နှစ်ဦးလုံးက အသက် ၂၅ နှစ်၀န်းကျင်တွေပါ” ဟု သတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးမှာ က၀မြို့နယ် အမှတ် (၁ )ရပ်ကွက်တွင် နေထိုင်သည့် ကိုခန့်ဦးကိုနှင့် အမှတ် (၃) ရပ် ကွက်တွင် နေထိုင်သည့် ကိုဖြိုးဝေကျော်တို့ နှစ်ဦး ဖြစ်သည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က မည့်သည့်အတွက်ကြောင့် ဖမ်းဆီးသွားကြောင်း မသိရသေးသော်လည်း လက်ရှိအချိန်တွင် တပ်မ (၇၇) စစ်ကြောရေးတွင် စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် သူတို့ကို တပ်မ (၇၇) က စစ်ကြောရေးမှာ စစ်နေတယ်ဆိုတာပဲ သိရတယ်။ ကျန်တာ အဆက်အသွယ်မရသေးဘူး။ မိသားစုကိုလည်း အကြောင်းကြားတာ မရှိဘူး။ တစ်ဆင့်စကားနဲ့ပဲ မိသားစုတွေက သူတို့တွေ အဖမ်းခံရတယ်ဆိုတာ သိကြတာ။ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ လူငယ်နှစ်ယောက်ကို ၀င်ရောက်မဖမ်းဆီးခင်အချိန်ကလည်း စစ်ကောင်စီတပ်က မုဒုကျေးရွာအတွင်းရှိ အရပ်သားပြည်သူများကို ရိုက်နှက်စစ်မေးမှုများပြုလုပ်ခဲ့ပြီး ပြည်သူခြောက်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ လူငယ်နှစ်ဦးအပြင် မသင်္ကာလို့ ဆွဲဖမ်းတဲ့ ပုံစံမျိုးနဲ့ မုဒုကျေးရွာသား ခြောက်ဦးကိုလည်း အဲ့နေ့မှာပဲ စစ်မေးတာတွေလုပ်ပြီး တစ်ခါတည်း ဖမ်းသွားတယ်။ သူတို့ရဲ့ အချက်အလက်တွေကတော့ အသေးစိတ်မသိရသေးဘူး” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က လူငယ်နှစ်ဦးအပါအ၀င် ပြည်သူရှစ်ဦးကို ဖမ်းဆီးသွားသည်မှာ ၁၂ ရက် ကြာမြင့်နေပြီဖြစ်ပြီး အဆက် အသွယ်တစ်စုံတစ်ရာမရရှိသည့်အတွက် မိသားစု၀င်များက အသက်အန္တရာယ်စိုးရိမ်နေကြကြောင်း ၎င်းကဆိုသည်။

ပဲခူးတိုင်း က၀မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ကာ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းများ မကြာခဏပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြို့ပေါ်နေရာများတွင်သာမက ကျေးရွာများအထိပါ ဆိုင်ကယ်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများကြောင့် ပြည်သူများ သွားလာရေးတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ mizzima

« Older Entries