Monthly Archives: May 2023

ဦးစိုးထွန်းရှိန်၏ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် MEC က မောင်ပိုင်စီး

အမှုသုံးမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် စီးပွားရေးသမား ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခဲ့သည့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧကခြောက်ထောင်ကျော် ကျယ်ဝန်းသော မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) က မောင်ပိုင်စီးလိုက်သည်။

အဆိုပါ ရွှေလုပ်ကွက်ကို ဦးစိုးထွန်းရှိန်က ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ရွှေကြွေးကျန်များ မပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် ရွှေလုပ်ကွက်ကို ရပ်ဆိုင်းခဲ့သည့်နည်းတူ ဦးစိုးထွန်းရှိန်ကိုလည်း ၂၀၁၈ ခုနှစ်တွင် သတ္တုတွင်းဌာနက တရားလိုပြုလုပ်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားတပေါင်ဖြစ်ပွားသည့် ၂၀၁၈ မှစတင်၍ ရွှေတူးဖော်မှုရပ်ဆိုင်းခဲ့သည့် ဧကခြောက်ထောင်ကျော်ရှိ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၂၈ တွင် MEC က လွှဲပြောင်းရယူလိုက်သည်ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ရှယ်ယာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ဆက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီလုပ်ငန်းများအားလုံးကိုလည်း စီမံကိန်းဧရိယာအတွင်းမှ ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးထွက်ခွာရန် နှုတ်ဖြင့် ညွှန်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“နှစ်လပိုင်း ၂၈ ရက်နေ့ အပြီးအကုန်ထွက်ရတယ်။ MEC ကပဲ နှုတ်နဲ့ပဲ ညွှန်ကြားတယ်။ စာနဲ့လည်း မထွက်ဘူး။ တစ်ယောက်ပြီးတစ်ယောက်ပေါ့။ ကိုယ့်ရဲ့ Members (ကုမ္ပဏီအဖွဲ့ဝင်) က ထွက်ရမှာတဲ့။ မထွက်လို့မရဘူးတဲ့။ အကုန်လုံး ဆုတ်ကြတော့ လိုက်ဆုတ်လာရတာပေါ့” ဟု ထိုရှယ်ယာရှင်က ပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် ရွှေတူးဖော်ခွင့်ပိတ်ထားသော်လည်း ကနဦးချုပ်ဆိုသည့် စာချုပ်အရ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ပူးပေါင်းခဲ့သည့် မူလလုပ်ငန်းရှင်များက တူးဖော်ခွင့်ပြန်ရရန် ငါးနှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း MEC က လွှဲပြောင်းယူလိုက်သဖြင့် မသက်ဆိုင်တော့ကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ရှယ်ယာရှင်ကုမ္ပဏီများသည် ကနဦးစာချုပ်အရ မိုးထိမိုးမိစီမံကိန်းအတွင်း ဝန်ထမ်းအနည်းငယ်ချန်ကာ ရွှေတူးဖော်ခွင့်ပြန်လည်ရရှိရန် စောင့်ဆိုင်းခဲ့ကြသည်။

စစ်တပ်ပိုင် MEC က မည်သို့မည်ပုံ လွှဲပြောင်းရယူသည့် အခြေအနေအသေးစိတ်ကို မသိရသေးသလို အကျိုးအမြတ်ခွဲဝေမှုနှင့် စာချုပ်ပါအချက်အလက်နှင့်ဆိုင်သည့် အမိန့်ညွှန်ကြားချက်များလည်း သေချာမသိရကြောင်း အထက်ပါ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ရှယ်ယာရှင်က ဆိုသည်။​

“အခုက ပိုင်ရှင် လုံးလုံးပြောင်းသွားပြီ။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့လည်း မဆိုင်တော့ဘူး။ သူနဲ့ ပူးပေါင်းပြီးရှယ်ယာပါတဲ့ အစုရှယ်ယာရှင် ကုမ္ပဏီတွေလည်း မပါတော့ဘူး။ အခုက MEC သက်သက် ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုရွှေလုပ်ကွက်ကို MEC က ဦးဆောင်၍ ရွှေပြန်တူးဖော်မည်ဖြစ်ပြီး သက်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကိုလည်း လုပ်ကွက်များ ချပေးမည်ဟု သိရကြောင်း မိုးထိမိုးမိဒေသတွင် ရွှေးတူးဖော်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရွှေတူးဖော်မည့်ကုမ္ပဏီများအနေဖြင့် ရာဇဝတ်မှုကင်းရှင်းပြီး အမည်ပျက်စာရင်း အသွင်းခံထားရသည့် ကုမ္ပဏီများ မဖြစ်ရန်၊ ရွှေလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီစစ်စစ်ဖြစ်ရန်၊ သတ်မှတ်ရွှေလုပ်ကွက်အတွင်း ရဲတပ်ဖွဲ့၏ ကန့်သတ်ချက်များနှင့်အညီလုပ်ကိုင်ရန် စသည့် အချက်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ 

“ပထမတော့ လိုက်ကြည့်သေးတယ်ဗျ။ လွန်ခဲ့တဲ့ တစ်လနှစ်လလောက်က ဦးစိုးထွန်းရှိန်လုပ်ကွက်ထဲမှာ တူးဖော်ခွင့် ရလိုရငြားပေါ့ဗျာ။ ကျွန်တော်တို့ လုပ်ကွက်ကြီး B နဲ့လည်း နီးတော့လေ။ အဲ့ဒီတော့ (အခြေအနေက ရှုပ်နေသေး) မလုပ်တော့တာ”

နိုင်ငံတော်သို့ ရွှေပိဿာတစ်ထောင်ကျော် ပေးသွင်းရန်ကျန်ရှိမှု၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှုတို့ဖြင့် အရပ်သားအစိုးရလက်ထက်တွင် အမှုသုံးခုဖြင့် တရားစွဲခံထားရသည့် ဦးစိုးထွန်းရှိန်ကို လက်ရှိတွင် စစ်ကောင်စီက အမှုတစ်မှုမှ အပြီးအပြတ်လွှတ်ပေးထားသည်။

ဦးစိုးထွန်းရှိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာတွင် ထုတ်ပြန်သည့် စာတစ်စောင်တွင် ထောင် ၁၀ နှစ် ချနိုင်သည့် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) ဖြင့် ရမည်းသင်းခရိုင်တရားရုံးက ယခုနှစ် မေလအတွင်း အပြီးအပြတ် လွှတ်ပေးလိုက်သည်ဟု ဖော်ပြထားသည်။

သို့သော် ရမည်းသင်းအကျဉ်းထောင်တွင် ရှိနေသော ဦးစိုးထွန်းရှိန်မှာ ထောင် ၇ နှစ်အထိ ချနိုင်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥ ပဒေပါ ပုဒ်မ ၃ ခုဖြင့် ခရိုင်တရားရုံး၊ ရွှေ ၁၂၉၃ ပိဿာ ရလိုမှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တို့တွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

ကုမ္ပဏီဘက်က ဦးစိုးထွန်းရှိန်ကို အမှုများမှ လွှတ်ပေးရန် စစ်ကောင်စီထံ အသနားခံစာတင်ထားသလို မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရင်း (MEC) နှင့် အကျိုးတူပူးပေါင်းရန် စီစဉ်နေသည်ဟု ဆိုသည်။

သို့သော် စီမံကိန်းလုပ်ပိုင်ခွင့်အားလုံးကို စစ်တပ်ပိုင် MEC က ရယူထားပြီဖြစ်သည်။ ၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ထားသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများအထိ ကဏ္ဍမျိုးစုံတွင် စီး ပွားရေး လုပ်ကိုင်နေပြီး စစ်တပ်အတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် လုပ်ငန်းကြီးဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလမ်းစဉ်အတိုင်း လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံပိုင်စက်ရုံကြီးများကို ရောင်းထုတ်နေသည့်နည်းတူ မိုးထိမိုးမိစီမံကိန်းအပါဝင် အလားအလာရှိသည့်လုပ်ငန်းများကို စစ်တပ်ပိုင်လုပ်ငန်းများအဖြစ် တရားဝင်လွှဲပြောင်းယူနေသည်ဟု စီးပွားရေးလေ့လာသူများက ဆိုသည်။

စစ်တပ်၏ စီးပွားရေးလုပ်ငန်းအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည်။ myanmar now

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ဒေသခံသောင်းချီ မုန်တိုင်းရှောင်

မုန်တိုင်းဝင်ရောက်မည့် အခြေအနေကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့ အောက်ဘက်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ နီးပါး လပွတ္တာမြို့နှင့် မြောင်းမြမြို့ပေါ်တို့ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ တိမ်းရှောင်လာနေကြသည်။

ပင်လယ်ပြင်နှင့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် စလူဆိပ်အုပ်စု၊ ပဒဲကောကျေးရွာ၊ ပြင်စလူ၊ ကိုင်းတောင်၊ အိုင်မ စသည့် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

“မုန်တိုင်းဒဏ် ရှောင်တဲ့သူ ငါးထောင်နဲ့ တစ်သောင်းကြား ရှိသွားပြီ။ ခုက မြို့ပေါ် တက်လာရင် လာလို့ရတယ်၊ မြို့ပေါ်ကနေ ပင်လယ်ဘက်ကို ပြန်သွားမယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းက သွားခွင့်မပြုတော့ဘူး” ဟု မုန်တိုင်းဒဏ် ရှောင်လာသူများကို ကူညီပေးနေသည့် လပွတ္တာမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မုန်တိုင်းဒဏ် တိမ်းရှောင်လာသူများကို ဘုန်းကြီးကျောင်းများက တာဝန်ယူ ချက်ပြုတ်ကျွေးသော်လည်း လူဦးရေ များလာသည့်အတွက် အလှူရှင်များက ထမင်းထုပ်များ ဝေငှပေးနေရသည်။

လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့သည့် ၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ရဖူးသောကြောင့် လပွတ္တာဒေသခံများ သတိထားနေကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“နာဂစ်တုန်းက အသေအပျောက်များတော့ ကြောက်ပြီး ခုလို ရှောင်လာကြတာ၊ ပင်လယ်နဲ့ နီးတဲ့ ရွာတွေဘက်က သေတာများတော့ ခု မုန်တိုင်းဆိုတော့ ရှောင်ကြတာပေါ့၊ နာဂစ်တုန်းကလည်း ပြင်ဆင်တာမျိုး မရှိခဲ့ဘဲ လူတွေ အရမ်းသေခဲ့တော့ ခုကတော့ ကြိုပြင်ဆင်ကြတာပေါ့” ဟု လပွတ္တာမြို့ ဒေသခံတစ်ဦးက ပြောသည်။

နာဂစ်ပြီးနောက်ပိုင်း ဆောက်လုပ်ထားသည့် ကျေးရွာအချို့ရှိ မုန်တိုင်းဒဏ်ခံအဆောက်အအုံ (Shelter) များတွင်လည်း တိမ်းရှောင်သူအချို့ နေထိုင်ကြကြောင်းလည်း ၎င်းက ပြောသည်။ 

“Shelter က အများကြီးတော့ မရဘူး၊ သတ်မှတ်ထားတဲ့သူပဲ။ ပြီးတော့ ရွာကြီးတွေမှာ ရှိတာ၊ အဲမှာ တာဝန်ခံလေး သတ်မှတ်ပြီး ထားတာပေါ့” ဟု ၎င်းက ဆိုသည်။

မုန်တိုင်းဒဏ်ကို တိမ်းရှောင်လာသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ပြီး မိသားစုလိုက် ပြောင်းရွှေ့လာသူများလည်း ရှိသော်လည်း ကျေးရွာများတွင် အိမ်စောင့်အနေဖြင့် နေခဲ့သူများလည်း ရှိသည်။

“ပြောင်းရွှေ့မရတဲ့ ပစ္စည်းတွေ၊ အိမ်တွေ ကျန်ခဲ့တော့ သူခိုးကြောက်ရတော့ အိမ်စောင့်ရတာတွေ ရှိတယ်၊ အချို့ရွာတွေကျတော့ ရွာလုံခြုံရေးအတွက် နေခဲ့တဲ့သူအချို့တော့ ကျန်ခဲ့တယ်” ဟု လပွတ္တာဒေသခံက ပြောသည်။

မုန်တိုင်းရှောင်ရန် ရွှေ့ပြောင်းလာသူများကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ကူညီပေးခြင်းမျိုးမရှိသော်လည်း မုန်တိုင်းနှင့် ပတ်သက်၍ ပြင်ဆင်မှုအချို့ ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟုလည်း ဖျာပုံဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကတော့ သတိနဲ့ပဲ နေနေရတာ၊ ပြောင်းရွှေ့တာမျိုးတော့ မရှိဘူး၊ စစ်ကောင်စီအဖွဲ့တွေကတော့ သူတို့ဌာနမှာ ပြင်ဆင်မှု လုပ်နေတယ်၊ ဒါမျိုးတော့ တွေ့တယ်၊ လူထူကြားထဲ လာပြီး ရှင်းပြတာမျိုးတော့ မရှိဘူး” ဟု သူက ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၁ ရက် မြန်မာစံတော်ချိန် ညဦးပိုင်း ၁၁ နာရီဝန်းကျင်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဟု အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် ထုတ်ပြန်ထားသည်။

မေလ ၁၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (ကော့ဘဇားဒေသ) နှင့် ရခိုင်ပြည်နယ် (ကျောက်ဖြူမြို့) အကြားသို့ မုန်တိုင်း ဝင်ရောက်ဖြတ်သန်းမည်ဟု အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုသည်။ ကုန်းတွင်းသို့ မုန်တိုင်းဝင်ရောက်ချိန်တွင် အနည်းငယ် အားပျော့သွားမည်ဖြစ်ပြီး တစ်နာရီလျှင် မိုင် ၈၀ နှုန်း တိုက်ခတ်နိုင်သည်ဟု ဆိုသည်။

ရခိုင်ကမ်းရိုးတန်းသို့ မိုခါ (Mocha) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ခြေရှိသောကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မြောက်ပိုင်းရှိ အနည်းဆုံး ကျေးရွာ ၅ ရွာခန့်မှ ဒေသခံ ၃၀၀ ကျော်မှာ ယမန်နေ့ (မေ ၉) မှ စတင်၍ ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင် ခိုလှုံနေကြသည်။ myanmar now

စစ်တပ်အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၄၉၀ ထိ မြင့်တက်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၉၀ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၀၁၈ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၈၆ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၅,၈၀၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၂၃၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်မနက်ပိုင်းက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို အင်အား ၅၀ ကျော် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ဒေသခံ ကိုမျိုးမြင့်လေးနဲ့ ကိုကမ်းကမ်းတို့ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းဟာ မေ ၉ ရက်မနက်ပိုင်းမှာတော့ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး ဒေသခံ ၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါ တယ်။ အဆိုပါ ဖမ်းဆီးခံရသူ အားလုံးပေါင်း ၈ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်က သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးတော့ စစ်ဆေးမေး မြန်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၇ ရက်နေ့လယ် ၁ နာရီလောက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့် မြိုနယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာက ကားဝပ်ရှော့ပြင်တဲ့ အမျိုးသားတ ယောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီးတော့ အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီး သွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

မန္တလေးတွင် သမဝါယမဦးစီးမှူးကား လက် ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့တွင် ယနေ့ မေလ ၁၀ရက်နေ့လယ်က စစ်ကောင်စီလက်အောက်ခံသမဝါယမဦးစီးဌာန၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူး၏ကား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

“အောင်မြေသာစံသမဦးစီးမှူးရဲ့ကား ဗုံးပစ်ခံရတယ်။ ဗုံးကကားဘေးပေါက်ကွဲတယ်။ လူအထိအခိုက်မရှိဘူး” ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ မြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ရပ်ထားသော မြို့နယ်သမဝါယမဦးစီးမှူး၏ကားကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက တရုတ်လုပ်ကြိုးဆွဲလက်ပစ်ဗုံးဖြင့်ပစ်ပေါက်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှသိရသည်။

ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် မြို့နယ်ဦးစီးမှူး၏ ခွေးဘီလူးကား အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရသေးပေ။

မန္တလေးမြို့တွင် မေလဆန်းမှစ၍ စစ်ကောင်စီလက်အောက်ခံများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြန်ဖြစ်လာသည်။ မေလအတွင်း လက်ရှိအချိန်အထိ ရဲစခန်းတိုက်ခိုက်ခံရမှုနှစ်ကြိမ်အပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်နေရာတိုက်ခိုက်ခံရမှု လေးကြိမ်ဖြစ်ပွားခဲ့သည်။ mizzima

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း People’s Knight Defens Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည် ထွက်ခွာလာသည့် စစ်တပ်၏ ၁၂ ဘီးကား ၇ စီး ပါ ယာဥ်တန်းကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တတိယ ကားကို ထိမှန်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ဦးတည် ထွက်ခွာ လာသော ကား ၁၆ စီးပါ ယာဥ်တန်းကို ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာ အကြားတွင် သုံးကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီ ခန့်တွင် စစ်ကားများကို ကင်းယူ ပေးသော စစ်တပ် ကင်းပုန်းသည် မိုင်းကွင်းထဲသို့ ရောက်ရှိလာစဥ် မိုင်းဆွဲ တိုင်ခိုက်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး ယာဥ်တန်းကို ကင်ယူထားတာ အများကြီးပဲ ကင်းတွေ ကြားထဲကနေ ကျွန်တော်တို့ မိုင်းဆွဲခဲ့ရတာ ကင်းယူထားတဲ့ ကောင်တွေက မိုင်းဆွဲတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု

People’s Knight Defens Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စသော မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ khit thit

ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်မှ ထပ်မံအင်အားဖြည့်ကာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်အစပ်ရှိ ပင်လောင်း-ဖယ်ခုံ အစပ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တော် လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ မေလအတွင်းတွင် ထပ်မံအင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဧပြီလတွင်းတွင် ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယခု မေလတွင် ထပ်မံအင်အားဖြည့်တင်းကာ တစ်ကျော့ပြန်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဆိုသည်။

“လတ်တလောမှာတော့ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်ပေါ့နော်။ တောင်စလုံးတို့၊ မြောက်စလုံးတို့ မှာ စစ်ကောင်စီက စစ်ကြောင်းပြန််ထိုးလာတယ်။ အင်အားကတော့ သူတို့ ပြန်ဖြည့်ထားတယ်ဗျ။ ဧပြီလ နောက်ဆုံးအပတ်လောက်မှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပြီးတော့ စစ်ကောင်စီက အထိနာပြီး ဆုတ်ခွာရတယ်။ အစကတော့ သူတို့ မြောက်စလုံးမှာ တပ်စွဲထားတယ်။ အဲ့ဒီကနေ ဆုတ်ခွာပြီးတဲ့အခါမှာ မေလထဲမှာ သူတို့ ပြန်ထိုးလာတယ်။ တောင်မဲသင်းကနေ တောင်စလုံး၊ မြောက်စလုံးဘက်ကို၊ အင်အားတော့ ထပ်ဖြည့်ထားတယ်လို့သိရတယ်။ ဘယ်လောက်လဲဆိုတာကိုတော့ အတိအကျ အတည်ပြုလို့ မရသေးဘူးပေါ့” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပမှ ထိတွေ့တိုက်ပွဲတိုင်းတွင် လေကြောင်းသုံးလေ့ရှိပြီး နောက်ပိုင်းတွင် နေ့တိုင်းနီးပါး လေကြောင်းသုံး၍ တိုက်ခိုက်မှု လုပ် ဆောင်နေကာ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကိုပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း နှင့် မေလအတွင်းတိုက်ပွဲများတွင် နှစ််ဖက်အကျအဆုံးရှိကြောင်း သူက ဆက်ပြောသည်။

“လေကြောင်းတော်တော်သုံးတယ်။ အဓိကက သူတို့ လေကြောင်းသုံးတာ သူတို့ ဘက်က အထိနာလို့ပေါ့နော့်။ ဒါပေမယ့် ဒီနောက်ပိုင်းကတော့ အထိနာသည်ဖြစ်စေ မနာသည်ဖြစ်စေ လေကြောင်းတိုက်ခိုက်မှုက အမြဲတမ်းသုံးတယ်။ ဒီမေလတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲထဲမှာလည်း စစ်ကောင် စီဘက်က ထိခိုက်သေဆုံးမှုများတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က မျက်မြင်ဘယ်နှစ်ယောက်ဆိုတာကိုတော့ အတည်ပြုလို့ မရဘူး။ ကျနော်တို့ ဘက်က အကျအဆုံးတွေလည်း ရှိပါတယ်၊ လေယာဉ်ကတော့ နေ့တိုင်းနီးပါးကိုပစ်တယ်။ သုံးတာကတော့ ပေါင် ၅၀၀ တို့ ပေါင် ၃၀၀ ဗုံးတွေသုံးတယ်။ ပြီးတော့ အတွဲလိုက်ပစ်ချတဲ့ Rocket တွေလည်း သူတို့သုံးတယ်။ အများစုကတော့ ရွာတွေထဲကို ပစ်ထည့်တာများတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတာတွေ၊ အတွဲလိုက်ပစ်တာတွေ” ဟု KNDF ဗဟိုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် မေလ ၅ ရက်နေ့နှင့် မေလ ၆ ရက်နေ့ နှစ်ရက်တာအတွင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် ၃၀ ခန့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု Union Karenni State Youth_UKSY မှ တွဲဖက်အတွင်းရေး မှူး(၁) မှ ပြောသည်။

“တစ်နေကုန်ပတ်ကြဲတယ်ပေါ့လေ။ တစ်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်တစ်ကြောမှာ လေယာဉ်နဲ့ လာကြဲတာရှိတယ်။ မြို့နယ်နှစ်ခုပေါင်းဆိုရင် ၃၀ မက အကြိမ် ၃၀ကျော်ရှိမယ်လို့ မြင်တယ်။ ဘယ်လောက် ထိခိုက်လဲ အသေးစိတ်ကိုတော့ ကျမတို့ မသိဘူးပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ရိက္ခာနှင့် လက်နက်ခဲယမ်းများအား ကုန်းလမ်းမှ ပို့ဆောင်နိုင်ရန်နှင့် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရန်အတွက် ပင် လောင်း-ဖယ်ခုံ အစပ်တွင် ယခုကဲ့သို့ အင်အားသုံးထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ သုံးသပ်ထားသည်။

“အဓိက သူတို့ထိုးလာတဲ့ လမ်းကြောင်းတွေက ကျနော်တို့ ကရင်နီပြည်ထဲကို ဝင်တဲ့ လမ်းကြောင်းတွေဖြစ်တယ်။ အဓိကက ထောက်ပို့လမ်း ကြောင်းတွေ၊ နယ်မြေထိန်းချုပ်မှုပါ တစ်ပါတည်း လိုချင်တဲ့ ပုံစံမျိုး ယူဆရတယ်။ ၂၀၂၂ ကနေစပြီး ကုန်းလမ်းကနေ ရိက္ခာဖြည့်တာမျိုးတွေ သူတို့ မလုပ်နိုင်တော့ဘူး။ တောက်လျှောက် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီးတော့ပဲ ဖြည့်နေရတယ်။ နောက်ပိုင်းမှာ သူတို့က ကုန်း လမ်းကို ပြန်ပြီးတော့မှ အသုံးပြုချင်တဲ့ ပုံစံမျိုးပေ့ါနော်။ တပ်တွေ လှုပ်ရှားတာကတော့ သူတစ်ပြန် ကိုယ်တစ်ပြန်ပဲ။ အများစုကတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်က ထိန်းချုပ်ထားတယ်လို့ ပြောလို့ရတယ်” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ပြော သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲပေါင်း အကြိမ် ( ၅၀ ) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ဦး သေဆုံးကာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး ခုနစ်လက်၊ လက်နက်ငယ် ၅၂ လက် နှင့် ခဲယမ်းများအား သိမ်းဆည်းရမိကြောင်း KNDF ပြန်ကြားရေးဗဟိုမှ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ mizzima

ကလေးမြို့တွင် စစ်တပ်တပ်စွဲနေရာနှင့် တစ်မိုင်ပတ်လည် မနေကြရန် တော် လှန်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက် ပြည်သူများ ရွှေ့ပြောင်း

ကလေးမြို့အနောက်ပိုင်း ချင်းပြည်နယ်စပ် ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းရဲစခန်းအနီးဝန်းကျင်က ပြည်သူထောင်ချီပြီး ဒီကနေ့ မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ သူတို့နေထိုင်ရာတွေကနေပြောင်းရွေ့ကြတယ်လို့ ကလေးမြို့ခံတွေဆီကသိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM SIYIN အဖွဲ့က စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးတက္ကသိုလ်နှင့်ခိုင်ကမ်းရဲစခန်းတမိုင်ပတ်လည်က ပြည်သူတွေကို မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး နေရာရွေ့ပြောင်းကြဖို့ မေလ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတထောင်ဝန်းကျင်ဟာ ကလေးမြို့ထဲနဲ့ နီးစပ်ရာနေရာတွေကိုရွေ့ပြောင်းကြတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။

” အမှန်အတိုင်းပြောရရင် ချင်းပြည်မှာ စစ်သားသိပ်မရှိတော့ဘူး။ အရင်ကဆို ရိဒ်ခေါ်ဒါ( အိန္ဒိယ ချင်းပြည်နယ်စပ်) ကနေ ကလေးကိုလာရင် စစ်ကောင်စီဂိတ်တွေအများကြီး။ အခုတဂိတ်မှမရှိတော့ဘူး။ တော်လှန်ရေးအဖွဲ့တွေက ကလေးထိဆင်းတိုက်တော့မယ့်သဘောဖြစ်နေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM SIYIN ရဲ့ထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ချက်အတိုင်း မပြောင်းရွေ့တဲ့ပြည်သူတွေတစုံတရာထိခိုက်မူရှိရင်တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြောင်းရွေ့တဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီဘက်ကလည်း ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီရဲ့ခြိမ်းခြောက်မူတွေရှိနေပေမယ့် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခဲ့ရင် ပြည်သူတွေကို လူသားဒိုင်းလိုအသုံးချတာမျိုးလုပ်လေ့ရှိတဲ့အတွက် ဒေသခံတွေက ပြောင်းရွေ့ကြတယ်လို့ဆိုပါတယ်။

ခုရက်ပိုင်းအတွင်းကလေးမြို့ဝန်းကျင်မှာ စစ်ကောင်စီဟာ စစ်ကြောင်းတွေထွက်လှုပ်ရှားနေပြီး စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားစစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။ ကလေးမြို့တောင်ပိုင်းကားလမ်းတွေကို ပိတ်ထားသလို သံဆူးကြိုးအပါအဝင် ဆောက်လုပ်ရေးပစ္စည်းသယ်ယူခွင့်ကိုလည်း တော်လှန်ရေးအဖွဲ့တွေကတားမြစ်ထားပါတယ်။ ဒီလိုတားမြစ်တာဟာ စစ်ကောင်စီက မြို့နယ်တွင်းမှာ အခြေခံစခန်းတွေခိုင်မာအောင်ဆောက်လုပ်ဖို့ကြိုးစားလာတာကြောင့်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးကဆိုပါတယ်။

ချင်းပြည်နယ်မှာ စစ်ရေးအခြေအနေမလှတဲ့စစ်ကောင်စီဟာ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ ကလေး- ဂန့်ဂေါ- ထီးလင်းဒေသကို နယ်မြေစိုးမိုးဖို့လေကြောင်းပစ်ခတ်မူတွေစတင်လုပ်ဆောင်လာတယ်လို့ တော်လှန်ရေး အဖွဲ့တွေဆီကသိရပါတယ်။ မေ ၉ ရက်နေ့က ထီးလင်းမြို့နယ်တနေရာကိုလေကြောင်းကနေပစ်ခတ်ခဲ့သလို ကလေးမြို့အနောက်ဘက်လေးအိမ်စုကျေးရွာကိုလည်း ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ khit thit

ရေဦးနှင့်ရွှေဘို မြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းများကို ရှော့တိုက်ဒုံးဖြင့် ပစ် ခတ် တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အထိုင်စခန်း ၄ ခုကို ရှော့တိုက်ဒုံး၊ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံး ခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ မေလ ၁၀ ရက် နံနက် ၆ နာရီ ၃၈ မိနစ်ခန့်က ရေဦးမြို့အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄၀ ခန့်ဖြင့် အထိုင်စခန်း၊ အကြမ်း ဖက်စစ်တပ်၊ ပျူစောထီးအင်အား (၁၅) ဦးခန့် နေရာယူထားသော ရေဦးမြို့ကြာဖူးဝိုင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအင်အား (၇) ဦးခန့် ရှိသော ရေဦးမြို့ဂါဝီပန်းခြံ နှင့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအင်အား (၃၀) ဦးခန့်ရှိသော အထိုင်ချစခန်းတို့ကို ၁၀၇ မမ ရှော့ တိုက်ဒုံး၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးကာ ၂၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ အမှတ်၁ ရွှေဘိုခရိုင်ကွပ်ကဲရေး၊ လက်နက်ကြီးအဖွဲ့မှ ပြည် သူ့ကာကွယ်ရေးတပ်မတော် (၂) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးရွာ၊ ပန်းလှိုင်ရွာနှင့် အုတ်ပုံရွာ အကြမ်းဖက်စစ်သား၊ ပျူစော ထီး အထိုင် စခန်းတို့ကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာ ကွယ် ရေး တပ်မ တော် (Chindwin Attack Force) ထံမှ သိရသည်။

မေလ ၄ ရက် ည ၉ နာရီခန့်က ရွှေဘိုမြို့နယ်၊ လုံးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးစခန်းကိုလည်းကောင်း၊ မေလ ၅ ရက် ည ၁၁ နာရီခန့်က ရွှေဘိုမြို့နယ်၊ ပန်းလှိုင်ရွာ အကြမ်းဖက်စစ် သား၊ ပျူစောထီးစခန်းနှင့် အုတ်ပုံကျေးရွာ ပျူစောထီးစခန်းတို့ကိုလည်း ကောင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ဂဠုန်နက် PDF နှင့် ငါးမြည်ရ LPDF တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး အခြေ အနေရ အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုမသိ ရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Attack Force က ထုတ်ပြန် ထားသည်။ khit thit

« Older Entries