Monthly Archives: May 2023

မဲဆောက်ရှိ သက်ငယ်မုဒိမ်းမှု တိုင်ကြားချက်ကို NUG ကိုင်တွယ်နေ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူတစ်ဦးကို အမှုဖွင့်ကာ အထူးတရားရုံးတွင် တရားစီရင်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောဆိုသည်။

မဲဆောက်ရှိ စုပေါင်းနေအိမ်တစ်ခုတွင် နေထိုင်သည့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးအောင်မင်းက အခန်းချင်းကပ်လျက် နေထိုင်သူ ငါးနှစ်အရွယ် မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟူသော တိုင်ကြားချက်မှာ ၂၀၂၃ မေ ၂ ရက်စွဲဖြင့် NUG အစိုးရထံ ရောက်ရှိနေသည်။

NUG ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုတည်ဆောက်ကာ တရားစွဲတင်နိုင်ရန် ပြင်ဆင်နေကြောင်း၊ ကျူးလွန်သည်ဟု စွပ်စွဲခံရသူကို ဝရမ်းထုတ် ဖမ်းဆီးနိုင်ရန် စီစဉ်နေကြောင်း NUG အစိုးရ ပြောဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။

“NUG ရဲတပ်ဖွဲ့ကနေပြီးတော့ အမှုတည်ဆောက်ပြီးတော့ တရားစွဲတင်ဖို့ကိစ္စကို ဆောင်ရွက်နေပါပြီ။ အဲ့ဒါပြီးရင်တော့ တရားရေးဘက်ကို ရောက်မယ်။ တရားရေးဘက်ကို ရောက်ရင် ရဲဘက်က စွဲတင်လာတဲ့ အမှုတွေအပေါ်မှာ မူတည်ပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ပေါ့” ဟု ၎င်းက ဆိုသည်။

“ကိုယ့်ပြည်တွင်းမှာဆိုရင် ဘယ်သူမဆို ဖမ်းပြီး အပ်လို့ရတာပေါ့။ အခုက အခြားနိုင်ငံမှာဆိုတော့ ထိုင်းဘက်ကို ထိုင်းအာဏာပိုင်တို့ဆီကို အကြောင်းကြားတာမျိုးတွေ လုပ်ရမှာပေါ့”

စွပ်စွဲခံရသည့် ဦးအောင်မင်းကို လတ်တလောတွင် NUG ရဲတပ်ဖွဲ့က ထိန်းသိမ်းထားခြင်းမရှိသေးသလို မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း အတိအကျမသိရကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

သို့သော် NUG အစိုးရသည် စစ်အာဏာသိမ်းမှုအပါအဝင် မတရားကျူးလွန်မှုများကို တွန်းလှန်နေသည့် အစိုးရတစ်ရပ်ဖြစ်သောကြောင့် တော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် မတရားမှုတိုင်းကိုလည်း ကျောသားရင်သားမခွဲခြားဘဲ အမှုမှန်ပေါ်ပေါက်စေရန် ဆောင်ရွက်နေကြောင်း၊ တော်လှန်ရေးကာလဖြစ်၍ ကြန့်ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်ကြားထားသည့် ကာယကံရှင်သားအမိကို နေရာပြောင်းရွှေ့နေထိုင်စေကာ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူညီများ ပေးထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

သမီးဖြစ်သူ လိင်အမြတ်ထုတ်ခံရသည်ဟု တိုင်ကြားထားသူ ရန်ကုန်တက္ကသိုလ်မှ ဆရာမဖြစ်သူသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေပြီး အာဏာသိမ်းစစ်အုပ်စု၏ ခြိမ်းခြောက်မှုကြောင့် သမီးငယ်နှင့်အတူ ၂၀၂၂ အောက်တိုဘာတွင် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း NUG သို့ ပေးပို့တိုင်ကြားသည့်စာတွင် တွေ့ရသည်။

NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လိပ်မှုတိုင်ကြားထားသော သုံးမျက်နှာရှိ ထိုတိုင်ကြားစာမိတ္တူကို NUG ၏ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဝန်ကြီးဌာန ၄ ခု၊  NLD ပါတီ ဗဟိုကော်မတီတို့ထံ ပေးပို့ထားသည်။

ငွေကြေးအခက်အခဲကြောင့် စုပေါင်းနေအိမ်တစ်ခုတွင် သားအမိနှစ်ဦး နေထိုင်ခဲ့ရသည်၊ အိမ်ခန်းများတွင် ရေချိုးခန်းနှင့် အိမ်သာ မပါ၍ အ များသုံးအိမ်သာတွင် အသုံးပြုကြရပြီး ထိုအချိန်တွင် သမီးငယ်ကို အခန်းချင်းကပ် နေထိုင်သည့် ဦးအောင်မင်းက လိင်အမြတ်ထုတ်၊ မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု ယူဆရကြောင်း တိုင်းကြားစာတွင် ဖော်ပြထားသည်။

မိတ်ဆွေ CDM ဆရာမတစ်ဦးကို ပြသခဲ့ရာတွင် ကလေးငယ်၏ မိန်းမကိုယ်ကို လက်ဖြင့်၊ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းရှိသည်ဟု ယူဆပြီး မိန်း မကိုယ်တွင် အပေါက်ဖြစ်နေ၍ ဓာတ်မှန်ရိုက်ရန် အကြံပြုကြောင်း၊ မဲဆောက်ဆေးရုံတွင် ဆေးစစ်ထားပြီး ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းဆဲဖြစ်ကြောင်း တိုင်ကြားစာတွင် တွေ့ရသည်။

ထိုအိမ်ရာဝင်းအတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဖြစ်စဉ်အသေးစိတ်ကို မသိရသော်လည်း ထိုပြဿနာဖြစ်ပွားခဲ့ကြောင်း၊ ကနဦးတွင် NUG အစိုးရ၏ ကာကွယ်ပေးမှု မရရှိသဖြင့် ကာကကံရှင်အနေဖြင့် စိတ်ဓာတ်ကျ လက်လျှော့သည့်သဘော ပြောဆိုမှုများ ကြားရကြောင်း ပြောသည်။

ခြိမ်းခြောက်ခံရမှုများလည်း ရှိပြီး လက်ရှိတွင် သားအမိနှစ်ဦးလုံးကို နေရာပြောင်းရွှေ့ထားသော်လည်း ကလေးငယ်အနေဖြင့် စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိနေကြောင်း ဖြစ်စဉ်သိရှိသူများကို ကိုးကား၍ ၎င်းက ပြောသည်။

“သတင်းတွေလည်း ပျံ့သွားတော့ အဲ့ဒီအမျိုးသမီးက ပြောတယ်တဲ့၊ သူ ဘာမှ ဆက်မလုပ်ချင်တော့ဘူးပေါ့နော်။ အရမ်းလည်း တုန်လှုပ်ချောက် ချားနေပြီ၊ ခြိမ်းခြောက်တဲ့ Messages တွေကလည်း သူ့ဆီကို အရမ်းရောက်တယ်ဆိုတော့ သူ အရမ်းကြောက်နေပြီ၊ မလုပ်တော့ဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

တိုင်ကြားခံရသည့် ဦးအောင်မင်းသည် ထိုအိမ်တွင် နေထိုင်ခဲ့သည်မှာ ၂ နှစ်နီးပါး ရှိပြီး တိုင်ကြားသည့် သားအမိသည် နောက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း၊ အိမ်ခန်း လေးခန်းတွဲတွင် အိမ်ထောင်စုလေးစု နေသော်လည်း အခြားအိမ်ထောင်စုနှစ်စုမှာ ခရီးထွက်ခြင်း၊ ပြောင်းရွှေ့ခြင်းတို့ကြောင့် မကြာသေးမီအချိန်ကအထိ ထိုနေရာတွင် ၎င်းတို့အိမ်ထောင်စုနှစ်စုသာ ရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

NUG အစိုးရထံ တိုင်ကြားစာပို့သည့်ရက်မတိုင်မီတွင် ကျူးလွန်ခံရသူတို့သည် ပစ္စည်းများကို ထားကာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက် ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

တိုင်ကြားခံရသည့် ဦးအောင်မင်းကို ဖမ်းဆီးခြင်းမရှိသလို မည်သည့်နေရာတွင် နေထိုင်သည်ကိုလည်း မသိဟု NUG ပြောခွင့်ရှိသူက ဆိုသော် လည်း လူတစ်စုက စစ်ဆေးရန်ရှိသည်ဟုဆိုကာ နေအိမ်သို့ လာရောက်ပြီး ဖမ်းဆီးသွားကြောင်း ထိုခြံဝင်းထဲတွင် နေထိုင်သည့် ၎င်းက ခြံဝင်းထဲရှိ အလုပ်သမားများကို ကိုးကား၍ ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော တိုင်ကြားစာနှင့်အတူ ဦးအောင်မင်းကို ကားတစ်စီးအတွင်း လက်ထိတ်ခတ်လျက် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံလည်း ပူးတွဲပါဝင်သည်ကို တွေ့ရှိရသည်။

မည်သည့်အခြေအနေတွင်ဖြစ်စေ ကျူးလွန်ခံရသည်ဟုဆိုသည့် ကလေးငယ်၏ တရားမျှတမှုအတွက် NUG က တိတိကျကျကိုင်တွယ်ကာ စီ ရင်ချက်ချမှတ်ရန် လိုအပ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

ကလေးငယ်များကို လိင်အမြတ်ထုတ်သည့်ကိစ္စမှာ လက်ခံနိုင်စရာမရှိကြောင်း၊ ပါတီကြီးတစ်ခု၏ အဖွဲ့ဝင်တစ်ဦးက ထိုကိစ္စနှင့် ပတ်သက်လာခြင်းမှာ ပို၍ပင် မဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။

“NUG အနေနဲ့လည်း ဒါမျိုးကိစ္စကို တိတိကျကျ ကိုင်တွယ်ရမယ်။ ပြောဖို့လည်း လိုတယ်။ တာဝန်ယူ၊ တာဝန်ခံဖို့ လိုတယ်။ ဒီလူကို တာဝန်ယူ၊ တာဝန်ခံအောင် သူတို့ တွန်းပို့ဖို့လည်း လိုတယ်” ဟု ဒေါ်နိုးနိုးထက်စံက ပြောသည်။ myanmar now

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၉ ရက် နေ့လည် ၁ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းပြီး တပ်စွဲထားသော ဆားတောင် မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ ရုန်းတစ်စီး သည် လေပေါ်ရောက်ရှိပြီးနောက် ဗုံးသီးတွင်ပါဝင်သော ယမ်းအပူလွန်ကဲရာကပေါက်ကွဲမှုဖြစ်ပြီး ပျက်ကျ ပျက်စီးခဲ့ကြောင်း၊ ကျန်ဒရုန်းများဖြင့် ရဲစခန်းအတွင်းသို့ အောင်မြင်စွာကျဲချနိုင်ခဲ့ပြီး ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့အသုံးပြုရတဲ့ ဒရုန်းတွေက ရိုက်ကူးရေး ဒရုန်းတွေဗျ၊ ဝိတ်အများကြီး မသယ်နိုင်တော့ ယမ်း အပြင်းတွေသုံးရတယ်၊ ကျနော်တို့ အ ခေါ်တော့ ETN ယမ်းပေါ့၊ အဲဒီယမ်းက အပူလွန်ကဲပြီး ပေါက်ကွဲ တာလို့ ယူဆရတယ်၊ လေပေါ်ရောက်မှ ကွဲတာ ကံကောင်းတာ၊ အတောင်ပံတစ်စုံကနေ ရတဲ့ကောင်းပဲ၊ ပထမအကြိမ်တင်တဲ့အချိန်မှာပဲ ကွဲသွားတာ၊ အသစ်တစ်စီးထပ်ဝယ်နိုင်ဖို့ မိဘပြည်သူတွေအနေနဲ့ ကူညီ ပေးပါအုံးလို့ တောင်းဆိုပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါရဲစခန်းတိုက်ခိုက်မှုကို Unicorn Guerilla Force(ယူနီကွန်းပြောက်ကျားတပ်ဖွဲ့)၊ Pheonix SGG ၊ Gight For Federal ၊ Young Wolf ၊ ABCF ၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ ၊တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။ khit thit

ကျောင်းအပ်ချိန်တွင် ငွေကြေး လက်ဆောင် တောင်းခံခြင်းမပြုရန် စစ်ကောင်စီပညာရေးဌာန တားမြစ်

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ ကျောင်းအပ်ချိန်ကို အခု မေလ ၂၃ ရက်ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီအချိန်မှာ ငွေကြေး၊ လက် ဆောင်ပစ္စည်းတွေ ကောက်ခံတာ၊ တောင်းရမ်းတာမျိုးတွေ မပြုလုပ်ရဘူးလို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက ကြေ ညာထားပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ ငွေကြေး၊ လက်ဆောင်တွေကို ကျောင်းသားမိဘတွေထံကနေ ကောက်ခံတာ၊ တောင်းရမ်းတာ ဒါမှမဟုတ် မိဘတွေကိုယ်တိုင် ပေးကမ်းတာတွေလည်း မပြုလုပ်ဖို့ တားမြစ်ထားပြီး အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နဲ့ တခြားဘယ်ပစ္စည်းမှလည်း မရောင်းရဘူးလို့ တားမြစ်ထားပါတယ်။

ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ အရာရှိတဦးက “ဒါက အရင်အစိုးရလက်ထက်ကတည်းက ထုတ်လာတဲ့ စည်းကမ်းတွေပါ။ တချို့ကျတော့ အလှူငွေဆိုပြီး ကောက်နေတာ ရှိနေတုန်းပါ။ ကျောင်းထွက်လက်မှတ်ယူတာဖြစ်ဖြစ်၊ ကျောင်းသားသစ် အပ်တာဖြစ်ဖြစ်၊ တခုခု လိုအပ်ချက် ရှိရင် အလှူငွေဆိုပြီး ကောက်ရင်ကောက်၊ မကောက်ရင် ဘာလိုတယ် ဝယ်ပေးဆိုတာမျိုး လုပ်ကြတာ။ ကျောင်းသားမိဘတွေက ကိုယ့်သားသမီး အဆင်ပြေအောင် လက်သိပ်ထိုးလုပ်ကြတော့ ဒါမျိုးတွေက ပြဿနာနည်းနည်းကြီးမှ ရုံးကို တိုင်စာကရောက်တာ” လို့ ပြောပါတယ်။

ကျောင်းအပ်ချိန်မှာ ကျောင်းသားမိဘတွေအနေနဲ့ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာသာ အပ်နှံကြဖို့ အသိပေးထားပြီး အလယ်တန်း၊ အထက် တန်းအဆင့်တွေကို ကျောင်းထွက်သူမရှိဘဲ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့လည်း ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်က အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၇ သန်းကျော် တက်ရောက်ခဲ့ပြီး ၃ သန်းကျော်လောက် ပညာ သင်ခွင့်ဆုံးရှုံးခဲ့ရကာ လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်သူက ၈ သန်းကနေ ၉ သန်းလောက်အထိ တိုးလာမယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ခန့်မှန်းထားပါတယ်။ DVB

မန်းတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရာသီဥတု အပူဒဏ်ကြောင့် အ ကျဉ်းထောင်အတွင်း အသက်ရှူကျပ် ဝေဒနာခံစားနေရ

မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်း ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် အသက်ရှူကျပ်ကာ မောပန်းသည့် ဝေဒနာခံစားနေရကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

မောမောနေတယ်လို့ ပြောတယ်။ ဆရာဇော်က မနှစ်က တစ်နှစ်လုံးလည်း ဝေဒနာအမျိုးမျိုး ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ တောင့်ခံထားတယ်။ စိတ်ကတော့ တအားမာကျောတယ် “ ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် သင်္ကြန်မတိုင်ခင်က အနည်းငယ် တတ်ကြွလန်းဆန်းသော်လည်း သင်္ကြန်အပြီး နောက်ပိုင်း မေလဆန်းတွင် ထိုကဲ့သို့ ဝေဒနာခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် မန္တလေးတိုင်း၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးသည့်နေ့ကစ၍ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ဒေါက်တာ ဇော်မြင့်မောင်သည် ပုဒ်မ ၅၀၅(ခ)၊ သဘာ၀ဘေးဆိုင်ရာပုဒ်မ ၂၅/၃၀(က) ၊ အဂတိအမှု စသဖြင့် စုစုပေါင်း ပုဒ်မ ကိုးခုဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရသည်။

၎င်းအားစွပ်စွဲထားသည့်အမှုများအနက် အမှုနှစ်မှုဖြင့် ထောင်လေးနှစ်ကျခံနေရပြီး နောက်ထပ်အမှုများအတွက် ထောင်တွင်းတရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက် ၇၀ ကျော်အရွယ် ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် NLD အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်နေစဥ် ၂၀၁၉ ခုနှစ်က သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံအထိ သွားရောက် ဆေးကုသမှုခံယူခဲ့ရသည်။

အကျဉ်းထောင်အတွင်း ကင်ဆာရောဂါဆေးဝါးများ အဆက်မပြတ်သောက်နေရပြီးနောက် ဖျားပြီး အမောဖောက်လာသဖြင့် အောက်ဆီဂျင်ရှူရသည့်အဖြစ်ရှိခဲ့ကာ ထောင်တွင်းဆေးရုံနှင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည်များလည်း ရှိခဲ့ကြောင်းသိရသည်။ mizzima

ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းဘေးရှိ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများနှင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းမီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

” ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းဘေး မှာရှိတဲ့ ငါးယှန်ရွာကို စစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ ပစ်ပြီး မီးဝင်ရှို့နေပါတယ်။ ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်။ မြေပြင် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ABSDF ရဲဘော်များ အပတ်စဥ်သတင်းလွှာ ထုတ်ဝေ

ABSDF စစ်ကြောင်း-၃ တပ်ရင်းအမှတ်-၁၂ ရှိ ရဲဘော်တွေအတွက် ရည်ရွယ်ပြီး တပ်တွင်းသတင်းလွှာတွေ စတင်ထုတ်ဝေခဲ့ပါတယ်။

သတင်းလွှာထုတ်ဝေချိန်ကာလ ၁ လတာကြာမြင့်နေပြီဖြစ်ပြီး A4 အညံ့စားတွေနဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ထုတ်လုပ်ထားတာပါ။

တပ်ရင်းမှာ အင်တာနက်သတင်းတွေ အချိန်နဲ့တပြေးညီ သိရှိဖို့ ခက်ခဲပြီး ရန်ပုံငွေအခက်အခဲနဲ့ အချိန်အခက်ခဲတွေကြောင့် ရေဒီယိုနဲ့ တီဗွီ ရုပ်သံသတင်းတွေကို ကြည့်ရှုဖို့ စီစဥ်ဆောင်ရွက်မပေးနိုင်တဲ့အချိန်မှာ သတင်းတွေနဲ့ မဝေးကွာဖို့ သတင်းစာအနေနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ABSDF အမှတ်-၃ စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး (ဗဟိုကော်မတီဝင်) က “နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ရဲဘော်တွေဟာ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးလုပ်ငန်းစဥ်မှာ ဆက်ပြီးလုပ်မယ်ဆို သတင်းတွေနဲ့ အဆက်မပြတ်ဖို့ လိုတယ်လို့ စိတ်ကူးမိပြီး သတင်းဆွေး နွေးပွဲ လုပ်ဆောင်ရင်း မလာနိုင်တဲ့ရဲဘော်တွေ ဖတ်နိုင်အောင် ရည်ရွယ်ပြီး ထုတ်တာဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာပြည်သတင်းတွေအကြောင်း တပတ်တကြိမ် ဆွေးနွေးပွဲလုပ်ပြီး ရှေ့တန်းမှာ တာဝန်ကျနေတဲ့ ရဲဘော်တွေ ဖတ်ရှုနိုင်ဖို့ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ အရာတွေကို သတင်းလွှာအနေနဲ့ ထုတ်ဝေပြီး ဖြန့်ဝေတာဖြစ်တယ်လို့လည်း သိရပါတယ်။ DVB

ပုလဲမြို့ပေါ် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁၀ ရက်နေ့ ညပိုင်း ၈ နာရီအချိန်တွင်လက် နက်ကြီး၊ငယ်များ ဖြင့် စတင်၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနရား တပ်ဖွဲ့မှ ကိုမြကြီးက ပြောသည်။

ထိုစခန်းတွင် ခန့်မှန်းအင်အား ၁၀၀ ရှိပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ကိုးဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ လက်နက်ကိုင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီး ၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ တွေ အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန် နှစ်နာရီခွဲလောက် ရှိပါတယ်။ လက်နက်ငယ်နဲ့ အတွင်းကို ဝင်ပစ်တာတွေလည်း လုပ်ခဲ့ပါတယ်။ အတွင်းသတင်းပေးအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရတယ်” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား ၊ကျောင်းသားသမဂ္ဂတပ်ဖွဲ့ ၊ Real Hero ၊ မုဆိုးလေး နှင့် သခင်ဒေါင်းညို တပ်ဖွဲ့ တို့ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပုလဲမြို့နယ် ကန့်ထောက် စခန်းကိုလည်း ဒေသခံ မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ mizzima

ထန်းတပင် မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ် သား ၂၀ ဦးသေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင်ဖမ်းမိ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင်းဖမ်းမိခဲ့​ကြောင်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ညနေ ၅ နာရီအထိ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး KNU၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကို ညောင်ပင်သာကျေးရွာရှိ ပြည်သူပိုင် နေအိမ် ခြံများအတွင်း မြေမြုပ်သွားပြီး ကျေးရွာသား ကလေး ၇ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်သွား​ကြောင်း သိရှိရသည်။

“မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီကနေ စပြီး ညနေ ၅ နာရီထိ ထိတွေ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်ခွေးတွေဘက်က ၂၀ ဦး ထက်မနည်း သေတယ်။ ဒဏ်ရာရတာ ၁၀ ဦး၊ စစ်ဗိုလ် အရာရှိ အဆင့် ၃ ဦး အရှင်ဘဖမ်းမိတယ်။ စစ်ခွေးတွေက အထိနာတော့ ကလေးငယ် ၁၀ ဦးအ ပါအဝင် ပြည်သူ ၁၇ ဦးကို မီးရှို့ သတ်ဖြတ် သွားတယ်။ သေဆုံးသွားတဲ့ စစ်သား အလောင်းတွေကို ကျေးရွာထဲက အိမ်ခြံတွေ ထဲမှာ မြုပ်သွားတယ်” ဟု ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။ khit thit

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးကို ညဘက်အသုံးမပြုရန် မြိတ်ပကဖ သတိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အခု မေလ ၁၂ ရက်ကစပြီး ည ၈ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကနေ သတိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြည်‌ထောင်စုကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က အရပ်သား ပြည်သူ့ကားတွေ‌ကို အသုံးပြုပြီး ရိက္ခာတင်ပို့လာတာရှိသလို ခရီးသည်တင်ကား၊ ကုန်ကားတွေကို အကာအကွယ်ယူပြီး ယာဉ်တန်းသွားလာနေတာတွေ ရှိနေတဲ့အတွက် အခုလို သတိပေး ထုတ်ပြန်ရတာဖြစ်တယ်လို့ ပြောပါတယ်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကတော့ “ပြည်သူကိုပြောချင်တာက ကျနော်တို့အနေနဲ့က မစ်ရှင်တခု လုပ်တဲ့အခါမှာ အရပ်သားပြည်သူ ထိခိုက်မှုမရှိအောင် လုပ်‌‌ဆောင်နေပါတယ်။ ဒါ‌ကြောင့် စကစယာဉ်တန်းနဲ့ ခပ်ကွာကွာ လိုက်ပေးပါလို့လည်း အသိပေးလိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိ တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က‌နေပြီး စစ်ကြောင်းထိုး တက်လာတာတွေ ရှိနေပေမဲ့လည်း နှစ်ဖက် ထိပ်တိုက်ထိတွေ့မှုတွေကတော့ မရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလမ်းမပေါ်က ဘန်းလမွတ်ကျေးရွာဘက်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီယာဉ်တန်းနဲ့ ကပ်ပါလာတဲ့ ခရီးသည်ကား ၁ စီး မိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဆက်လက်ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည်ကားတွေ အ‌နေနဲ့လည်း အမိုးတာလပတ် အုပ်ပြီးတော့ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့နဲ့ ‌ကားမှန်ချပြီး မောင်းနှင်ပေးကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးဘက်ကနေ သတိပေးထားပါသေးတယ်။

အဆိုပါ သတိပေးတားမြစ်ထားတဲ့ကြားကနေ ဖြတ်သန်းသွားလာနေပါက ဖြစ်လာမယ့် ထိခိုက်ပျက်‌စီးမှုတွေကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကနေ တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ နောက်ထပ် ကြေညာချက် မထုတ်ပြန်ခင်အထိ ပြောင်းလဲသတ်မှတ်သွားမှာ မဟုတ်ကြောင်းကိုလည်း သတိပေး ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries