Monthly Archives: May 2023

မုန်တိုင်းကြောင့် ရသေ့တောင်မြို့တွင် ဒီလှိုင်း ၆ ပေအထိ ရှိနိုင်

မေ ၁၄ တွင် ရခိုင်ပြည်နယ်သို့ ဝင်မည့် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်အနီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၆ ပေအထိ မြင့်တက်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသ သတိပေးချက်များ ထုတ်ပြန်သည့် Global Disaster Alert and Coorindation System အဖွဲ့က ယနေ့ (မေ ၁၂) တွင် သတိပေးထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်၍ ပြည်နယ်မြောက်ပိုင်းရှိ ၁၀ မြို့နယ်ထက်မနည်းမှ ဒေသခံတို့သည် မေ ၉ ရက်မှ စတင်ပြီး ဘေးလွတ်မည်ထင်သော နေရာများသို့ ထွက်ပြေးတိမ်းရှောင်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

ယမန်နေ့ (မေ ၁၁) မှ စတင်၍ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့နယ်များမှ ဒေသခံများ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ကြသလို ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်များမှ ဒေသခံများမှာလည်း မေ ၉ ရက်နေ့ကတည်းက စတင်တိမ်းရှောင်ခဲ့ကြသည်။

ယနေ့ (မေ ၁၂) မွန်းလွဲတွင် ရသေ့တောင်မြို့နယ် အနောက်ခြမ်းနှင့် ဘူးသီးတောင် တောင်ပိုင်းမြို့နယ်များရှိ ကျေးရွာ ၁၆ ရွာ မှ ဒေသခံ ၆၀၀ ခန့်သည် မေယုကမ်း၊ ရသေ့တောင်မြို့နယ်မှ စေတီပြင်တိုက်နယ်ကျေးရွာသို့ ပြောင်းရွှေ့ ခိုလှုံလာကြသည်။

ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်အနောက်ဘက်ခြမ်း မြေနိမ့်ပိုင်းဖြစ်သော ခမောင်းတော၊ အောက်ကျောင်းတောင်၊ စဖိုကျွန်း၊ ကံပြင်၊ ပြင်ဝန်း၊ အောင်စည်ကုန်း၊ ဒိုးဝေချောင်း၊ မှန်နီပြင်၊ ကြိမ်တန်း၊ ငွေတောင်၊ စက်ခေါ်၊ သာစည်၊ မာန်အောင် စသည့် ကျေးရွာများ၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း အိုးသည်မ၊ ဒိုးဝေ၊ ကျိန်ကျောင်၊ ကျဂိုမော် စသည့် ကျေးရွာများမှ ဖြစ်သည်ဟု ကယ်ဆယ်ရေးကူညီ လုပ်ဆောင်ပေးနေသော ဒေသခံ ဦးမောင်စောဝင်းက ပြောသည်။

“မေယုကမ်း နောက်ခြမ်းမှာ ရှိတဲ့ ရွာသားတွေက မေယုတောင်ကို ကျော်ပြီးတော့ အရှေ့ဘက်ခြမ်းကို ပြေးလာကြတယ်။ နေဖို့ထိုင်ဖို့ကတော့ အဓိက ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အဲဒီလို အများနဲ့ဆိုင်တဲ့ နေရာတွေမှာ နေရာချပေးထားတယ်။ အခုတော့ ရွာက ငွေတွေ ကောက်ပြီးတော့ ကျွေးထားတယ်” ဟု ဒေသခံ ဦးမောင်စောဝင်းက Myanamr Now ကို ပြောသည်။

ဘင်္ဂလားပင်လယ်အော်အနီး မောင်တောမြို့နယ်အတွင်းရှိ အငူမော်- မောင်တောကားလမ်းမဘေး နေထိုင်ကြသော ဒေသခံများလည်း ကုန်းမြင့်ပိုင်းဖြစ်သော ရသေ့တောင်မြို့နယ် မေယုတောင်ရှေ့ဘက်မှ လောင်းချောင်း၊ အောင်ဆိတ်စသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါမုန်တိုင်းသည် ယနေ့ သောကြာနေ့ တိုင်းထွာချက်များအရ တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ရွေ့လျားနေသည်၊ မေ ၁၄ မွန်းတည့်ချိန်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည်၊ မြေပြင်ကို တိုက်ခတ်ချိန်တွင် မုန်တိုင်းအရှိန်မှာ တစ်နာရီလျှင် မိုင် ၁၁၀ နှုန်းထိ ရှိမည်ဟု ခန့်မှန်းထားသည်။

မိုခါမုန်တိုင်းသည် မြေပြင်သို့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့များသို့ စတင်ဝင်ရောက်မည်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ၏ တောင်တန်းများနှင့် ထိတွေ့ကာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။

ယနေ့ မေ ၁၂ နံနက် ၁၀ နာရီကျော်ခန့်တွင် အဆိုပါမုန်တိုင်းသည် စစ်တွေမြို့အနောက်တောင်ဘက် ရေမိုင် ၄၉၅ မိုင်ခန့် အကွာသို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်အတွင်း ယနေ့ (မေ ၁၂) တွင် ရာသီဥတု ပြောင်းလဲနေသည်၊ နံနက်ပိုင်းတွင် မိုးအနည်းငယ် ကျခဲ့ပြီး လေအနည်းငယ် တိုက်စပြုလာကြောင်း မောင်တောဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ တစ်နာရီခန့်တွင် ပြောသည်။

“ရာသီဥတုအခြေအနေက မနေ့ကလို မဟုတ်တော့ဘူး။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေဘက်တွေမှာ မိုးအုံ့နေတယ်။ မနက်က မိုးဖွဲဖွဲလေး ကျခဲ့တာ ရှိတယ်။ မောင်တောဘက်မှာတော့ လေတဖြူးဖြူးနဲ့ စနေပြီ” ဟု သူက ဆိုသည်။ 

ဘင်္ဂလားပင်လယ်အော်နှင့် နီးသည့် မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခ၊ ပဲရုံ၊ ကျောက်ပန္ဒူ၊ အင်းဒင် စသည့် ကျေးရွာများမှ ဒေသခံများသည် တောတောင်များအကြား အမိုးနိမ့်အဆောက်အအုံများ ဆောက်လုပ်ပြင်ဆင်ထားကြောင်း အင်းဒင်ကျေးရွာသား ကိုကျော်စိုးမိုးက ပြောသည်။

ထို့ပြင် လိုအပ်သည့် ဆေးဝါး၊ သောက်သုံးရေနှင့် စားသောက်ရေးအတွက်လည်း နှစ်ရက်စာ အရေးပေါ် ကြိုတင်ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။

“အဓိက စားရေးသောက်ရေးကိစ္စကိုတော့ ငါးခြောက်တွေ ကြော်ထားကြတယ်။ ငရုတ်ကြော် ကြော်ထားကြတယ်။ ပြီးတော့ အရေးပေါ် ချက်ပြုတ်စားသောက်ဖို့အတွက် မီးမွှေးလို့ရအောင် ပြင်ဆင်ထားတာတွေ ရှိတယ်။ မနက်ဖြန် အရုဏ်ကတည်းက မုန်တိုင်းအခြေအနေ ကြည့်ပြီးတော့ ကြိုတင်ချက်ထားမယ်” ဟု ကိုကျော်စိုးမိုးက ဆက်ပြောသည်။

“မုန်တိုင်း ရှောင်ဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘုန်းတော်ကြီးကျောင်းမှာလည်း ပြင်ဆင်ထားတယ်။ ပြီးတော့ ရွာအနီးက တောင်ကုန်းတွေ၊ တောင်ကြားတွေမှာ ခိုလှုံစရာတွေတော့ ကိုယ့်အုပ်စုနဲ့ကိုယ် ပြင်ဆင်ထားကြတယ်။ ကျောက်ပန္ဒူရွာသားတွေမှာလည်း တစ်ရွာလုံး ခိုလှုံလို့ရအောင် ပြင်ဆင်ထားကြတယ်”

မိုခါမုန်တိုင်းသည် မေလ ၁၄ မွန်းတည့်ချိန်တွင် ရခိုင်ကမ်းရိုးတမ်းကို ဗဟိုပြု၍ မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ မိုးလေဝသဌာနများက ခန့်မှန်းထုတ်ပြန်ထားသဖြင့် ပင်လယ်နှင့် နီးစပ်သည့် ရခိုင်မြောက်ပိုင်း မြစ်၊ ချောင်းကမ်းဘေး နေထိုင်ကြသူများ မုန်တိုင်းရန်၊ မုန်တိုင်းကြောင့် ရပ်ရွာထဲ ရေကြီးမှုအန္တရာယ်တို့ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

မီးသတ်၊ ကျန်းမာရေးဌာနနှင့် ပရဟိတလူမှုအဖွဲ့အစည်းများကလည်း ဒေသခံများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး တိရစ္ဆာန်များကို ကုန်းမြင့်ပိုင်းသို့ ပြောင်းကြရန် အသိပေးနှိုးဆော်နေကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့နယ်၊ ကုလားတန်မြစ်နှင့် ဟင်းခရော်မြစ်အနီးဝန်းကျင်ရှိ မှိုဟင်းရွာ၊ လေညှင်းသာ စသည့် ကျေးရွာများမှ မိသားစုတချို့မှာ ယနေ့ (မေ ၁၂) မှ စတင်၍  မြို့ပေါ်သို့  ရွှေ့ပြောင်းရောက်ရှိနေပြီဟု မြို့ခံများထံမှ သိရသည်။

မုန်တိုင်းရန် ရှောင်လာသူများကို အရေးပေါ်ထားရှိရန် မြောက်ဦးမြို့ပေါ်ရှိ ဝါစျေးဘုန်းကြီးကျောင်း၊ လော်ဂမူ (လောကမာန်အောင်သိမ်း)၊ ဘုရားပေါ်၊ ဘုရားသိမ်ကျောင်း စသည့် နေရာများတွင် ပြင်ဆင်ထားကြောင်း မြောက်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးကော်မတီမှ ကိုထွန်းနေဝင်းက ပြောသည်။

ကူညီနိုင်ရေး၊ မော်တော်ယာဉ်များအတွက် လောင်စာဆီ ရရှိရေးတို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြောသည်။

“အခု ကျွန်တော်တို့က မြောက်ဦးမှာ ရှိတဲ့ ဆန်စက်အသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေကြတယ်။ နောက်ထပ် ရှောင်လာတဲ့သူတွေကို အကြိုအပို့လုပ်ဖို့ Hijet ကားအသင်းအဖွဲ့အစည်းတွေနဲ့ ပြောထားတာ ရှိတယ်။ သူတို့ကတော့ ကျွန်တော်တို့ကို ဆီခလောက်ပဲ ခံပေးပါ။ ကားကိုတော့ ကျွန်တော်တို့ ကူညီပေးပါမယ်ဆိုပြီး အဲဒီလိုသဘောတူညီမှုတွေတော့ လောလောဆယ်ရှိတယ်”

ပြည်နယ်၏ မြို့တော် စစ်တွေတွင်လည်း မုန်တိုင်းအတွက် ယနေ့ ပြင်ဆင်မှုများ ပြုလုပ်နေပြီး စားသောက်ကုန်များလည်း ဈေးထိုးတက်သွားကြောင်း မြို့ခံနှစ်ဦးထံမှ သိရသည်။

“အခြေခံစားကုန်စျေးနှုန်းတွေ မနေ့ကနဲ့ မတူတော့ပါဘူး။ အာလူးတစ်ပိဿာ ကျပ် ၄၀၀၀ ၊ ကြက်သွန်တစ်ပိဿာ ကျပ်၂၈၀၀ ကနေ ဒီကနေ့ ၃၀၀၀ ။ ငါးနီတူ ၈၀၀၀ ကနေ ၁၀၀၀၀ ထိ တက်ပါတယ်။ အကောင်ကြီးငါးနီတူဆိုရင် ၁၅၀၀၀ ကျပ်အထိ စျေးတက်နေပါတယ်” ဟု စစ်တွေမြို့နေသူတစ်ဦးက ဆိုသည်။

စစ်တွေဈေးကြီးကိုလည်း မနက်ဖြန် (မေ ၁၃) မှ စတင်ပိတ်မည်ဖြစ်သဖြင့် ယနေ့ နံနက်ခင်းတွင်သာ အရောင်းအဝယ်ပြုလုပ်မှုများရှိကြောင်း ၎င်းထံမှ သိရသည်။

“ညနေပိုင်းမှာ (ဈေးက) ပစ္စည်းတွေ ပြောင်းရွှေ့ကြပါတယ်။ ဆန်ဆိုင်တွေ ဆန်အိတ်တွေကိုလည်း နေရာရွှေ့ပြောင်းတာတွေ မြင်ရပါတယ်။ စစ်တွေအနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စုတွေလည်း စုရပ် ဘုန်းတော်ကြီးကျောင်းတချို့ကို သွားရောက်ခိုလှုံနေတာ ရှိနေပြီး မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းဘက်ကိုပါ ရွှေ့ပြောင်းတာ ရှိပါတယ်” ဟု ထိုအမျိုးသားက ပြောသည်။

အထူးသဖြင့် စစ်တွေမြို့ မြေနိမ့်ပိုင်း ရေနှင့် နီးသည့် ရပ်ကွက်များတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယနေ့ မိုးအုံ့နေကြောင်း သိရသည်။

“လေကလည်း ခပ်သုတ်သုတ် တိုက်လို့ မြစ်မှာ ရေမြင့်တာ၊ လှိုင်းထတာ ရှိပြီး ငါးဖမ်းလှေတွေ၊ ခရီးသည်စက်လှေတွေ ချောင်းထဲ ဝင်ခိုတာ တွေ့ပါတယ်။ စစ်တွေစျေး ဖောင်တော်ဆိပ်က ဆိုင်တွေ နေ့လယ်ပိုင်းကတည်းက ပိတ်ထားကြပြီး ကမ်းနားပျံကျစျေးဆိုင်တွေလည်း မဖွင့်ကြတော့ပါ” ဟု အထက်ပါ မြို့ခံက ပြောသည်။

ကုလားတန်မြစ်ကမ်းဘေးရှိ စစ်တွေမြို့ပွိုင့်ကမ်းခြေ သဲသောင်ပြင်တွင် သဲမြေအကွက်လိုက် ကျွံကျ နိမ့်ဆင်းနေသည်ကို မြင်တွေ့နေရသောကြောင့် ထိုအ‌ခြေအနေမှာ မုန်တိုင်းကြောင့် ဖြစ်ပေါ်နေသည့် လက္ခဏာများဖြစ်သည်ဟု ဒေသခံတချို့က ယူဆနေကြသည်။

အလားတူ ပေါက်တော၊ မြေပုံ၊ မင်းပြား စသည့် မြို့နယ်များရှိ ကျေးရွာ ၃၀ ကျော်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်မှာ မေ ၉ ရက်ကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

ယမန်နေ့ကလည်း ကမ်းခြေမှ ၃ မိုင်ခန့်သာ ဝေးသော မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံများကို ရက္ခိုင့်တပ်တော် (AA) က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ပင်လယ်ထဲတွင် တည်ရှိသည့် အဆိုပါ ငမန်းရဲကျွန်းသည် ၁၉၆၇ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ရွာပေါင်း ၈ ရွာမှာ ရေအောက်သို့ ရောက်ရှိခဲ့ရကာ လူ ၃၀၀၀ ခန့် သေဆုံးခဲ့ဖူးသည်။

မုန်တိုင်းဒဏ်ကို ခံစားရနိုင်ခြေရှိသည့် ရခိုင်ပြည်နယ်ရှိ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော ကျေးရွာပေါင်း ၂၁ ရွာမှ ပြည်သူ ၁၁၀၈၀ ကျော်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။

မပြောင်းရွှေ့လိုသူများအတွက် ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေနှင့် ကြုံတွေ့လာရနိုင်သည့် အန္တရာယ်များကို အသိပညာပေးမှုများ လုပ်ဆောင်ပေးနေသလို လိုအပ်သော ဆေးဝါး၊ အရေးပေါ် အထောက်အကူဖြစ်စေမည့် ပစ္စည်းများနှင့် အသက်ကယ်အင်္ကျီများကိုလည်း AA က ထောက်ပံ့ပေးထားကြောင်း သိရသည်။

စစ်ကောင်စီကလည်း ရခိုင်ဒေသခံများကို အရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားပြီး လိုအပ်သော အကာအကွယ်များ လုပ်ဆောင်ထားသည်ဟု ပြည်နယ်စစ်ကောင်စီ၏ အာဘော်သတင်းများ ဖော်ပြနေသော ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံးသော မုန်တိုင်းအဖြစ် သတ်မှတ်ထားသည့် ၂၀၁၈ ခုနှစ် မေ ၂ ရက်က ဧရာဝတီတိုင်းကို ဗဟိုပြု၍ တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အတွင်း လူတစ်သိန်းကျော် သေဆုံးခဲ့သည်။

နာဂစ် တိုက်ခတ်စဉ်က အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၃၀ ရှိခဲ့ပြီး ထိုစဉ်က ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ စသည့် မြို့နယ်များမှ ရွာအများအပြား ရေဒဏ် မိုးဒဏ်ကြောင့် ရွာလုံးကျွတ် ပျက်စီးကာ ဒေသခံအများအပြား သေကျေခဲ့သည်။

၂၀၁၀ အောက်တိုဘာ ၂၂ ရက်နေ့ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သော ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် (ကျောက်ဖြူ) ကို အဓိက တိုက်ခိုက်ဖျက်ဆီးရာ လူ ၁၅၇ ဦး သေဆုံးခဲ့သည်၊ ထိုမုန်တိုင်းကာလ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၂၀ ရှိခဲ့သည်။ myanmar now

မုံရွာစီးပွားရေး တက္ကသိုလ်တွင် တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စီးပွားရေး တက္ကသိုလ်၌ ကင်းစောင့်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ထံမှ သိရသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့ပေါ်ရှိ စီးပွားရေး တက္ကသိုလ်တွင် ကင်းစောင့်နေသော စစ်သား ၄ ဦးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦး နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Red Star Front-ကြယ်နီတပ်ဦး(PLA)၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့၊ Monywa People Defence Force M.P.D.F(local) နှင့် Brothers Revolution Force-Monywa တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit

မုန်တိုင်းဝင်ရန် နာရီပိုင်းအလိုအထိ ချင်း၊ စစ်ကိုင်းတွင် ပြင်ဆင်မှုအားနည်း

လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ကျော်နိုင်သည့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့အထိ တိုက်ခတ်နိုင်ခြေရှိသော်လည်း ထိုဒေသရှိ စစ်ဘေးရှောင်များမှာ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်နိုင်မှု အားနည်းနေသေးသည်ဟု ဒေသခံတို့က ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေ ၁၄ ညနေ ၆း၃၀ တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၁၁၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကာ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု မြန်မာနှင့် အိန္ဒိယ မိုးလေဝသဌာနများက ခန့်မှန်းထားသည်။ 

မုန်တိုင်း ဖြတ်သန်းတိုက်ခတ်နိုင်သည့် မြို့နယ်များတွင် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ချင်းပြည်နယ် ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲမြို့နယ်တို့ ပါဝင်သည်။

မုန်တိုင်းဝင်ရန် ယနေ့ (မေလ ၁၁ ရက်) ညနေ ၆း၃၀ မှ မေလ ၁၄ ရက် ညနေပိုင်းအထိ တွက်ချက်ပါက နာရီ ၄၀ ကျော်သာ လိုတော့သည့်အချိန်အထိ စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကာကွယ်ရန် ထွေထွေထူးထူး လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဒေသခံတို့က ဆိုသည်။ 

ကနီမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မီးဘေးသင့် ကျေးရွာ ၂၂ ရွာမှ နေအိမ် ဆုံးရှုံးခဲ့ရသည့် ပြည်သူများ၊ လက်ရှိဝင်နေသည့် စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းနေရသူများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် ရှိကြောင်း သိရသည်။ 

ကနီမြို့နယ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားက မုန်တိုင်းအန္တရာယ်ထက် စစ်ကောင်စီ စစ်ကြောင်းထိုးမည့် အန္တရာယ်ကို ပိုမိုစိုးရိမ်နေရသည်ဟု ပြောသည်။

“စစ်ကြောင်းထိုးနေတဲ့ အနေအထားဆိုတော့ ဒါတွေကို ဘယ်လိုကူညီပံ့ပိုးရမလဲ အဓိက စဉ်းစားနေရတဲ့ အနေအထားမျိုးဖြစ်တယ်။ လူထုက စားဝတ်နေရေးထက် စစ်တပ်ကို ကြောက်ပြီး ပြေးလွှား ပုန်းရှောင်နေရတဲ့အရာနဲ့ မုန်တိုင်းနဲ့ ယှဉ်ရင် စစ်ကောင်စီတပ်ကို ကြောက်နေရတယ်”

မုန်တိုင်းအန္တရာယ်ကြောင့် လယ်တောအတွင်း ဆောက်ထားသည့်တဲကို အမိုးအကာ ခိုင်ခံ့စေရန် ပြင်ဆင်နေသည်၊ စစ်ကြောင်းရန်ကြောင့် အချိန်မရွေး စစ်ဘေးရှောင်နိုင်ရန် တစ်ပိုင်တစ်နိုင်စားနပ်ရိက္ခာနှင့် အမိုး၊ အကာတို့ကို အဆင်သင့်ပြင်ဆင်ထားရသည်ဟု ကနီမြို့နယ်တွင်းမှ အသက် ၄၀ ဝန်းကျင်ခန့်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ၂,၀၀၀ ဝန်းကျင်ရှိသည့် ဒီပဲယင်းမြို့နယ်တွင်လည်း မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး ရိက္ခာစုဆောင်းထားမှုမှအပ အခြားကြိုတင်ပြင်ဆင်ထားမှု မရှိကြောင်း စစ်ရှောင်အရေးကူညီနေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

 “ကျုပ်တို့မြို့နယ်က မီးလောင်ပြာကျတဲ့ မြို့နယ်လည်းဖြစ်တယ်။ တဲလေးတွေ ထိုးပြီးနေရတာဆိုတော့ ရိုက်ခတ်ပြီးတော့ ပျက်သွားတာမျိုးဖြစ်ရင်တော့ ဝိုင်းဝန်းကူညီမှုနဲ့ပဲ ပြန်လည်တည်ဆောက်ရမယ်ဆိုတာမျိုး ရပ်တည်ရမယ့်အနေအထားရှိတယ်။ လက်ရှိဆိုရင်တော့ ဆန်တို့၊ ဆီတို့ ပြင်ဆင်ထားတာမျိုးပေါ့၊ အရေးပေါ်လိုအပ်လာတယ်ဆိုရင်ပေါ့”

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒီပဲယင်းမြို့နယ်တွင် နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာ ၃၀  ကျော်မှ နေအိမ် ၆၀၀၀ ကျော် ပြာကျပျက်စီးခဲ့ရသည်။ 

မုန်တိုင်းဖြတ်သန်းဝင်ရောက်မည့်လမ်းကြောင်းရှိ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအနေဖြင့် တစ်ပိုင်တစ်နိုင်ပြင်ဆင်မှုအချို့ရှိပြီး စစ်တပ်၏ လေကြောင်းဒဏ်၊ လက်နက်ကြီးပစ်ခတ်မှုဒဏ်တို့ကို ရင်ဆိုင်နေရသည့် မင်းတပ်မြို့နယ်အတွင်းမှ ကျေးရွာများမှာမူ မုန်တိုင်းဒဏ်ထက် စစ်ကောင်စီ၏ အန္တရာယ်ကို ပိုမိုစိုးရိမ်နေသည်။

“(မုန်တိုင်းအတွက်) ဘာမှ ကြိုတင်လုပ်ဆောင်တာ မတွေ့ရသေးဘူး။ တစ်ခုခုဆို ကတုတ်ကျင်းထဲ ပုန်းမယ်ပဲ ပြောကြတာ တော်တော်များများက။ လေယာဉ်နဲ့ လက်နက်ကြီးပစ်မယ် ပြောတာကိုပဲ စိတ်ဝင်စားတယ်။ ခုချိန် တွေ့တဲ့သူကို မုန်တိုင်းသတင်းပြောပြတာ သိပ်မစိုးရိမ်ကြဘူး” ဟု မင်းတပ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲများကြောင့် မုန်တိုင်းနှင့် ပတ်သက်ပြီး တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန် အခက်ကြုံနေရသည်။

ကနီမြို့နယ်မှ အထက်ပါ ဒေသခံ အမျိုးသားကလည်း  ဒေသခံများ သတင်းကြိုမရကြကြောင်း ပြောသည်။

“မုန်တိုင်းလာခါမှလာရောဆိုတာမျိုး၊ ရောက်လာမယ့် အန္တရာယ်ကို ခါးစည်းခံရမယ့်အနေအထားမျိုးပေါ့။ မီးမရှိတော့ TV တောင် မဖွင့်နိုင်ဘူးဗျာ။ အဲ့ဒီတော့ အချက်အလက်က လတ်တလော အဆက်အသွယ်ပြတ်တောက်နေတာ။ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်ရဖို့ တော်တော် စုံစမ်းနေရတာပေါ့” ဟု ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ယမန်​နေ့ (မေလ ၁၁ ရက်) ထုတ်ပြန်သည့်အချက်အလက်အရ မိုခါမုန်တိုင်း တိုက်ခတ်မှုသည် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့မှ လူဦး‌ရေ ၁၇ သန်းကျော်ကို သက်ရောက်မည်ဟု ဆိုသည်။ 

ဒီပဲယင်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက “မုန်တိုင်းဆိုတာက မမြင်နိုင်တဲ့ အန္တရာယ်လည်း ဖြစ်တယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ဆုံးရှုံးမယ်ဆိုလည်း တဲတွေပြိုတာတို့၊ အိမ်တွေပျက်စီးတာတို့ ကြုံကောင်းကြုံမယ်ပေါ့။ ဒါပေမဲ့ စစ်ကောင်စီပေးတဲ့ဒုက္ခတွေလောက်တော့ မုန်တိုင်းက ဟန်မပြင်းဘူးဗျ။ ဘာကြောင့်လည်းဆို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတဲ့အခါမှာ အကုန်လုံးက မီးလောင်ပြာကျရတယ်ဗျာ” ဟု ပြောသည်။

ကုလသမဂ္ဂနှင့် ဥရောပကော်မရှင်တို့၏ ပံ့ပိုးမှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ လေ့လာနေသည့် ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) ၏ ယနေ့ (မေ ၁၂) မွန်းလွဲပိုင်းထုတ်ပြန်ချက်တွင် မိုခါမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၇ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်သည်၊ လူပေါင်း ၂.၇ သန်း ထိခိုက်နိုင်သည်ဟု ဖော်ပြထားသည်။

မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်အနီးတွင် ပင်လယ်ရေမျက်နှာပြင်အမြင့် ၆ ပေအထိ မြင့်တက်နိုင်ကြောင်းလည်း ကမ္ဘာ့မိုးလေဝသသတိပေးချက်များ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယနေ့ (မေလ ၁၂ ရက်) မွန်းလွဲပိုင်းထုတ်ပြန်ချက်တွင် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် အကူအညီပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ကမ်းရိုးတန်းသို့ ၂၀၁၀ ခုနှစ် အောက်တိုဘာလက ဝင်ရောက်ခဲ့သည့် ဂီရိမုန်တိုင်းသည် တစ်နာရီ မိုင် ၁၂၀ အထိ တိုက်ခတ်ခဲ့ပြီး ရခိုင်ဒေ သခံ ၁၆၀ နီးပါး သေဆုံးခဲ့သည်။ နိုင်ငံ့သမိုင်းတွင် အဆိုးဆုံး မုန်တိုင်းတိုက်ခတ်မှုအဖြစ် ၂၀၀၈ ခုနှစ် မေလအတွင်းက ဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ်ဒေသသို့ တစ်နာရီလျှင် မိုင် ၁၃၀ နှုန်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးစေခဲ့သည်။ myanmar now

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်လာသော စစ်ကား ၆ စီးကို မိုင်းဆွဲပစ်ခတ်တိုက် ခိုက်မှု ၅ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် တနေရာတွင် လက်ပံတောင်းတောင်မှ ကြေး နီများ သယ်ဆောင်လာသော အ ကြမ်းဖက်စစ်ကား ၆ စီးကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအထက် သေဆုံးနိုင်ကြောင်း Democratic Guerilla Force- DGF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ချင်းတွင်း မြစ်အနောက်ဖက် လက်ပံတောင်းဒေသမှ ကြေးနီ များ တင်ဆောင်လာသည့် အကြမ်း ဖက် စစ်ယာဉ်တန်းကို မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးလဲကျသေဆုံးသွားပြီး ယင်းသေဆုံးဒဏ်ရာရ စစ်သားများကို နားရေးကား ၇ စီးဖြင့်ချောင်းဦးမြို့ဘက်သို့ သယ်ဆောင်သွား ကြောင်း သိရသည်။

“ပဒေသာမိုင်း၊ လက်နက်ငယ် ၁၀ လက်နဲ့ သွားတိုက်ခဲ့တာပါ၊ ၅ ကောင်လဲကျသွားတယ်၊ သေဆုံး ဒဏ်ရာရ စစ်သားတွေကို ချောင်းဦးမြို့က နာ ရေးကား ၇ စီးနဲ့လာပြီး သယ်သွားတယ်၊ ခွေးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိပေမယ့် အချိန်မီ ပြန်ဆုတ်နိုင်ခဲ့ပါတယ်၊ ရဲဘော်တွေအားလုံး အထိ အခိုက်မရှိခဲ့ပါဘူး” ဟု Democratic Guerilla Force- DGF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို 5/UG Task Force ၊ မြေအောက်တော်လှန်ရေးအဖွဲ့၊ MRDA တပ်ရင်း ၆ ၊ တပ်ခွဲ ၂ (စေတန်)၊ The Brightness Monywa၊ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ DGF(Lower Chindwin)၊ ဒီမို ကရက်တစ်ဒေသခံတပ်ပေါင်းစု၊ (DLC)၊ Urban Hunter Force(UHF)တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

စစ်ကောင်စီတပ်ကမီးရှို့ပြီး ပြည်သူများကိုဖမ်းဆီး၍ PDF များ ပြုလုပ်ခြင်းဟု ပြောဆိုခိုင်းကာ မှတ်တမ်း ယူဆောင်သွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်ဦးမြို့ မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ပွဲရပ်နှင့် ညောင်ပင်ရပ် ရပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များ မှ အ ကြမ်းဖက်ဝင်ရောက်ပြီးနောက် နေအိမ်များကိုဝင်ရောက်မီးရှို့သွား ပြီး ရပ်ကွက်အတွင်းမှ ပြည်သူများကို ဖမ်းဆီး၍ PDF များမှ မီးရှို့ ခြင်းဖြစ်သည် ဟု ပြောဆိုခိုင်းကာ မှတ်တမ်းရယူမှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၁ ရက်နေ့ ည ၉နာရီ လောက်တွင် ရပ်ကွက်များအတွင်းသို့ တပ်ဖြန့်ဝင်ရောက်ပြီးနောက် ရပ်ကွက်အတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း Chaung U Revolution အဖွဲ့က ပြောဆိုသည်။

“ နေအိမ်တွေကို စပြီး မီးရှို့ တဲ့ အချိန်မှာပဲ ထွက်လာတဲ့ ပြည်သူတွေအားလုံးကို အင်အားအလုံးအရင်း နဲ့ ဝိုင်းပြီးတော့ ဖမ်းတယ်၊ ဖမ်းပြီးတော့ ရတနာရွှေဂူ ဘုရားကြီး တောင်ဘက်မှာရှိတဲ့ ဝန်းကွက်လပ်ထဲကို ခေါ်သွားပြီး ပြည်သူတွေကို ဒီမီးဘယ်သူရှို့လဲ PDF ရှို့ပါတယ်ဆိုပြီး ပြည်သူတွေကိုအော်ခိုင်းပြီး Video Record ယူသွားတာ ရှိတယ် “ ဟု Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပွဲရပ် နှင့် ညောင်ပင်ရပ် ရပ်ကွက်နှစ်ခုမှ နေအိမ် ခြောက်လုံး မီးလောင်ပျက်စီးသွားကြောင်း ကြား သိထားခြင်းမျိုးရှိသော်လည်း အတိအကျကို မသိရသေးကြောင်း Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ခြောက်လုံး လောင်သွားတယ်လို့ ကြားထားတော့ရှိတယ် အတိအကျတော့ အတည်မပြုနိုင်သေးဘူး စစ်တပ်က ခုထိ အဲ့မှာပဲရှိနေသေးတယ်” ဟု ပြောသည်။

စစ်တပ်က ဖမ်းဆီးထားသည့် ပြည်သူများအနက် ပြန်လည်လွတ်မြောက်လာသူများရှိသကဲ့သို့ ဖမ်းဆီးခံထားရဆဲ ပြည်သူများရှိနေကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် ချောင်ဦးမြို့နယ် ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း Chaung U Revolution အဖွဲ့က ဖော်ပြထားသည်။ mizzima

မိုခါ မုန်တိုင်း ဖြတ်သန်းမည့် ရခိုင်မှ မြို့နယ် ၇ ခုကို အနီရောင်အဆင့်သတ်မှတ် သတိ​ပေး

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မိုခါ Mocha မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ် ၇ ခုကို အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း ယနေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်လိုက်သည်။ khit thit

Click2 donate (C2D) မှ “ဆယ်ရက်၊ သိန်းတစ်ထောင်” ကမ်းပိန်းပြုလုပ်

တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေကာ ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Click2donate (C2D) မှ ၁၀ ရက်အတွင်း သိန်း၁,၀၀၀ ရရှိနိုင်ရန် ကမ်းပိန်းတစ်ခု လုပ်ဆောင်နေသည်။

အဆိုပါကမ်ပိန်းကို မေလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိသတ်မှတ်ထားပြီး နေ့စဉ် ကလစ်နိုင်ရန်အတွက် website လင့်များအား C2D Facebook page မှ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

website များတွင် ကြော်ငြာတက်စေရန် website တစ်ခုတွင် အနည်းဆုံး ငါးမိနစ်ခန့် အချိန်ပေးကာ ကလစ်ရမည်ဖြစ်ပြီး ကလစ်နည်းအသေးစိတ်ကို C2D ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗွီဒီယိုဖိုင်တင်၍ ရှင်းပြထားသည်။

မြန်မာပြည်တွင်းနေထိုင်သူများအနေဖြင့် VPN အသုံးပြုရမည်ဖြစ်ကြောင်း ကမ်ပိန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပဒေသာမှပြောသည်။

“ကိုယ်က မလုပ်တတ်ဘူးဆိုပြီးတော့ အားမငယ်နဲ့၊ မလုပ်ဘဲနဲ့လည်း မနေနဲ့ ။ တစ်နေ့ကို ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ဒီလိုမျိုး သိန်း တစ်ထောင် ရှာမယ့် ကမ်ပိန်းမှာ ပါဝင်လို့ရမှာ” ဟု ၎င်းက ထပ်မံတိုက်တွန်းသည်။

ကမ်ပိန်းစတင်သည့် မေလ ၁၁ ရက်နေ့ တစ်ရက်တွင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ရရှိထားပြီး ကလစ်လုပ်ကြသူ ၂,၈၀၀ ကျော်ရှိကြောင်းသိရသည်။

အဆိုပါကမ်ပိန်းမှရရှိသည့် ရန်ပုံငွေများအား စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် မကွေးတိုင်း အတွက် သိန်း ၅၀၀၊ ကရင်နီပြည်နယ်အတွက် သိန်း ၂၀၀၊ တောင်ပိုင်းအတွက် သိန်း ၂၀၀ နှင့် မြို့ပြ ပြောက်ကျားအဖွဲ့များအတွက် သိန်း ၁၀၀ အသီးသီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် US ဒေါ်လာ ၁၄၅,၇၆၂.၁၅ (ကျပ်ငွေ သိန်း ၄,၀၀၀ မှ ၄,၃၀၀ကြား) အား ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် You Tube Channel များမှတစ်ဆင့် တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးနေသည့်”Padathar Pin-ပဒေသာပင်”သည် လူဝင်နှုန်းကျဆင်းလာမှုကြောင့် ရပ်နားခဲ့ကြသည်။

ကလစ်လုပ်နည်း ဗီဒီယိုလင့် https://fb.watch/ktJDlXw9yJ/ mizzima

ဖားကန့်နှင့်ကာမိုင်းတွင် လက်နက်ကိုင်များ အလင်းဝင်ရန် စစ်ကောင်စီလိုက်လံစည်းရုံး၊ သွေးကြွေးတွင် ဆွေးနွေးစရာမရှိ PDF တုန့်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နှင့်ကာမိုင်းမြို့တွင် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ရန်ဟုဆိုကာ ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးထားသော လက်ကမ်းစာစောင်များကို စစ်ကောင်စီက ဖြန့်ဝေနေသည်ဟု ဒေသခံများကပြော သည်။

ယနေ့ မေလ ၁၂ရက် နံနက်က ဖားကန့်မြို့နယ် ပန်းတင်တံတားပတ်ဝန်းကျင်တွင် စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်ဝေနေသလို လမ်းဘေးဓာတ်တိုင်များတွင်လည်း ကပ်သွားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

” ပန်းတင်တံတားနားမှာ လမ်းသွားလမ်းလာတွေကို ဝေနေတာ။ PDF တွေ ဥပဒေဘောင်အတွင်းဝင်ဖို့တဲ့။ စစ်တပ်ကအခုထိ ဥပဒေဆိုတာကို ပြောနေတုန်းပဲ” ဟု ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှဒေသခံတဦးကပြောသည်။

ဖားကန့်မြို့အပြင် ကားမိုင်းမြို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများအပါအဝင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအမျိုးမျိုးကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန်ဟု ရေးသားထားသော စာရွက်များကို အရပ်ဝတ်လူတစ်စုက လိုက်ကပ်သွားသည်ဟု မျက် မြင်တွေ့သူတစ်ဦးက‌ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယခုအခါ နယ်မြို့များ၌ အထက်ပါအတိုင်း လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

” ကျွန်တော်တို့က ဘဝတွေ၊ အသက်တွေ ပေးခဲ့ရပြီးပြီ။ သွေသွေး‌ကြွေးမှာ ဆွေးနွေးစရာမရှိဘူး။

ကျွန်တော် လူငယ်တွေနဲ့ ဒီနေ့တွေ့ပြီးမေးကြည့်တယ်။ အကုန်လုံးက ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်ကြမယ့် သူချည်းပဲ” ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ယခင်ကလည်း PDF များ အလင်းဝင်ပါက ပြစ်မှုမကျုးလွန်သူများကို လက်ခံမည်ဟုကြေညာခဲ့ဖူးသည်။ သို့သော် စစ်ကောင်စီထံလက်နက်ချသူ မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ mizzima

« Older Entries