စစ်တွေတွင် မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်မှုများ ပြုလုပ်

စစ်တွေတွင် မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်ရန်အတွက် ကျောက်တော်မြို့နယ် နှင့် မြောက်ဦးမြို့နယ်များသို့ ပြောင်းရွေ့သူများနှင့် ရေမတက်နိုင်သည့် အဆောက်အဦများသို့ ပြောင်းရွေ့နေထိုင်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

တခြားမြို့နယ်များသို့ ပြောင်းရွေ့ရန် အဝေးပြေးယာဉ်လိုင်းများမှ အခမဲ့ ကူညီပေးကြကြောင်းနှင့် လူမှုရေးအဖွဲ့အစည်းများမှလည်း သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များအတွက် ဘုန်းကြီးကျောင်းများတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များ စီမံ ပြင်ဆင်ပေးလျက်ရှိသည်ဟု သိရသည်။

“လူမှုရေးအဖွဲ့အစည်းတွေက ဘုန်းကြီးတွေမှာသွားပြီးတော့ အဓိက ကတော့ အဘိုးအဘွားတွေ ကိုယ်ဝန်ဆောင်တွေအတွက် နေရာထိုင်ခင်းတွေ အစားအစာတွေ စီစဉ်ပေးတာရှိတယ်။ နောက်တစ်ခုက တချို့ အဝေးပြေးယာဉ်လိုင်းတွေကနေပြီးတော့ အခမဲ့ ကူညီပေးတာမျိုးတွေလဲရှိတယ် ။မုန်တိုင်းရှောင်ချင်တဲ့သူတွေ ကျောက်တော် မြောက်ဦး သွားချင်တဲ့သူတွေကို သူတို့ ကားတွေနဲ့ ပို့ပေးတာတွေ လုပ်တယ်။ ကျောက်တော် ‌မြောက်ဦးကတော့ မုန်တိုင်းဖြတ်မဲ့အထဲ သိပ်မပါတာဆိုတော့ တချို့တွေက ရေတက်မှာလဲ ကြောက်ကြတော့ အဲ့ဘက်တွေကို သူတို့သွားပြီးတော့ မုန်တိုင်းရှောင်ကြတယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရေတက်မည်ကို ကြောက်ကြသည့်အတွက် စစ်တွေ ကျောက်တော် ‌မြောက်ဦး မြို့နယ်များရှိ ဟိုတယ် ၊တည်းခိုခန်းများတွင် မုန်တိုင်းကာလအတွက် အခန်းကြိုတင် ဌားယူမှုများရှိပြီး မေလ ၁၄ရက်အထိ ဟိုတယ် ၊တည်းခိုခန်း ဘိုကင် များ အပြည့် ဖြစ်နေသည်ဟုလည်း သိရသည်။

“ကုန်းနိမ့်ပိုင်းက လူတွေကတော့ နေရာပြောင်းရွေ့တာတွေ လုပ်‌ကြတယ်။ ဟိုတယ်တွေ တည်းခိုခန်းတွေက လွန်ခဲ့တဲ့ ၂ရက်ကတည်းက ဘိုကင်တွေပြည့်နေပြီ။ မေလ၁၄ရက်ဆိုရင် လုံးဝ ဌားမရတော့ဘူး။အိမ်မှာလဲ ပစ္စည်းတွေဘာ‌တွေ ထုတ်ပိုးထားတယ်။ ဒါပေမယ့် အိမ်က ကုန်းမြင့်ပိုင်းဆိုတော့ အိမ်ခေါင်မိုးတွေ လှန်သွားမှာတို့ ဘာတို့တော့ နည်းနည်းစိုးရိမ်တယ်။ ရေတက်လာမှာကိုတော့ စိုးရိမ်ပေမယ့် ဘယ်လိုမျိုး ဖြစ်မလဲ မသိသေးတော့ ‌အခြေအနေကြည့်ရမှာပေါ့လေ။ စိုးတော့ စိုးရိမ်တာပေါ့။ ပင်လယ်ကမ်းစပ်နားနီးတဲ့သူတွေနဲ့ ကုန်းနိမ့်ပိုင်းမှာ ရှိတဲ့သူတွေကိုတော့ ပိုစိုးရိမ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်တွေတွင် ဆိုင်ခန်းများ အားလုံးလည်း ပိတ်သိမ်းထားကြပြီး ဆိုင်ခန်းရှိ ပစ္စည်းများကိုလည်း နေရာပြောင်းရွေ့မှုများ လုပ်ဆောင်နေကြသည်ဟုလည်း ‌အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။

“စစ်တွေမှာက ဆိုင်တွေအားလုံးလဲ ပိတ်ထားကြတယ်။ ဆိုင်တွေက ပစ္စည်းတွေကိုလဲ ထုတ်ပိုးပြီး လုံခြုံ‌တဲ့နေရာတွေကို ပြောင်းထားကြတာတွေလဲရှိတယ်။ သူတို့ဆိုင်တွေမှာ မထားကြတော့ဘူး။ လမ်းဘေးနားက ဆိုင်တွေဆိုရင်လဲ တချို့တွေက သူတို့ပစ္စည်းကို အိမ်ကို ပြောင်းရွေ့တာမျိုး ဂိုထောင်ကို ပြောင်းရွေ့တာမျိုးတွေ လုပ်ကြတယ်”ဟု ၎င်းကပြောသည်။

စစ်အစိုးရဘက်မှလည်း ယနေ့တွင် ရဲကားများဖြင့် ကမ်းနားလမ်းများကို လိုက်လံ ကြည့်ရှုမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောကြသည်။

ထို့အပြင် ဆန်ဆီ စားသောက်ကုန် ပစ္စည်းများ ဈေး အဆမတန် မြင့်တက်လာမှုများနှင့် (Life Jacket )အသက်ကယ် အကျီ များသည်လည်း တစ်ထည်လျှင် ကျပ်၅သောင်းမှ ကျပ်၁သိန်းအထိ ဈေးမြင့်တက်လျှက်ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာစံတော်ချိန် ည ၁၁ နာရီ ဝန်းကျင်တွင် စစ်တွေမှာ မိုးရွာသွန်းနေပြီး လေတိုက်ခတ်မှု အနည်းငယ် ရှိနေကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ ယနေ့မြန်မာစံတော်ချိန် ၉နာရီ၃၀ မိနစ် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အ လယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်မြောက် ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s