ဆိုင်ကလုန်းမုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်အန္တရာယ်များ သတိထားကြရန်လို

အလွန်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်သည့်အချိန်တွင် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် မြေမြှုပ်မိုင်းများ နှင့် စစ်ကျန်လက်နက်ပစ္စည်းများသည် နဂိုမူလသတ်မှတ်နေရာများမှ အခြားနေရာများဆီသို့ ရွေ့လျားသွားနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် သတိပြုကြရန် Explosive Ordnance Risk Education in Myanmar မှ ထုတ်ပြန်ထားသည်။

အဆိုပါ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအား တွေ့ရှိပါက ပြည်သူများအနေဖြင့် လုံးဝမထိရန်၊ မရွှေ့ရန်၊ မထုခွဲရန်လည်း သတိ ပေးထားသည်။

“မြေမြှုပ်မိုင်းဆိုတဲ့နေရာမှာ နင်းမိုင်းရှိတယ်၊ ကြွမိုင်းရှိတယ်။ အကယ်၍များ မိမိနင်းမိတာက နင်းမိုင်းမဟုတ်ခဲ့ဘဲ ကြွမိုင်းဖြစ်နေရင် နင်းမိပြီးတာနဲ့ ပြန်မကြွဖို့အတွက် သတိဝင်စေလိုပါတယ်။ နင်းမိုင်းကတော့ နင်းမိပြီးတာနဲ့ ပေါက်ကွဲတာပါ။ ကြွမိုင်းရဲ့သဘောက ပြန်ကြွမှ ပေါက်ကွဲတာပါ။ ခြေပြန်မကြွဘဲ နီးစပ်ရာ ကျွမ်းကျင်သူတွေဆီမှာ အကူအညီ တောင်းရပါမယ်။ မိုင်းရဲ့သဘောသဘာဝဟာ ရေဝင်မြေဝင်လို့ အသက်မဲ့သွားတယ်ဆိုတာ မရှိပါဘူး ဒါကို သာမန်ပြည်သူလူထုအနေနဲ့ အများကြီး သတိထားဖို့လိုပါတယ်” ဟု လက်နက်ကျွမ်းကျင်သူတစ်ဦးက ပြော သည်။

မိုင်းများအား တပ်ဆင်သော မြှုပ်သော အဖွဲ့အစည်းအသီးသီးသည် မိမိမြှုပ်သော နေရာများအား မြေပုံဖြင့် အတိတကျ မှတ်သားကြလေ့ရှိသော်လည်း သဘာဝဘေးအန္တရာယ် ဝင်ရောက်လာ၍ နေရာရွေ့လျားသွားသည့်အခါ သတ်မှတ်နေရာများအတိုင်း ရှိနေမည်မဟုတ်တော့သော ကြောင့် ပြည်သူလူထုအနေဖြင့် ကြီးစွာသတိထားကြရန် သတိပေးစကားဆိုသည်။

စစ်လက်နက်ပစ္စည်းများသည် များသောအားဖြင့် စစ်စိမ်းရောင်၊ ငွေမှင်ရောင်၊ မီးခိုးရောင် အသွင်ရှိပြီး မိမိပတ်ဝန်းကျင်အနီးတစ်ဝိုက် မသင်္ကာစရာ ပစ္စည်းတွေ့ရှိပါကလည်း အချင်းချင်း သတင်းအချက်အလက်များ မျှဝေကာ သတိပေးကြရန်လိုကြောင်း ဆိုသည်။

အလွန်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်မည့် ဒေသများသည် ရခိုင်ပြည်နယ်အပါအဝင် လက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ အဓိကပါဝင်သည်။

တစ်နာရီ မိုင် ၁၀၀ မှ ၁၁၀ ကြား တိုက်ခတ်နှုန်းဖြင့် မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့မှတစ်ဆင့် ကုန်းတွင်းသို့ ဝင်ရောက်နိုင်သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် အဆိုပါဒေသများတွင် ယနေ့ မေလ ၁၃ ရက်နေ့မှစတင်ကာ မေလ ၁၅ ရက်နေ့အထိ မိုးကြီးခြင်း၊ လေပြင်းတိုက် ခတ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ mizzimz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s