ဖမ်းဆီးခံထားရသည့် ပြည်သူ ၂ ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများ ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်နှင့် စစ်တောင်းကျေးရွာမှ ပြည်သူနှစ်ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများအား စစ်ကောင်စီတပ်မှ မေလ ၁၀ ရက်နေ့တွင် လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ ကိုဥက္ကာထက်လင်း(ခ) ဥက္ကာ ၏ နေအိမ်၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်နှင့် ကျိုက်ထိုမြို့ စစ်တောင်းကျေးရွာမှ ကိုနေလင်းထက်(ခ) အာမီ ၏ နေအိမ်နှင့် ကုန်စုံဆိုင်တို့အား မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၊ ရဲနှင့် အရပ်ဝတ်များမှ လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ ချိပ်ပိတ်ခံလိုက်ရတယ်၊ ဥက္ကာတို့ အိမ်ကိုပေါ့။ ဥက္ကာက သူ့မိဘတွေနဲ့ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်လေး ဖွင့်ထားတာပေါ့။ သူ့ကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတယ်။ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းထားတယ်။ ခု တရားစွဲတင်ထားတယ်။ အဲ့ဒါပြီးတော့ အိမ်ချိပ်ပိတ်လိုက်တယ်။ နေလင်းထိုက် ကလည်း တူတူပဲ။ ဥက္ကာနဲ့တူတူပဲ မတ်လထဲမှာပဲ ဖမ်းခံလိုက်ရတယ်။ သူလည်း အိမ် ချိပ်ပိတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိုထက်ဥက္ကာလင်း နှင့် ကိုနေလင်းထိုက် တို့နှစ်ဦးကို မတ်လ ၂၀ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် ထိုသူနှစ်ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအား ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကိုထက်ဥက္ကာလင်းနှင့် ကိုနေလင်းထိုက် တို့အား ကျိုက်ထိုရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြစ်သည့် ပုဒ်မ ၅၀(ည)အပါအဝင် ၅၀(ဈ)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားကာ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများ၏ နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံခဲ့ရကြောင်း ကျိုက်ထိုမြို့တွင် နေအိမ်ချိပ်ပိတ်ခံထားရသည့် သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းထံမှ သိရသည်။

“ကျိုက်ထိုမြို့ထဲမှာတော့ အိမ်ချိပ်ပိတ်တာ ကျနော့်အိမ်အပါအဝင် နေအိမ် ၁၀လုံးနဲ့အထက် ရှိပြီ။ ကျနော်တို့ကတော့ တော်လှန်ရေးနိုင်အောင်လုပ်မှာပဲ။ သူတို့ကတော့ သူတို့အလုပ် သူတို့ လုပ်မှာပဲလေ။ သူတို့ လုပ်တဲ့အလုပ်တွေက ဘယ်တုန်းကများ ကောင်းတာရှိခဲ့ဖူးလို့လဲ။ ကျနော်တို့ကိုမရတော့ ကျနော်တို့ မိသားစုကိုဖမ်းတယ် ထောင်ချတယ်။ ဒီလိုပဲ တခြားသူတွေကိုလည်း ဖမ်းတယ်၊ အိမ်ကိုချိပ်ပိတ်တယ်။ ဒါပြည်သူရဲ့ ပစ္စည်းကို မတရားလုပ်တာပဲလေ” ဟု ကိုအေးမင်းထွန်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံအဝန်း ပြည်သူများ၏ နေအိမ် ၆၄၁ လုံး၊ ဆိုင်ခန်း ၄၂ ဆိုင် အပါအဝင် အကြီးစားပိုင်ဆိုင်မှုစုစုပေါင်း ၇၅၁ ခုအား စစ်ကောင်စီတပ်မှ ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ချိပ်ပိတ်ခံရသူအများစုမှာ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း AAPP မှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s