ရိုက်နှက်ဖမ်းဆီးခံရသည့်ရဟန်း တစ်နှစ်ကျော်မှ အိုးဘိုထောင်ရောက်လာ

ဖမ်းဆီးရိုက်နှက်ခံရသော မန္တလေးမြို့မှ ရဟန်းတစ်ပါးသည် စစ်ကြောရေးစခန်း၊ စစ်ဆေးရုံ၌ တစ်နှစ်ကျော်ကြာ နေထိုင်ရပြီးနောက် ဧပြီလကုန်ပိုင်းတွင် အိုးဘိုထောင်သို့ ရောက်ရှိလာကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာကျောင်းတိုက်တွင် သီတင်းသုံးသည့် သက်တော် ၄၀ အရွယ် ဆရာတော် ဦးစိန္ဒိမာကို ၂၀၂၂  ဖေဖော်ဝါရီ ၉  ညသန်းခေါင်တွင် စစ်ကောင်စီလက်နက်ကိုင်တို့က ကျောင်းတိုက်အတွင်း ဝင်ရောက် ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့နောက်  တစ်နှစ်ကျော်သည်အထိ သေသည်ရှင်သည် မသိရဘဲ အဆက်အသွယ်ပြတ်တောက်သွားရာမှ ပြီးခဲ့သည့် ဧပြီလကုန်တွင် ထောင်သို့ ရောက်ရှိလာသည်၊ ဆရာတော် ဦးစိန္ဒိမာ၏ ဘယ်ဘက်ခြေထောက် ထိခိုက်ထားသည်ဟု မေလ ၄ ရက်တွင် အိုးဘိုထောင်မှ လွတ်မြောက်လာသည့် ရဟန်းတစ်ပါး က Myanmar Now ကို မိန့်သည်။

“ဦးဇင်းတို့ ထွက်ခါနီး ရက်ပိုင်းအလိုမှ အိုးဘိုကို ရောက်လာတယ်။ ဆရာတော်က ခြေထောက်ဒဏ်ရာလည်း ရထားတယ်။ စွဲဆိုထားတဲ့ ပုဒ်မတွေကိုတော့ မသိရသေးဘူး” ဟု လုံခြုံရေးအရ ဘွဲ့အမည် မဖော်ပြလိုသည့် အထက်ပါ ရဟန်းက မိန့်သည်။

လတ်တလောတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည်ဟု သိရပြီး စွဲဆိုခံထားရသော ပုဒ်မအရေအတွက်ကို သိရှိရန် Myanmar Now က ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်သည်။

ယမန်နှစ် ဖေဖော်ဝါရီ ၉ ညပိုင်းတွင် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်အပါအဝင် ဆန္ဒပြလူငယ်အချို့ကို မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်ခု၌ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီးနောက် နာရီပိုင်းအကြာတွင် “သံဃသမဂ္ဂ” ဆန္ဒပြရာတွင် ပါဝင်သည့် ဦးစန္ဒိမာကို ကျောင်းတိုက်အတွင်း ဝင်ရောက်ဖမ်းဆီးသည်။

ကျောင်းတိုက်ကို စစ်တပ်က ဝင်စီးစဉ် ဦးစန္ဒိမာသည် အုတ်တံတိုင်းကို ကျော်တက် ထွက်ပြေးရာ၌ ပြုတ်ကျပြီး ဘယ်ခြေထောက် ကျိုးသွားခဲ့သည်။ ယင်းသို့ ဒဏ်ရာရနေစဉ်မှာပင် စစ်သားများက ဆရာတော်ကို ဝိုင်းဝန်းရိုက်နှက်ပြီး ခေါ်ဆောင်သွားကြသည်။

ထို့နောက် နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီတပ်သားများက စစ်ကား ၇ စီးဖြင့် မန္တလေးမြို့ နာမည်ကြီးပရိယတ္တိစာသင်တိုက်ကြီးဖြစ်သော မစိုးရိမ်စာသင်တိုက်သို့ သွားရောက်ပြီး အုတ်တံတိုင်းကို ကျော်တက် ဝင်ရောက်ကာ ဆန္ဒပြရာတွင် ပါဝင်သည့် အခြားရဟန်းတစ်ပါးကို ရှာဖွေခဲ့သည်။

“သူတို့က ဦးဇင်း လေးငါးပါးရဲ့ ဖုန်းတွေကိုလည်း စစ်တယ်။ မျက်နှာတွေလည်း တိုက်စစ်တယ်။ သူတို့ လိုချင်တဲ့ (ဆန္ဒပြ) လမ်းကြောင်းလိုက်တဲ့အထဲ ပါလား၊ မပါလား ဆိုပြီးတော့” ဟု မစိုးရိမ်တိုက်မှ ရဟန်းတစ်ပါးက ကြုံတွေ့ရသော အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now ကို ထိုအချိန်က မိန့်ကြားဖူးသည်။

မစိုးရိမ်တိုက်သစ်ကျောင်းတိုက်သို့ ရောက်လာသော စစ်ကောင်စီတပ်သားများလက်ထဲတွင် လူဝတ်လဲခံထားရပြီး ပြင်းပြင်းထန်ထန် ထိုးကြိတ်နှိပ်စက်ခံထားရသော ဦးစန္ဒိမာကို တွေ့ရသည်ဟု ဆိုသည်။

ထို့နောက် ၇ လခန့်အကြာတွင် ဆရာတော်သည် စစ်ဆေးရုံတစ်ခု၌ ခြေထောက်ဒဏ်ရာ ကုသနေရသည်ဟု သတင်းကြားရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း မန္တလေးရှေ့နေတစ်ဦးက ၂၀၂၂ စက်တင်ဘာလအတွင်း Myanmar Now ကို ပြောသည်။

၂၀၂၂ အောက်တိုဘာ ၂ တွင် “သံဃသမဂ္ဂ” ဆန္ဒပြစစ်ကြောင်းမှ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့  ဖမ်းဆီးခံရသည်။

ဆန္ဒပြရာတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခြင်းခံရပြီး လွတ်မြောက်လာသူ သံဃာတော်တချို့ ရှိသော်လည်း သံဃသမဂ္ဂဆရာတော် (၇) ပါး မလွတ် မြောက်ဘဲ ကျန်ရှိနေသေးသည်ဟု မန္တလေးသံဃသမဂ္ဂထံမှ သိရသည်။

သံဃသမဂ္ဂသည် သံဃာအများအပြားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအဖြစ် မန္တလေးမြို့တွင် ရက်ပေါင်း ၃၀၀ ကျော်နီးပါး နေ့စဉ် ဆန္ဒပြခဲ့ပြီး ၂၀၂၂ နှစ်ဆန်းမှစ၍ စစ်ကောင်စီက ပါဝင်သူ သံဃာများကို ဖမ်းဆီး ဖြိုခွင်းရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။

ဦးစန္ဒိမာနှင့်အတူ တစ်နေ့တည်း ဖမ်းဆီးခံရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၊ ကိုဖိုးလုံး၊ ကိုလှမျိုးအောင်နှင့် ကိုဘလက်တို့နှင့် ပတ်သက်ပြီး သတင်းအတိအကျ မသိရကြောင်း ထောင်မှ လွတ်လာသည့် အထက်ပါရဟန်းက မိန့်သည်။

“ဦးဇင်း ထောင်ထဲမှာ ကြားခဲ့ရတာတွေကတော့ ကိုသူရအောင်နဲ့ ကိုဖိုးလုံး လေးဦးမှာ တစ်ဦးက စစ်ကြောရေးမှာ ကျတယ်။ တစ်ဦးက စစ် ကြောရေးမှာပဲ သတ်သေသွားတယ်။ ဘယ်သူက ကျပြီး ဘယ်သူက သတ်သေသွားလဲတော့ အတိအကျ မသိရဘူး။ အားလုံးနီးပါးက ထောင်ကို လုံးဝ မရောက်လာကြဘူး။ ရောက်လာရင် ဦးဇင်းတို့က သိရမှာ”

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) ကမူ ယခင်က ပျောက်ဆုံးစာရင်းတွင် ထည့်ထားသည့် ကိုသူရအောင်နှင့် ကိုလှမျိုးအောင်တို့သည် ယခုနှစ် ဇန်နဝါရီလတွင် ကိုသူရအောင်က ထောင်ဒဏ် ရှစ်နှစ်၊ ကိုလှမျိုးအောင်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး အိုးဘိုထောင်တွင် ရှိနေသည်ဟု ဧပြီလအတွင်း Myanmar Now ကို အတည်ပြုထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s