သေဒဏ် ချမှတ်နိုင်သည့် လက်နက်ဥပဒေကို စစ်ကောင်စီ ခေါင်းဆောင် လက်မှတ်ရေးထိုး ပြဋ္ဌာန်း

စစ်ကောင်စီ၏ တရားရုံးတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အများဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် လက်နက်ဥပဒေကို အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည်။
အခန်း ကိုးခန်းပါဝင်သည့် အဆိုပါ ဥပဒေတွင် တားမြစ်ချက်များနှင့်ပတ်သက်ပြီး ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုအလိုက် ထောင်ဒဏ် အ နည်းဆုံး သုံးလမှ အများဆုံး ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ရန် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
လက်ရှိတွင် ပျူစောထီးများအပါအဝင် အများစုမှာ စစ်ကောင်စီထံတွင် လိုင်စင်မလျှောက်ဘဲ သေနတ်ကိုင်ဆောင်နေသည့်အတွက် စစ်ကောင် စီက ၎င်းတို့ဘက်မှ လူများကို ပြန်လည်ခြောက်လှန့်ရန် ဥပဒေထပ်မံပြဋ္ဌာန်းခြင်းဖြစ်ကြောင်း အဆိုပါ ဥပဒေနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။
“သူတို့က ထပ်ပြီးတော့ ခြောက်လှန့်တာပေါ့နော်။ PDF တွေကို အယောင်ပြပြီး သူတို့(စစ်ကောင်စီ) လူတွေကို ပြန်မနိုင်တော့၊ ရှင်းရှင်းပြောရရင်တော့ မနိုင်တော့ဘူးပေါ့ဗျာ၊ သူတို့က ဓားပြတိုက်တယ်၊ လူသတ်တယ်၊ မုဒိမ်းကျင့်တယ်၊ မီးရှို့ အဲ့တာမျိုးတွေ လုပ်လာတဲ့အခါမှာ ပျူတွေကဆိုရင်လည်း အဲ့တာ ရောလုပ်လာတယ်။ ဓားပြတိုက်တာတွေ ရောလုပ်လာတယ်။ သူတို့ထိန်းချုပ်ရတာ ခက်လာတယ်။ ထို့နည်းတူပဲ သူတို့(စစ်ကောင်စီ) ဘက်က အကျအဆုံးတွေကလည်း တော်တော်များလာတယ်။ အသတ်ခံရတာတွေနည်းနည်းလည်း စိတ်လာတယ်ပေါ့ ။ အဲ့တာကို ခြောက်တဲ့အနေနဲ့ သေဒဏ်အထိချနိုင်တယ်ဆိုပြီးတော့ လုပ်တာပေါ့” ဟု ၎င်းကပြောသည်။
စစ်ကောင်စီ၏ ဥပဒေသစ်တွင် လက်နက်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်ပြီး တားမြစ်ချက်ပုဒ်မ ရှစ်ခုပါဝင်ပြီး ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၁၀ ခု ပါဝင်သည်ကို တွေ့ရသည်။
အဆိုပါ ဥပဒေမှာ လက်နက်ကိုင်ဆောင်ခြင်းနှင့်လက်နက်ကိုင်ဆောင်ကျူးလွန်သည့်ပြစ်မှုများကို တားဆီးရန်နှင့် တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းကို တားဆီးရန်တို့အတွက်လည်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
နိုင်ငံတော်ပိုင် လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကို ဖြစ်စေ၊ ခဲယမ်းကို ဖြစ်စေ ခိုးယူခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လုယူခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန် အားထုတ်ခြင်းပြုလုပ်ပါက အနည်းဆုံး ထောင် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း စစ်ကောင်စီက ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ခွင့်ပြုမိန့်၊ လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်ခြင်း၊ သယ်ယူခြင်း၊ လက်ဝယ်ထားခြင်း၊ လက်နက်တစ်ခုခုကို ထုတ်လုပ်ခြင်း၊ အသွင်ပြောင်းခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ရောင်းရန်ကမ်းလှမ်းခြင်း သို့မဟုတ် ရောင်းချရန်ခင်းကျင်းပြသခြင်းတို့ ပြုလုပ်ပါကလည်း ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီက တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင်လျှောက်ရန် မေလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး သီးခြားထုတ်ပြန်ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံပြီး လိုင်စင်လျှောက်ထားခြင်းမရှိပါက ဖော်ထုတ်ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။ mizzima