အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သည့် ရဟန်းအား ကျောင်းတိုက်မှ နှင်ချ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ထောင်ကျရာမှ ပြန်လွတ်လာသည့် ရဟန်းတစ်ပါးကို ကျောင်းတိုက်ဂုဏ်သိက္ခာညှိုးနွမ်းစေ သည်ဟုဆိုကာ ဗန်းမော်ကျောင်းတိုက်တာ၀န်ရှိသူများက ကျောင်းတိုက်အတွင်း ဆက်လက်နေထိုင်ခွင့်မပြုဘဲ နှင်ချလိုက်ကြောင်း မန္တလေးသံဃသမဂ္ဂအသိုက်အဝန်းထံက သိရသည်။
“ဆေးကုသမှုခံယူနေရတဲ့ ဆရာတော်ဘုရားကြီးကတော့ သိရှာမယ်မထင်ဘူး။ အောက်က ရပ်/ ကျေးသံဃနာယက(အဖွဲ့)နဲ့ တိုက်အုပ်တို့ပေါင်းပြီးလုပ်ကြတဲ့ဒီကိစ္စမှာ ဆရာတော်ကြီးတွေလည်းဝေဖန်ခံနေရပြီ” ဟု စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
သီတင်းသုံးခွင့် ပယ်ဖျက်ခံရသည့်ရဟန်းတော်သည် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဖြစ်သူ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဗန်းမော်ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်တော်မူခဲ့ဖူးသည့် ဗုဒ္ဓတက္ကသိုလ်မှ ကထိကဆရာတော်တစ်ပါးဖြစ်ပြီး ဘွဲ့အမည်ဦးဝိလာသဖြစ် ကြောင်းသိရသည်။
“လောကီစကားလုံးနဲ့ပြောရရင် အိမ်ကနေ နှင်ချလိုက်တယ်ပေါ့ဗျာ။ ဒီဆရာတော်က ဗန်းမော်တိုက်မှာနေခဲ့ဖူးတော့ ထောင်ကလွတ်လွတ်ချင်း သူ့ပစ္စည်းလေးတွေ သွားယူတာပေါ့။ အဲဒီမှာ တိုက်အုပ်က ကျောင်းမှာသတင်းသုံးခွင့်မပြုတော့ဘူးဆိုတဲ့စာကပ်တယ်။ ဗန်းမော်ကျောင်းတိုက်ထဲက ဘယ်ကျောင်းမှာမှ နေခွင့်မပြုတော့ဘူး သီတင်းသုံးခွင့် ပယ်ဖျက်တယ်ပေါ့ဗျာ” ဟု အမည်မဖော်ပြလိုသည့် ရဟန်းတော်တစ်ပါးကမိန့်သည်။
ဆရာတော်ဦးဝိလာသသည်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြပွဲများပြုလုပ်ကြစဥ်က မန္တလေးမြို့လူထုနှင့်အတူပါဝင်ရင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်စု၏ ကားဖြင့်တိုက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် သီတင်းသုံးခွင့် ပယ်ဖျက်ခဲ့မှုကြောင့် ဗန်းမော်ကျောင်းတိုက်သည် ရဟန်းများနှင့် ဒေသခံများ၏ ဝေဖန်မှုကိုခံနေရသည်။
ဗန်းမော်ကျောင်းတိုက်သည် မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်အတွင်းတည်ရှိပြီး ဗန်းမော်ဆရာတော်ဘုရားကြီးသည် ကျောင်းတိုက်အတွင်း ဆေးဝါးကုသမှုခံယူတော်မူရင်း သီတင်းသုံးတော်မူနေကြောင်းသိရသည်။ mizzima