Monthly Archives: May 2023

စလင်းမြို့နယ်တွင် ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၁၀၀ ကျော် ပိတ်မိနေ

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၁၀၀ ကျော် ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းမှု ဆက်တိုက်ဖြစ်ပွားပြီး စလင်းချောင်းရေ မြင့်တက်လာမှုကြောင့် စလင်းမြို့နယ် ကျွန်းရင်းအုပ်စု၊ လေးအိမ်စုကျေးရွာ အပါအဝင် အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်ကာ သက်ကြီးရယ်အိုများ အပါအဝင် ပြည်သူ ၁၀၀ ကျေးရွာအတွင်း၌ ပိတ်မိနေကြောင်း သိရသည်။

” စလင်းမြို့နယ်၊ ကျွန်းရင်းအုပ်စုကတွေနဲ့ အနီးအနားဝန်းကျင်က ရွာပေါင် ၂၀ ကျော်​လောက် ရေနစ်မြုပ်နေတယ်။ အဘိုး အဘွားတွေနဲ့ ရွာက ပြည်သူ ၁၀၀ လောက် ပိတ်မိနေတယ်။ စလင်းချောင်းက ရေတွေ မြင့်တက်လာလို့ ရေနစ်မြုပ်နေတာပါ အရှေ့ဘက်မှာတော့ ကုန်းမြင့်ရှိပါတယ် ဒါပေမယ့် သွားလို့မရတော့ပါဘူး။ ရေကို ဖြတ်ကူးဖို့ လုံးဝ အဆင်မပြေပါဘူး။ ချောင်းချောက်တွေလဲ အရမ်းများတော့ ကယ်ဆယ်ရေးလဲမလာနိုင်ပါဘူး။ ကျမတို့ရွာလေးက ဝေးလံခေါင်ပါးပါတယ်။ တိရစ္ဆာန်တွေလဲ မျောပါတာတွေရှိတယ်။ ရွာသားတွေလည်း ပိတ်မိနေလို့ အခုထိ ထမင်းမစားရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ကျောက်ပန်းတောင်းတွင် ယနေ့ည လေပြင်းကျ၊ သစ်ပင်ကြီးအချို့ ပြိုလဲ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်း၌ မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြီး သစ်ပင်ကြီးအချို့လဲကျခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ယနေ့ တနေကုန်နီးပါး မိုးရွာခဲ့ပြီး ညနေပိုင်းမှစတင်ကာ လေပြင်းတိုက်ခတ်လာခြင်းဟု သိရသည်။

“လေကပြင်းပြင်းထန်ထန်တိုက်တာတော့ ညနေ ၅နာရီကနေစပြီး ပြင်းထန်တိုက်တယ်။ တနေကုန် မိုးရောလေရော ချနေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ကျောက်ပန်းတောင်းမြို့တွင် ယနေ့ည ၉နာရီခန့်အထိ လေပြင်းတိုက်ခတ်လျက်ရှိနေဆဲဟု သတင်းရရှိသည်။

“လေကတော့ တချက်တချက် ဆောင့်ဆောင့်

တိုက်တာ။ ကြောက်စရာကောင်းတယ်ဗျာ။ သစ်ပင်ကြီးတချို့ဆို သက်တမ်းရင့်တွေ လဲကျတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ကျောက်ပန်းတောင်းနှင့် ထိစပ်နေသော

ပုဂံ-ညောင်ဦး ဒေသတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ချောင်းရေလျှံခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများဖြစ်နေပြီး ယာဉ်များသွား လာရန် အခက်အခဲရှိနေကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည်ယနေ့ မေ ၁၄ရက်ညတွင် ချင်းပြည်နယ်နှင့်မကွေးတိုင်းအတွင်းသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် ဒေသအများစု၌ မိုးကြီးမှုဘေး၊ လေပြင်းဘေးနှင့် တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု‌ ဘေးများကို သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ mizzima

ဆိုင်ကလုန်းမုန်တိုင်း ချင်း၊ မကွေး၊ စစ်ကိုင်းသို့ ဆက်ရွေ့၊ အားအလွန် ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ဆက်ရှိနေ

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ် စစ်တွေမြို့ကိုဖြတ်သန်းကာ ချင်း၊ မကွေးတိုင်း(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း (မြောက်ပိုင်း)တို့သို့ ဆက်လက်ရွေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ညဦးပိုင်းတွင် ထုတ်ပြန်သည်။

အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်းမှ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ် ဆက်လက်ရွေ့ရှားနေကြာင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကဆိုသည်။

စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ အထိ ဆက်လက်တိုက်ခတ်နိုင်သည်ဟုလည်း ဆိုသည်။ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊‌ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုးကြီးခြင်းကြောင့် ချင်းပြည်နယ်နှင့် မကွေး၊ စစ်ကိုင်း တောင်တန်း ဒေသအချို့တွင် မြေပြိုမှုများ ကြံရနိုင်ကြောင်း မိုးလေဝသလေ့လာသူများက သတိပေးထားသည်။

ယနေ့ နေ့လယ် ၁၂ နာရီတွင် ရခိုင်ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်ခဲ့သည့် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး ရခိုင်ဒေသရှိ လူနေအိမ်များနှင့် အဆောက်အဦးများကို ပျက်စီးစေခဲ့သည်။ ပျက်စီမှု အခြေအနေကို Myanmar Now က ဆက်လက် စုံစမ်းဆဲဖြစ်သည်။ myanmar now

PDF က မင်းဘူးစစ်ရှောင်များကို  မုန်တိုင်းလွတ်ရာသို့ ရွှေ့ပြောင်း

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို မေ ၁၄ ရက်က မုန်တိုင်းလွတ်ရာဒေသကို ပြောင်းရွှေ့နေရာချပေးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ်(၁) သိရပါတယ်။

စစ်ရှောင်တွေအနေနဲ့ အစစအရာရာအခက်ခဲ ဖြစ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တွေက ကူညီနေရာ ရွှေ့ပြောင်းပေးတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဘာလုပ်ရကောင်းမှန်းကို မသိတာပါ။ စစ်ဘေးရှောင်နေရတော့ ပိုဆိုးတာပေါ့။ အဲဒီအချိန်မှာ PDF တွေ ရောက်လာပြီး နေရာရွှေ့ပြောင်းဖို့ ကူညီပေးခဲ့တာပါ။”

မုန်တိုင်းအခြေအနေအရ ပြည်သူတွေအတွက် နေရာချထားပေးရတာ၊ အရေးပေါ် တုံ့ပြန်မှုတွေ အတွက် ရှိတာနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားစီစဥ် ပေးနေတာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ် (၁) တပ်ရင်းမှူး ဗိုလ်ဆလိုင်းက ပြောပါတယ်။

“ကျနော်တို့က စစ်ရှောင်စခန်းကို မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအတွက် ခေတ္တသွားရောက် စီစဥ်တာပဲဖြစ်ပါတယ်။ တပ်ရဲ့ ရန်ပုံငွေကို မုန်တိုင်းဒဏ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးအတွက်ပဲ သုံးနေတာ ဖြစ်ပါတယ်။”

အခုလို စစ်ဘေးရှောင်တွေကို မုန်တိုင်းဒဏ်ခံ နေရာတွေကို ရွှေ့ပြောင်းနိုင်ရေး ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းအပါအဝင် မြို့နယ်လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတွေ၊ ဒေသခံ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းဆောင်းရွက်ခဲ့တာလို့ သိရပါတယ်။ DVB

ဆိုင်ကလုန်းမုန်တိုင်း မိုခါက လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ချင်း ပြည်နယ်သို့ ဆက်လက်ရွေ့လျား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါက လေတိုက်နှုန်း ၁၂၀ နှုန်း ( 105 Knots) ဖြင့် ချင်းပြည်နယ်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိကြောင်း Joint Typhoon Warning Center က သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့ စစ်တွေမြို့ကို ဖြတ်သန်းခဲ့ပြီးနောက် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”က မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ နောက် ၁၂ နာရီအတွင်း ချင်းပြည်နယ်၊ မကွေး တိုင်း (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း (မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်လည်းကောင်း၊ နောက် (၂၄)နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေ ဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်ကြောင်း စစ်ကောင်စီက မိုးလေဝသဇဌာနက သတင်းထုတ်ပြန် သည်။

မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ သုတေသီ Sonia Leonard က မုန်တိုင်းဖြတ်သန်းမည့် ချင်းပြည်နယ်ဒေသများသို့ အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပြီး ချင်းဒေသများသို့ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ညနေ ၄ နာရီ ၅ နာရီခန့်မှစ၍ ညပိုင်းရောက်သည်အထိ မုန်တိုင်းဖြတ်သန်း တိုက်ခတ်မှုကို တွေ့ကြုံရမည်ဖြစ်ကြောင်း ၊မင်းတပ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းဒေသများတွင် အားပြင်းသော လေတိုက်ခတ်မှု တစ်နာရီ မိုင် ၁၂၀ အထိ ဖြစ်ပေါ်နိုင်ကြောင်း၊ တောင်တန်းဒေသများတွင် မိုးသည်းထန်ပါက မြေပြိုင်နိုင်သည့် ဘေးအန္တရာယ်ရှိမြဲဖြစ်ကြောင်း ပြောဆိုထားသည်။ khit thit

နေပြည်တော်မြို့နယ်များတွင် လေပြင်းတိုက် ခတ်ပြီး အပျက်အစီးများရှိ

နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်တွင် ယနေ့ (မေ ၁၄) က မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ၊ သစ်ပင်များ၊ ဓါတ်တိုင်များလဲကျခဲ့ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

နေပြည်တော်နယ်မြေများဖြစ်သော ပုဗ္ဗသီရိ၊ ဥတ္တရ၊ ဇေယျာသီရိ၊ ဇဗ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊လယ်ဝေး စသည့် မြို့နယ်များတွင် ယနေ့ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျ၍ လမ်းပိတ်မှုများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်နှင့် စာသင်ကျောင်းတချို့ သွပ်အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

“ပုဗ္ဗသီရိမှာတော့ စာသင်ကျောင်းအမိုးတွေ လန်တယ်။ နေအိမ်တချို့ အမိုးတွေလန်တယ်။ သစ်ပင်တွေ အမြစ်ကနေ လဲပြီး လမ်းပေါ်ပိတ်နေတာတွေတော့ ရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇဗ္ဗူသီရိမြို့နယ်မှ ဒေသခံတစ်ဦးကလည်း ယနေ့ နံနက် ၁၀ နာရီမှစ၍ မိုးများတောက်လျှောက်ရွာသွန်းနေပြီး လေပြင်းများတိုက်ခတ်နေကာ စစ်ကောင်စီလက်အောက်ခံများက အပျက်အစီးများကို ချက်ချင်းရှင်းလင်းနေကြသည်ဟု ဆိုသည်။

“ လမ်းပေါ် သစ်ပင်လဲနေတာတွေ၊ စာသင်ကျောင်း သွပ်အမိုးလန်နေတာတွေတော့ မီးသတ်နဲ့အုပ်ချုပ်ရေးကသူတွေ ရှင်းပေးနေတာပဲ။ နေပြည်တော်က သူတို့အဘ လူကြီးလမ်းကြောင်းတွေကြောင့် ချက်ချင်းလုပ်ပေးနေတာ။ ပြည်သူအတွက်တော့ မဟုတ်ဘူး”ဟု အထက်ပါလူက ပြောသည်။

ပျဉ်းမနားမြို့နယ်၊ လေသာဘုန်းကြီးအနီးတွင်လည်း သစ်ပင်များနှင့် ဓါတ်တိုင်များ လဲကျနေပြီး နံနက် ၁၀ နာရီမှ ညနေ ၆ နာရီကျော်အထိ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။

“ မနက်က လေပြင်းတိုက်ပြီး ဓါတ်တိုင် လဲကျလို့ EPC က ချက်ချင်းလာလုပ်သွားတယ်။ လူအသေပျောက်တော့မရှိဘူး။ ဆိုင်ကယ်တွဲဘီးတော့ ပိသွားတယ်။ လမ်းထဲက ဓါတ်တိုင်လဲနေတာနဲ့ အပင်တွေကတော့ မရှင်းရသေးဘူး” ဟု ပျဉ်းမနားဒေသခံတစ်ဦးက ပြောသည်။

ပျဉ်းမနားမြို့အပါအဝင် နေပြည်တော်နယ်မြေမြို့နယ်များတွင်လည်း စျေးဆိုင်ခန်းများပိတ်ပင်ထားပြီး လမ်းပေါ်တွင်လည်း လူအသွားအလာမရှိသလောက် နည်းပါးနေသည်ကို တွေ့ရသည်။

“ပျဉ်းမနားမြို့ထဲမှာလည်း လူတစ်ယောက်မှမရှိဘူး။ Silent Day လုပ်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ဆိုင်ကလုန်း မိုခါသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ပြီးနောက် ယနေ့ ညနေ ၆ နာရီခွဲဲမှ စတင်၍ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်သို့ တစ်နာရီ မိုင် ၉၀ နှုန်းဖြင့် ဝင်ရောက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နေ့လယ် ၁ နာရီတွင် ထုတ်ပြန်ထားသည်။ myanmar now

“မိုခါ” မုန်တိုင်းကြောင့် အိုင်းမရေလွှဲဆည် ရေကြီးမှတ် အထက်ရောက်

“မိုခါ” မုန်တိုင်းကြောင့် မကွေးတိုင်းတွင် မိုး အဆမတန်ရွာသွန်းပြီး မကွေးတိုင်း ငဖဲမြို့နယ်မှ မင်းဘူးမြို့နယ်အတွင်း စီးဆင်းသည့် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်တွင် ရေထိပ်ရေမှတ်သည် ယနေ့ မေလ ‌၁၄ ရက် ညနေတွင် ဆည်ပေါ်မှ ၁၀.၂၀ ပေရေကျော်နေသည်ဟု ဆည်တာဝန်ရှိသူများက သတိပေးထားသည်။

“စကုမန်းကျင်းက မိတ်ဆွေများ မပေါ့ကြပါနဲ့။ ညသန်းခေါင်ချိန် ရေပိုတိုးပါမည်။ ကျနော့်ဆည်ထိပ်ရေမှတ်ကို အခြေခံအကြံပြုတာပါ” ဟု အိုင်းမဆည်ထိပ်တာဝန်ခံ ဦးစီးမှူး (မြို့ပြ) ဦးဝင်းဇော်ထွန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

အဆိုပါ အိုင်းမဆည်သည် ၂၀၁၅ ခုနှစ်က ၂၅၂.၅၀ ပေ အထိ အများဆုံး တက်ခဲ့ဖူးသည်။ ထိုစဉ်က ဆည်အထက်သို့ ၁၀.၅၀ ပေရေကျော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ထိုအမှတ်သို့ရောက်ရန် ၀.၃၀ ပေသာ လိုတော့သည်။

လက်ရှိတွင် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မုန်တိုင်းဗဟိုဖြတ်ကျော်ဝင်ရောက်နေဆဲဖြစ်ပြီး မုန်တိုင်းသည် ယနေ့ညပိုင်းတွင် လေတိုက်နှုန်း တစ်နာရီမိုင် ၆၀ မှ ၉၀ ကြားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်လက်ဖြတ်ကျော်ရန်ရှိနေကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

မုန်တိုင်းဖြတ်ကျော်ပါကလည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပွားရန်ရှိနေသည်။

ယနေ့တွင်လည်း မကွေးတိုင်း မင်းဘူး၊ စလင်း၊ စကု၊ ပွင့်ဖြူ ဘက်တွင် မိုးရွာသွန်းမှုစံချိန်တင်နေသည်ဟု ပွင့်ဖြူဒေသခံက ပြောသည်။

“မနေ့ကစပြီး မိုးရွာက စံချိန်တင်ပါပဲ ။ မိုးရေချိန် ကိုး လက်မလောက် ရှိမလားတောင်မသိဖူး။ ကျောင်းတော်ရာမှာလည်း မိုးရေနဲ့လျှံနေပါတယ်။ အိုင်းမဆည်ကတော့ စလင်းဘက်အတွက်အဓိကစိုးရိမ်ရပါတယ်” ဟု ပွင့်ဖြူဒေသခံက မဇ္ဈိမကိုပြောသည်။

လက်ရှိ စလင်းမြို့တွင် စလင်းချောင်း ရေ လျှင်မြန်စွာ တက်နေ၍ ချောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေမြုပ်နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်ရှိတွင် စလင်းမြို့နယ်အတွင်းရှိ ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ ၊ ပေါင်းဆည်ကျေးရွာ ၊ ယမ်းဘိုကုန်းရွာ ၊ နွယ်တမယ်ကျေးရွာ ၊ ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ခန့် ရေမြုပ်နေပြီဖြစ်ကြောင်းသိရသည်။

မန်းစက်တော်ရာ(ရွှေစက်တော်) ရှိ မန်းချောင်းတွင်လည်း ယနေ့ ရေစီးသန်ကာ ရေလျှံနေပြီး အောက်စက်တော်ရာ ခြေတော်ရာအနီးတွင် ချောင်းရေများပတ်လည်ဝိုင်းနေပြီဖြစ်သည်။

ယနေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်မူ မန်းချောင်းရေမှာ လက်မအနည်းငယ်ခန့် ပြန်ကျသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မေလ ၁၄ ရက် ညနေ ၆ နာရီခွဲအထိ လေတိုက်နှုန်း တစ်နာရီ ၈၆ မိုင်နှုန်းဖြင့် ချင်းပြည်နယ်သို့ရောက်ရှိပြီးနောက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကိုဖြတ်ကျော်၍

မေလ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မုန်တိုင်းအင်အားပျက်ပြယ်သွားမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် “မိုခါ” သည် “ကုန်းတွင်းမုန်တိုင်း”အဖြစ် အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စေတုတ္တရာ၊ ဆော၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကလေး၊ ပင်လယ်ဘူး၊ ကောလင်း၊ ထီးချိုင့်၊ ဖေါင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း စသည့် မြို့များတွင် မိုးရေချိန် တစ် လက်မခွဲမှ ရှစ်လက်မ အထိ ရွာသွန်းနိုင်ကြောင်းဆိုသည်။ mizzima

မိုခါ မုန်တိုင်းကြောင့် ၂ ရက်ဆက် မိုးရွာသွင်းပြီး ချောင်းရေ မြင့်တက်မှုကြောင့် ပခုက္ကူ အနောက်ဘက်ရှိ ကျေးရွာများ ရေနစ်မြုပ်နေ

မိုခါ မုန်တိုင်းကြောင့် ၂ ရက်ဆက် မိုးရွာသွင်းပြီး ချောင်းရေ မြင့်တက်မှုကြောင့် ပခုက္ကူ အနောက်ဘက်ရှိ ကျေးရွာများ ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် စစ်တွေမြို့ကို ဖြတ်ကျော် ဝင်ရောက်လာသည့် မိုခါ မုန်တိုင်းကြောင့် ပခုက္ကူမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကမ္မမြို့ နတ်အင်းချောင်းမှ ရေမြင့်တက်လာမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်နေကြောင်း သိရသည်။

“ပခုက္ကူ အနောက်ဘက်က ရွာတွေ ရေနစ်မြုပ်နေပါတယ်။ ကမ္မမြို့နားက နတ်အင်းချောင်းက ရေမြင့်တက်လာတော့ ရေတွေက ရွာထဲကို ဝင်လာပေါ့။ ခုထိ မိုးတွေက တအားရွာနေတုန်းပဲ အိမ်အပေါ်မှာ တက်နေရတယ်။ မိုးက ၂ ရက် ဆက်တိုက်ကို ရွာတာ ဒီနေ့ ၃ နာရီ ခွဲလောက်မှာ ရေက စတင်နေတာ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။ khit thit

နောက် ၃ နာရီတွင်း မိုခါမုန်တိုင်း အပြင်းထန်ဆုံးဖြစ်မည်

စစ်တွေတွင် မုန်တိုင်းကြောင့် အပျက်အစီးများ ဖြစ်ပေါ်နေပြီး လူတစ်ဦးသေဆုံးမှုရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

နောက် ၃ နာရီအတွင်း လေပြင်းများအမြင့်ဆုံးတိုက်ခတ်ပြီး အန္တရာယ်အရှိဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ ထို ၃ နာရီအလွန်မှသာ မုန်တိုင်း စတင် အားလျော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင်မုန်တိုင်းသည် စစ်တွေမြို့၏မြောက်ဖက် ကီလိုမီတာ ၄၀ ခန့်အကွာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့၏ အရှေ့တောင်ဖက် ကီလို ၁၄၅ မီတာကြားတွင် တိုက်ခတ်နေသည်။ myanmar now

« Older Entries