ကျောက်ပန်းတောင်းတွင် ယနေ့ည လေပြင်းကျ၊ သစ်ပင်ကြီးအချို့ ပြိုလဲ


မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်း၌ မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြီး သစ်ပင်ကြီးအချို့လဲကျခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ယနေ့ တနေကုန်နီးပါး မိုးရွာခဲ့ပြီး ညနေပိုင်းမှစတင်ကာ လေပြင်းတိုက်ခတ်လာခြင်းဟု သိရသည်။
“လေကပြင်းပြင်းထန်ထန်တိုက်တာတော့ ညနေ ၅နာရီကနေစပြီး ပြင်းထန်တိုက်တယ်။ တနေကုန် မိုးရောလေရော ချနေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
ကျောက်ပန်းတောင်းမြို့တွင် ယနေ့ည ၉နာရီခန့်အထိ လေပြင်းတိုက်ခတ်လျက်ရှိနေဆဲဟု သတင်းရရှိသည်။
“လေကတော့ တချက်တချက် ဆောင့်ဆောင့်
တိုက်တာ။ ကြောက်စရာကောင်းတယ်ဗျာ။ သစ်ပင်ကြီးတချို့ဆို သက်တမ်းရင့်တွေ လဲကျတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
ကျောက်ပန်းတောင်းနှင့် ထိစပ်နေသော
ပုဂံ-ညောင်ဦး ဒေသတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ချောင်းရေလျှံခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများဖြစ်နေပြီး ယာဉ်များသွား လာရန် အခက်အခဲရှိနေကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည်ယနေ့ မေ ၁၄ရက်ညတွင် ချင်းပြည်နယ်နှင့်မကွေးတိုင်းအတွင်းသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် ဒေသအများစု၌ မိုးကြီးမှုဘေး၊ လေပြင်းဘေးနှင့် တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု ဘေးများကို သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ mizzima