စစ်တွေမြို့တွင် နေအိမ်များရေမြုပ်နေပြီး လှုမှုကွန်ရက်တွင် အကူအညီတောင်းခံမှုများရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုက်ကလုန်းမုန်တိုင်း မိုခါကြောင့် ပင်လယ်ရေများမြင့်တက်လာနေပြီး နေအိမ်များ ရေမြုပ်သည့် အနေအထားများအထိ ဖြစ်လာကြောင်း စစ်တွေ ဒေသခံများက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။ ထို့သို့ နေအိမ်များ ရေမြုပ်လာ၍ နေအိမ်အတွင်း ပိတ်မိနေကြသူများက လူမှုကွန်ရက်တွင် နေရပ်လိပ်စာ၊ အမည်နှင့် ဖုန်းနံပါတ်များ ရေးသား၍ အကူအညီတောင်းခံနေကြသည်။
နေအိမ် တစ်အိမ်လုံးရေများမြှုပ်သွားပြီး လူများ အိမ်ခေါင်မိုးပေါ်တွင် နေနေရကြောင်းကို
“တရားသီးစုရပ်ကွက် ကျော်ဇံရွှီလမ်း အမှတ်(၂၄)/တစ်အိမ်လုံးမြုပ်သွားပါပြီ။ အနောက်မာ အပါး/အမား ခေါင်မိုးပေါ်မာပါတဲ့ တချက်ဖုန်းဆက်ပေးပီး သွားခေါ်ပီး ကူညီပေးကြပါ။ဦးမောင်မြသိန်း-09421756253 ဒေသန္တာရ ဆေးခန်းနောက်”ဟူ၍ ဒေသခံတစ်ဦးကလည်း ရေးသားထားသည်။
ထို့အပြင် မိဇံပန်းခြံနောက် နေထိုင်သူတစ်ဦးမှာလည်း အိမ်တစ်အိမ်လုံး ရေမြှုပ်တော့မည်ဖြစ်သည့်အတွင် ဖုန်းဆက်အကူအညီတောင်းနေသည့်အကြောင်းကို
“မိဇံ ပန်းခြံနောက်က 09896157403 ၊ 09669882927 ကျော်သီဟထွန်း (or) Gp Chayအေဖုန်းကိုဆက်သွယ်ပြီး တခေါက်ကယ်ပီးကပ်ပါ
အိမ်တအိမ်လုံး မြုပ်ဖို့ကန်နီလို့ သူတယောက်တည်း ဖုန်းဆက်ပြီး ကူညီတောင်းနီလို့ပါ။ ဖုန်းဆက်သွယ်လို့ တဖုန်းလေ့ဆက်မရဖြစ်နီပါရေ” ဟူ၍ ရေးသားထားသည်။
စစ်တွေ မြို့ပေါ် ရပ်ကွက်အများစုရှိ နေအိမ်များ ရေမြှုပ်နေပြီး နေအိမ်အတွင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပိတ်မိနေသည့် အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်းနှင့် လတ်တလောတွင် ပရဟိတအဖွဲ့အစည်းများသို့ ဆက်သွယ်အကူအညီတောင်းခံမှုများ လုပ်ဆောင်နေသော်လည်း ဖုန်းများဆက်သွယ်မရဖြစ်နေကြောင်းကိုလည်း စစ်တွေဒေသတွင်း မီဒီယာများကလည်း ရေးသားဖော်ပြကြသည်။
လတ်တလောတွင် အဲဲဒီမိဇံ၊ ရွှေပြား၊ မြို့သူကြီး၊ လမ်းမတော်မြောက်၊ လမ်းမတော်တောင်၊စံ ပြရွာ အစရှိသည့် ရပ်ကွက်များတွင် ပိတ်မိနေသူများ ရှိနေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားကြသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာနက ယနေ့မြန်မာစံတော်ချိန် ၂နာရီထုတ်ပြန်ချက်တွင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀။ မိုင် ခန့် ။ မောင်တောမြို့၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်၊ မာန်အောင်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။ mizzima