ဆိုင်ကလုန်းမုန်တိုင်း ချင်း၊ မကွေး၊ စစ်ကိုင်းသို့ ဆက်ရွေ့၊ အားအလွန် ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ဆက်ရှိနေ

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ် စစ်တွေမြို့ကိုဖြတ်သန်းကာ ချင်း၊ မကွေးတိုင်း(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း (မြောက်ပိုင်း)တို့သို့ ဆက်လက်ရွေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ညဦးပိုင်းတွင် ထုတ်ပြန်သည်။
အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်းမှ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ် ဆက်လက်ရွေ့ရှားနေကြာင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကဆိုသည်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ အထိ ဆက်လက်တိုက်ခတ်နိုင်သည်ဟုလည်း ဆိုသည်။ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိုးကြီးခြင်းကြောင့် ချင်းပြည်နယ်နှင့် မကွေး၊ စစ်ကိုင်း တောင်တန်း ဒေသအချို့တွင် မြေပြိုမှုများ ကြံရနိုင်ကြောင်း မိုးလေဝသလေ့လာသူများက သတိပေးထားသည်။
ယနေ့ နေ့လယ် ၁၂ နာရီတွင် ရခိုင်ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်ခဲ့သည့် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး ရခိုင်ဒေသရှိ လူနေအိမ်များနှင့် အဆောက်အဦးများကို ပျက်စီးစေခဲ့သည်။ ပျက်စီမှု အခြေအနေကို Myanmar Now က ဆက်လက် စုံစမ်းဆဲဖြစ်သည်။ myanmar now