ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ရခိုင်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော် စစ်တွေမြို့မှာ မိုးသည်း ထန်နေ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်းသည် ယနေ့မနက်မှ ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်နိုင်သည့် အနီရောင်အဆင့်သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း မုန်တိုင်းငယ် အ ဆင့်ဖြင့်မိုးများစတင်ရွာသွန်းနေကြောင်း စစ်တွေမြို့ဒေသခံ ကိုဝေဟင်အောင်က မဇ္ဈိမကို ပြောသည်။
“ညကတော့ ထူးထူးခြားတာမရှိဘူး။ ဒီမနက်တော့ မုန်တိုင်းငယ် အဆင့်ရှိတယ်။ လေက တစ်နာရီကို မိုင် ၆၀လောက်ရှိမယ်။ မိုးတွေရွာနေပြီ၊ မီးတော့မပျက်ဘူး ပြန်လာနေပြီ” ဟု၎င်းကဆိုသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ဗဟိုချက်သည် ယနေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။
ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် က ချင်ပြည်နယ်ဆီသို့ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုး/ဇလဌာနက ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့် မြို့နယ် ခုနစ်ခုကို အနီရောင်အဆင့် သတ်မှတ်ထားကြောင်း
အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့၊ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိ ပေးထုတ်ပြန်ထားသည်။
ယနေ့၊ နံနက်ပိုင်းကစတင်ကာ မာန်အောင်မြို့နယ်တွင်လည်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့်လေပြင်းများ တိုက်ခတ်နေပြီး သစ်ပင်များပြိုလဲကျခြင်းတွေ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြထားသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လာမည့် ၂၄ နာရီအတွင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၁၁၀ မှမိုင် ၁၂၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၆ ပေမှ ပေ ၂၀ ခန့် ရှိနိုင်သည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအ တွင်း ၁၆ ပေမှ ပေ ၂၀ ခန့်အထိမြင့်တက်လာနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရေးပေါ်ထုတ်ပြန်သည်။ mizzima