တော်လှန်ရေး ၂နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ခန့် ရှင်လင်းနိုင်ခဲ့ပြီး CDFရဲဘော် ၁၂ဦးကျဆုံးဟုဆို

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အခြေပြု လှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်(CDF-Kanpelet)နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်တာ ကာလ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေ ၂၀၀ ခန့်သေဆုံးကာ ဒေသကွယ်ရေးရဲဘော် ၁၂ဦးကျဆုံးခဲ့ကြောင်း CDF-Kanpelet တာဝန်ရှိသူထံက သိရသည်။
CDF-Kanpeletသည် တော်လှန်ရေးကာလ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားခဲ့သည်ဟုCDF- Kanpelet တည်ထောင်ခြင်း နှစ်နှစ်ပြည့်နေ့သည့် မေလ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ကန်ပက်လက်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများအတွင်း CDF-Kanpelet တပ်ဖွဲ့ဝင် ၁၂ဦးသည် မြင့်မြတ်စွာ ကျဆုံးခဲ့ကြပြီး ကန်ပက်လက်ဒေသခံ ခြောက်ဦးကိုလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းဆိုသည်။
CDF-Kanpetlet ကို ၂၀၂၁ခုနှစ်၊ မတ်လ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့ပေါ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၁ခုနှစ် မေလ ၁၃ ရက်နေ့တွင် ပထမအကြိမ် စတင်ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုနေ့ကိုအစွဲပြု၍ CDF-Kanpetlet၏ တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့ မေလ ၁၃ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်းနှင့် ခေတ် အဆက်ဆက် တော်လှန်ရေးကာလများတွင် အာဇာနည်သူရဲကောင်းများအား အစဉ်ဦးထိပ်ထားလျက် ထုတ်ပြန်ကြေညာအပ်ကြောင်းလည်းဆိုသည်။
CDF-Kanpetletအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များနှင့် အတူတကွလက်တွဲပြီး ပန်းတိုင်အောင်မြင်သည့်အထိ ရွတ် ရွတ်ချွံချွံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ mizzima