နေပြည်တော်မြို့နယ်များတွင် လေပြင်းတိုက် ခတ်ပြီး အပျက်အစီးများရှိ

နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်တွင် ယနေ့ (မေ ၁၄) က မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ၊ သစ်ပင်များ၊ ဓါတ်တိုင်များလဲကျခဲ့ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

နေပြည်တော်နယ်မြေများဖြစ်သော ပုဗ္ဗသီရိ၊ ဥတ္တရ၊ ဇေယျာသီရိ၊ ဇဗ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊လယ်ဝေး စသည့် မြို့နယ်များတွင် ယနေ့ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျ၍ လမ်းပိတ်မှုများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်နှင့် စာသင်ကျောင်းတချို့ သွပ်အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

“ပုဗ္ဗသီရိမှာတော့ စာသင်ကျောင်းအမိုးတွေ လန်တယ်။ နေအိမ်တချို့ အမိုးတွေလန်တယ်။ သစ်ပင်တွေ အမြစ်ကနေ လဲပြီး လမ်းပေါ်ပိတ်နေတာတွေတော့ ရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇဗ္ဗူသီရိမြို့နယ်မှ ဒေသခံတစ်ဦးကလည်း ယနေ့ နံနက် ၁၀ နာရီမှစ၍ မိုးများတောက်လျှောက်ရွာသွန်းနေပြီး လေပြင်းများတိုက်ခတ်နေကာ စစ်ကောင်စီလက်အောက်ခံများက အပျက်အစီးများကို ချက်ချင်းရှင်းလင်းနေကြသည်ဟု ဆိုသည်။

“ လမ်းပေါ် သစ်ပင်လဲနေတာတွေ၊ စာသင်ကျောင်း သွပ်အမိုးလန်နေတာတွေတော့ မီးသတ်နဲ့အုပ်ချုပ်ရေးကသူတွေ ရှင်းပေးနေတာပဲ။ နေပြည်တော်က သူတို့အဘ လူကြီးလမ်းကြောင်းတွေကြောင့် ချက်ချင်းလုပ်ပေးနေတာ။ ပြည်သူအတွက်တော့ မဟုတ်ဘူး”ဟု အထက်ပါလူက ပြောသည်။

ပျဉ်းမနားမြို့နယ်၊ လေသာဘုန်းကြီးအနီးတွင်လည်း သစ်ပင်များနှင့် ဓါတ်တိုင်များ လဲကျနေပြီး နံနက် ၁၀ နာရီမှ ညနေ ၆ နာရီကျော်အထိ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။

“ မနက်က လေပြင်းတိုက်ပြီး ဓါတ်တိုင် လဲကျလို့ EPC က ချက်ချင်းလာလုပ်သွားတယ်။ လူအသေပျောက်တော့မရှိဘူး။ ဆိုင်ကယ်တွဲဘီးတော့ ပိသွားတယ်။ လမ်းထဲက ဓါတ်တိုင်လဲနေတာနဲ့ အပင်တွေကတော့ မရှင်းရသေးဘူး” ဟု ပျဉ်းမနားဒေသခံတစ်ဦးက ပြောသည်။

ပျဉ်းမနားမြို့အပါအဝင် နေပြည်တော်နယ်မြေမြို့နယ်များတွင်လည်း စျေးဆိုင်ခန်းများပိတ်ပင်ထားပြီး လမ်းပေါ်တွင်လည်း လူအသွားအလာမရှိသလောက် နည်းပါးနေသည်ကို တွေ့ရသည်။

“ပျဉ်းမနားမြို့ထဲမှာလည်း လူတစ်ယောက်မှမရှိဘူး။ Silent Day လုပ်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ဆိုင်ကလုန်း မိုခါသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ပြီးနောက် ယနေ့ ညနေ ၆ နာရီခွဲဲမှ စတင်၍ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်သို့ တစ်နာရီ မိုင် ၉၀ နှုန်းဖြင့် ဝင်ရောက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နေ့လယ် ၁ နာရီတွင် ထုတ်ပြန်ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s