ဖားကန့် ရှင်းရင်ဟိုတယ်အနီး ပစ်ခတ်မှုဖြစ်၊ ဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် ကျေးရွာမှာ မေ ၁၂ ရက်ညက ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှင်းရင်ဟိုတယ်အနီး စစ်ကောင်စီတပ်ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ည ၁၀ နာရီလောက် ဟိုတယ်ရှေ့ကို စစ်တပ်ရောက်လာတယ်။ မကြာဘူး နှစ်ဘက် ပစ်ခတ်သံတွေကြားရတယ်။ စစ်တပ်နဲ့ ဘယ်အဖွဲ့နဲ့ ပစ်တာလဲတော့ တိတိကျကျမသိရဘူး။ အဲ့ဒီမှာ အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသွားသူတွေ ဘယ်သူတွေဆိုတာနဲ့ ဘယ်အဖွဲ့နဲ့ပစ်ခတ်မှုဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မတ် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ နှစ်အရွယ် က လေးငယ် ၁ ဦးအပါအဝင် အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ပါတယ်။ DVB