မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ဦးရှိလာဟု NUG ထုတ်ပြန်

မိုခါ(Mocha)ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ် ၊မန္တလေးတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် သေဆုံးသူငါးဦးရှိနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်သည်။
သေဆုံးသူငါးဦးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို ဖော်ပြမထားသော်လည်း မြေပြိုမှုနှင့် သစ်ပင်လဲကျမှုတို့ကြောင့် ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့မှအမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှအမျိုးသား တစ်ဦး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ အမျိုးသားတစ်ဦး သေဆုံးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ပြင်ဦးလွင်၊ တောင်ကုတ်နှင့် ရေကြည်မြို့တွင် ယနေ့ မေလ၁၄ရက် နံနက်ပိုင်းက မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်စဉ် သစ်ပင်လဲကျပြီး အမျိုးသားသုံးဦး သစ်ပင်ပိသေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းမြို့နယ်သုံးခု လူမှုကူညီရေးအဖွဲ့များကပြောသည်။တာချီလိတ်မြို့တွင်ယနေ့ နံနက်သုံးနာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဆန်ဆိုင်းရပ်ကွက်မှ နေအိမ်တစ်လုံးပေါ် မြေပြိုကျခဲ့သည်ဟု မြို့ခံ
လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ မြေပြိုကျသည့် အိမ်အတွင်း အိပ်နေသော ဇနီးမောင်နှံနှစ်ဦး မြေပိသေဆုံးသွားခဲ့ခြင်း တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့များကသတင်းထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ မေလ ၁၄ရက် နံနက် ၁၁နာရီခွဲမှစတင်၍ လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၃၀နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၌ မုန်တိုင်းဒီရေဝင်ရောက်နိုင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် မြေပြိုခြင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လျှပ်စီးလက်ခြင်းနှင့် မိုး ကြိုး ပစ်ခြင်းများဖြစ်ပွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထပ်မံ သတိပေးထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် သုံးရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ဖျားနာနေကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင်လည်းလျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသဖြင့် စစ်ဘေးရှောင်များ သတင်းအချက်အလက်ရရှိနိုင်ရန် အခက်အခဲကြုံတွေ့နေရသည်ဟုထုတ်ပြန်ထားသည်။မိုခါမုန်တိုင်းကြောင့် ထိ ခိုက်ဆုံးရှုံးမှုအခြေအနေများကို ထပ်မံ၍ ထုတ်ပြန်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထား သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ မေ ၁၄ရက်ညတွင် ချင်းပြည်နယ်နှင့်မကွေးတိုင်းအတွင်းသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ mizzima