“မိုခါ” မုန်တိုင်းကြောင့် အိုင်းမရေလွှဲဆည် ရေကြီးမှတ် အထက်ရောက်

“မိုခါ” မုန်တိုင်းကြောင့် မကွေးတိုင်းတွင် မိုး အဆမတန်ရွာသွန်းပြီး မကွေးတိုင်း ငဖဲမြို့နယ်မှ မင်းဘူးမြို့နယ်အတွင်း စီးဆင်းသည့် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်တွင် ရေထိပ်ရေမှတ်သည် ယနေ့ မေလ ‌၁၄ ရက် ညနေတွင် ဆည်ပေါ်မှ ၁၀.၂၀ ပေရေကျော်နေသည်ဟု ဆည်တာဝန်ရှိသူများက သတိပေးထားသည်။

“စကုမန်းကျင်းက မိတ်ဆွေများ မပေါ့ကြပါနဲ့။ ညသန်းခေါင်ချိန် ရေပိုတိုးပါမည်။ ကျနော့်ဆည်ထိပ်ရေမှတ်ကို အခြေခံအကြံပြုတာပါ” ဟု အိုင်းမဆည်ထိပ်တာဝန်ခံ ဦးစီးမှူး (မြို့ပြ) ဦးဝင်းဇော်ထွန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

အဆိုပါ အိုင်းမဆည်သည် ၂၀၁၅ ခုနှစ်က ၂၅၂.၅၀ ပေ အထိ အများဆုံး တက်ခဲ့ဖူးသည်။ ထိုစဉ်က ဆည်အထက်သို့ ၁၀.၅၀ ပေရေကျော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ထိုအမှတ်သို့ရောက်ရန် ၀.၃၀ ပေသာ လိုတော့သည်။

လက်ရှိတွင် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မုန်တိုင်းဗဟိုဖြတ်ကျော်ဝင်ရောက်နေဆဲဖြစ်ပြီး မုန်တိုင်းသည် ယနေ့ညပိုင်းတွင် လေတိုက်နှုန်း တစ်နာရီမိုင် ၆၀ မှ ၉၀ ကြားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်လက်ဖြတ်ကျော်ရန်ရှိနေကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

မုန်တိုင်းဖြတ်ကျော်ပါကလည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပွားရန်ရှိနေသည်။

ယနေ့တွင်လည်း မကွေးတိုင်း မင်းဘူး၊ စလင်း၊ စကု၊ ပွင့်ဖြူ ဘက်တွင် မိုးရွာသွန်းမှုစံချိန်တင်နေသည်ဟု ပွင့်ဖြူဒေသခံက ပြောသည်။

“မနေ့ကစပြီး မိုးရွာက စံချိန်တင်ပါပဲ ။ မိုးရေချိန် ကိုး လက်မလောက် ရှိမလားတောင်မသိဖူး။ ကျောင်းတော်ရာမှာလည်း မိုးရေနဲ့လျှံနေပါတယ်။ အိုင်းမဆည်ကတော့ စလင်းဘက်အတွက်အဓိကစိုးရိမ်ရပါတယ်” ဟု ပွင့်ဖြူဒေသခံက မဇ္ဈိမကိုပြောသည်။

လက်ရှိ စလင်းမြို့တွင် စလင်းချောင်း ရေ လျှင်မြန်စွာ တက်နေ၍ ချောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေမြုပ်နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်ရှိတွင် စလင်းမြို့နယ်အတွင်းရှိ ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ ၊ ပေါင်းဆည်ကျေးရွာ ၊ ယမ်းဘိုကုန်းရွာ ၊ နွယ်တမယ်ကျေးရွာ ၊ ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ခန့် ရေမြုပ်နေပြီဖြစ်ကြောင်းသိရသည်။

မန်းစက်တော်ရာ(ရွှေစက်တော်) ရှိ မန်းချောင်းတွင်လည်း ယနေ့ ရေစီးသန်ကာ ရေလျှံနေပြီး အောက်စက်တော်ရာ ခြေတော်ရာအနီးတွင် ချောင်းရေများပတ်လည်ဝိုင်းနေပြီဖြစ်သည်။

ယနေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်မူ မန်းချောင်းရေမှာ လက်မအနည်းငယ်ခန့် ပြန်ကျသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မေလ ၁၄ ရက် ညနေ ၆ နာရီခွဲအထိ လေတိုက်နှုန်း တစ်နာရီ ၈၆ မိုင်နှုန်းဖြင့် ချင်းပြည်နယ်သို့ရောက်ရှိပြီးနောက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကိုဖြတ်ကျော်၍

မေလ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မုန်တိုင်းအင်အားပျက်ပြယ်သွားမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် “မိုခါ” သည် “ကုန်းတွင်းမုန်တိုင်း”အဖြစ် အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စေတုတ္တရာ၊ ဆော၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကလေး၊ ပင်လယ်ဘူး၊ ကောလင်း၊ ထီးချိုင့်၊ ဖေါင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း စသည့် မြို့များတွင် မိုးရေချိန် တစ် လက်မခွဲမှ ရှစ်လက်မ အထိ ရွာသွန်းနိုင်ကြောင်းဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s