မော်လိုက်၊ ထော်သာကျေးရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်ဘက်မှ စစ်ကူလာသော အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အများအပြား အင်အား အခိုင်အမာဖြင့် တပ်စွဲထားသော ထော်သာကျေးရွာရှိ ပျူစောထီးစခန်းကို မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ကလေးဝမြို့နယ်အတွင်းရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ ထိခိုက် သေဆုံးမှုများပြားပြီး အကြမ်းဖက် စစ်တပ်မှ လေကြောင်းဖြင့် ထော်သာကျေး ရွာကို ဗုံး ၅ လုံး၊ အနီးအနားရှိ နန်းသီကျေးရွာ၊ ခုံသာကျေးရွာတို့ကို ဗုံးတစ်လုံးစီ ကျဲချခဲ့​သောကြောင့် PDF တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့တွင် ထော်သာကျေးရွာကို စစ်ကူလာသော အကြမ်းဖက် စစ်ကြောင်းသည် မော်လိုက် တစ်ဖက်ကမ်းမှ ညောင်ဝန်းကျေးရွာဘက်သို့ ချင်တွင်းမြစ်အားဖြတ်ကူးနေစဥ် မြစ်အရှေ့ ဖက်ကမ်း ညောင်ဝန်းကျေးရွာဘက်ကမ်းမှ အသင့်စောင့်နေသော PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စက်လှေ ၁ စီး နစ်မြုပ်သွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အရှေ့ဖက်ကမ်းသို့ကူးရန် မော်လိုက်မြို့ ကမ်း နားလမ်း ပလက်ဖောင်းပေါ်တွင်ရပ်နေပြီး စီစဥ် ညွှန်ကြားနေသော တပ်ရင်းမှူးကို PDF တပ်ဖွဲ့များက စနိုက်ပါ ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် မော်လိုက်မြို့ရှိအကြမ်းဖက်စစ်တပ်မှလည်း စစ်ကူတက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ မော်လိုက်မြို့နယ်၊ တောင်တွင်းကျေးရွာအနောက်ဘက် ဝါးဘိုးအိုက်ချောက် အတွင်း၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်တပ်မှ အိမ်ခြေ ၁၀၀ ကျော်ရှိသော နန်းသီ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ကူလာတာက လေကြောင်းတစ်ခုထဲမ ဟုတ်ဘူး၊ မော်လိုက်ဘက်ကလည်း စစ်ကူလာတာ၊ PDF တွေကလည်း စစ်ကူလာမယ့်လမ်း ကြောင်းတွေကို သိတဲ့အခါကျတော့ ကြားဖြတ်တိုက်ခိုက်တာ၊ အဲဒီမှာက စစ်ခွေးတွေဘက်က မကျဘူး၊ မျက်မြင်ကိုယ်တွေ့အရ တော့ PDF ရဲဘော် ၁ ဦးကျတယ်၊ ကျနော်ကြားသိရသလောက်တော့ ထော်သာတိုက်ပွဲမှာက တော်လှန်ရေးအင်အားစုဘက်က ၂ ဦး ကျတယ်၊ စစ်ခွေးတွေဘက်က သတင်းကို ထောက်လို့မရဘူး၊ ဘယ်လောက်ဘယ်၍ ကျတယ်ဆိုတာ၊ ကျနော်သိရသလောက်တော့ တော်တော်လေးအ ကျနာမယ်၊ အကျနာလို့ လေကြောင်း ပစ်ကူခေါ်တာ ၊”ဟု PDF သတင်းရင်းမြစ်က ​ပြောဆိုသည်။

ထော်သာကျေးရွာ ပျူစောထီးစခန်းတိုက်ပွဲတွင် စခန်းသိမ်းပိုက်ခါနီး လေကြောင်းစစ်ကူ၊ မြေပြင်စစ်ကူ များကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ယမန်နေ့ မေလ ၁၃ ရက် နေ့တွင် ကလေးမြို့ရှိ အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးစစ်သည်များအပါအဝင် အင်အား ၇၀ ခန့်ဖြင့် ထော်သာကျေးရွာပျူစခန်းသို့ စစ်ကူဆင်းလာခဲ့သည်ဟုဆိုသည်။

“မနေ့က ကလေးမြို့တပ်ကနေ အင်အား ၇၀ လောက် အမျိုးသမီးစစ်သမီးတွေပါတယ်၊ စားအိုးစား ခွက်တွေနဲ့၊ တက်လာတဲ့ဟာကို မော်လိုက်မြို့နယ်ကို အလာမှာ၊ ချင်းတွင်းမြစ်ကို ကူးဖို့ သံခွန်တွေပါ ကားပေါ်တင်လာတာ၊ မြစ်ကိုကူးတဲ့အခါ မမောင်းတတ်တဲ့အခါကျတော့ ချင်းတွင်းမြစ်ထဲ ဝဲချာလည်ပြီး တော့ စက်က ချင်းတွင်း မြစ်ထဲကျသွားတယ်။ ဒီပွဲကတော့ တော်တော်လေးပြင်းထန်မယ့်သဘောရှိတယ်၊ စစ်ခွေးဘက်ကလည်း မော်လိုက်က တက်လာရော၊ ကလေးဘက်ကလာတာရောဆိုရင် အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတယ်၊ PDF တပ်ဖွဲ့ တွေ ဘက်ကလည်း ကလေးဝ၊ ဖောင်းပြင်၊ မော်လိုက် ရယ်ပူးပေါင်းထားတာ၊ ထော်သာအထိုင်စခန်းကို ဘယ်လိုနည်းနဲ့မှ သွားလို့မရပဲ ထိုးဖောက်မရတဲ့အတွက် လေကြောင်းပစ်ခေါ်တာ အခုလာနေပြီ၊ အခုဖြစ် နေတာက ကလေးကနေ တက်လာတဲ့အမျိုးသမီးတွေပါတဲ့ စစ်ကြောင်းနဲ့၊” ဟု အဆိုပါ PDF သတင်းရင်းမြစ်က ဆက်လက် ပြောဆို သည်။

ကလေးမြို့မှလာသော အကြမ်းဖက်စစ်ကြောင်းမှ မော်လိုက်မြို့အထိတက်လာကာ မော်လိုက်မြို့၊ ညောင်ပင်သာရပ်ကွက်၊ ကုတိုးဆိပ် ညနေ ၅ နာရီခွဲခန့်တွင် ကူးတို့ဖြင့် ထော်သာကျေးရွာ ဘက်သို့ တက်လာပြီးတောင်တွင်းကျေးရွာ ၊ဆင်ခေါင်းတောင် ပေါ်တွင် ညအိပ်တပ်စွဲခဲ့ကာ ယ နေ့ နံနက်ပိုင်း တွင် ထော်သောကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ရာ တောင်အင် ကျေးရွာ အနောက်ဘက် အင်းပြင်လယ်ကွင်ပြင်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက် ခဲ့ရာ ယခုအထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s