PDF ကင်းစင်ပပျောက်အောင်ဆောင်ရွက်မည်ဟု စစ်ကောင်စီခေါင်းဆောင်ပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များကို ကင်းစင်ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၂ ရက်နေ့က ကျိုင်းတုံတပ်နယ်မှ စစ်တပ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဖန်တီးဆောင်ရွက်ပေးရန်လိုပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်မူ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ PDFနှင့် ၎င်းတို့ကို ပံ့ပိုးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ဖူးသည်။
“သူတို့ တပ်မတော်နေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က PDF တွေကိုကူညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြတ်တိုက်ခိုက်မယ်လို့ ကြိမ်းမောင်းနေတာပါ။ ဒါပေမဲ့ အဲ့ဒီအပြောက လေထဲကလာ လေထဲမှာတင် ပျောက်သွားတာပါပဲ။ အခု PDF တွေနဲ့ ပတ် သက်လို့ အပြုတ်ချေမှုန်းမယ်ဆိုတာလည်း လေထဲမှာ လာပြီး လေထဲမှာပဲ ပျောက်သွားပါလိမ့်မယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက စစ်ရေးအသုံးစရိတ်များ ပိုမို သုံးစွဲခဲ့ကာ လက်ရှိတွင်လည်း ယခုဘဏ္ဍာနှစ်အတွက် စစ်ရေးအ သုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့် သုံးစွဲလျက်ရှိသည်။
တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUGကယခု ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားသည်။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း PDFနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် အနည်းဆုံး ရန်သူ့ အင်အား သုံးသောင်းခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၅ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ကြားရသလောက်ဆိုရင် မြေပြင်စိုးမိုးမှုမှာတိုင်းနဲ့ပြည်နယ် ခုနှစ်ခုမှာ PDF တွေက ဒေသအုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို သူတို့က လှုပ်ရှားနေတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေကတော့ သူတို့ ကင်းစခန်းတွေမှာပဲ ဝပ်နေရတယ်ဆိုတဲ့ သ တင်းတွေက အဆက်မပြတ်ရနေပါတယ်။ အဲ့ဒီ အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ PDF တွေကို အပြုတ်တိုက်မယ့်ကိစ္စက ရမှာ မဟုတ်ဘူး”ဟု ဦးသန်းစိုးနိုင်ကပြောသည်။
ယခုနှစ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး ပထမသုံးလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၆၈၀ ကျော်တွင် တိုက်ပွဲပေါင်း ၃၉၀ ကျော်မှာ စစ်ကောင်စီနှင့် PDFများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmarက ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည်။ mizzima