ကံပေါက်တွင် ဈေးခြင်းတပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စျေးခြင်းတောင်း တပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးမည်ဟု စစ်ကောင်စီတပ်က အမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည်မှာ လနှင့်ချီရှိနေရာမှ ယခုအခါ စျေး သည်များအသုံးပြုနေသည့်ဆိုင်ကယ်ပေါ်၌ စျေးခြင်းတောင်းများ ဘယ်/ညာနှစ်ဖက် တင်ဆောင်စီးနင်းခွင့် ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ကံပေါက်ဒေသခံတစ်ဦးက “ဟုတ်တယ်ခင်ဗျ၊ အခုက ဆိုင်ကယ်နဲ့ပတ်သတ်ရင် ဘယ်လိုပုံစံနဲ့မှပေးမစီးတဲ့ သဘော၊ ဘေးတွဲတွေရောလိုက်ပြီး ကန့်သတ်နေတယ်”ဟု ပြောသည်။
ယခုကဲ့သို့ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီက လိုက်လံကန့်သတ်မှုများကြောင့် လက်လုပ်လက်စား လူတန်းစားများဖြစ်သော ဈေးသည်များ ပိုမိုအခက်ခဲဖြစ်သွားစေနိုင်ကြောင်း ဒေသခံများကပြောသည်။
“ကျွန်မတို့က အရင်ကတည်းက စျေးရောင်းထွက်ဖို့ ဒီဒေသမှာ ဒီလိုပဲ သွားလာနေတာ။ အခုက ဘယ်လို ပုံစံနဲ့ ကုန်တွေသည်ရမယ်ဆိုတာ မသိတော့ဘူး ဖြစ်နေတယ်” ဟု ကံပေါက်ဒေသခံ စျေးသည်တစ်ဦးက ပြောသည်။
မေလ ၁၀ ရက်နေ့ကစပြီး ကံပေါက်ရဲစခန်းအရှေ့၌ ခြင်းနှစ်လုံးတပ်သွားလာနေသည့် ဆိုင်ကယ်များကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ် သားများအပါအဝင် ခလရ(၂၇၃)မှ တပ်သားများနှင့်ရဲများက သတိ ပေးမှုများပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်သည်။
ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ပိတ် ပင်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးများနှင့် တပ်ထောက်ခံသူများ ကိုမူ စီးနင်းခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ကလိန်အောင်မြို့တွင်လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ် စီးနင်းမှုများကို စစ်ကောင်စီတပ်က ပစ် ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေပြီး အ မျိုးသမီး နှစ်ဦးစီးနင်းမှုကိုမူ ခွင့်ပြုထားကြောင်း သိရသည်။ mizzima