စစ်တွေတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် သေဆုံးသူ ငါးဦးအထိရှိလာကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် မေတ္တာရောင်ခြည် ပရဟိတအသင်းဥက္ကဋ္ဌ ကိုလင်းလင်းကပြောသည်။
မေလ ၁၄ ရက်နေ့က လေဘေးရှောင်စခန်းသုံးခုမှ အသက်သုံးလသားအပါအဝင် ပြည်သူလေးဦးနှင့် သစ်ပင်ပိမှုကြောင့်တစ်ဦး စုစုပေါင်းငါးဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကုန်းမြင့်ပိုင်းဒေသတစ်ခုဖြစ်သည့် အာကျိတ်တော်ကုန်းရှိ အဓိဌာန်ကျောင်း မှ အသက် ၂၇ နှစ်အရွယ် အမျိုးသ မီးတစ်ဦး မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်တွင်သေဆုံးခဲ့သည်။
“အပေါ်ကမှန်ပြုတ်ကျပြီး လူကိုထိတယ်။ ကျနော်တို့ မေတ္တာရောင်ခြည်အသင်းကသွားခေါ်တယ်။ သူက ပင်မသွေးကြောကြီးကို ထိသွားတော့ သွေးတအားထွက်တာ။ ထိတာက ဘယ်ဘက်နှလုံးနားမှာ ထိတာ။ သွေးထွက်လွန်ပြီးတော့ ကားပေါ်ရောက်တာနဲ့ ဆုံးသွားတယ်။ မိနစ်ပိုင်းအတွင်းမှာ ဆုံးသွားတာ” ဟု ကိုလင်းလင်းက ပြောသည်။
စစ်တွေမြို့ ဝါးကျောင်းတွင်လည်း လေပြင်းတိုက်ခတ်စဉ် အဆောက်အဦးအုတ်နံရံပြိုကျမှုကြောင့် အသက်သုံးလအရွယ် ကလေးငယ်တစ်ဦးနှင့် အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ထို့အတူ ဓါတ်ဦးကျောင်းတွင် အသက်(၇၀)ကျော် အမျိုးသားတစ်ဦးနှင့် သစ်ပင်ပိခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မုန်တိုင်းကြောင့် စစ်တွေမြို့ရှိ အဆောက်အဦး အများအပြားပျက်စီခဲ့ရာ အရေးပေါ် ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကာ စားသောက်နေထိုင်မှုအတွက်ပါ အခက်အခဲရှိနိုင်ကြောင်း ပရဟိအဖွဲ့များထံမှ သိရသည်။
“အိမ်တွေကို မနက်ပိုင်းကပြင်ဆင်တယ်။ ခုမိုးရွာနေပြီဆိုတော့ အခက်အခဲဖြစ်မယ်လို့ထင်ပါတယ်။ တချို့ ဆိုလည်း နေစရာအိမ်မရှိတော့ဘူး။ ခေါင်မိုးတွေအကုန်လုံး လန်သွားတယ်။ နံရံတွေ စောင်းသွားတယ်” ဟု ကိုလင်းလင်းက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့ရာသီဥတုသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီး လေဘေးရှောင် စခန်းမှပြည်သူအများစုသည် နေရပ်သို့ပြန်ကြပြီဖြစ်ကာ ကူညီကယ်ဆယ်မှုများမှာလည်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်ထူကိုယ်ထ ပြုလုပ်နေခြင်းဟု သိရသည်။ mizzima