မိုခါမုန်တိုင်းဘေး မြေပြင်အရေးပေါ် ကူညီကယ်ဆယ်ရေးတွင် စစ်ကောင်စီ၏လူကယ်ပြန်ဝန်ကြီးဌာနလုပ်အားမပါဟု ဝေဖန်ခံရ

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွင် အသင့်ပြင်ထားကြောင်း စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော်လည်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ယင်းဌာန၏ လုပ်အား မတွေ့ရကြောင်း ဘေးသင့်ဒေသမှ ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက ပြောသည်။
ယမန်နေ့ မေလ ၁၄ရက်နေ့က အင်အားအလွန်ပြင်းထန်သည့်အဆင့်ဖြင့် စစ်တွေမြို့သို့ ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုထက်မနည်းတွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြေပြင်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲရေးအပိုင်းတွင် စစ်ကောင်စီ၏ ဘေးစီမံဝန်ထမ်းများမတွေ့ရဘဲ ပရဟိတအဖွဲ့များနှင့် မီးသတ်ဝန်ထမ်းများသာ အဓိက လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟုဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက ပြောသည်။
” မိုးထဲလေထဲမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ မတွေ့ရဘူး။လူကယ်ပြန်ရဲ့ ဘေးစီမံဆိုတာ ဘယ်ဌာနမှန်းတောင် မသိရဘူး။ အများဆုံးတွေ့ရတာကတော့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တွေပါ”ဟု မကွေးတိုင်း၊ စလင်းမြို့မှ ရေဘေးသင့် ပြည်သူတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ လူကယ်ပြန်ဌာနက မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ကာ
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့အပါအဝင်မြို့နယ်ခုနှစ်ခုကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက် ရခိုင်ပြည်နယ်တွင် ၃,၂၁၄ဖွဲ့နှင့် ချင်းပြည်နယ်တွင် ၉၄၅ ဖွဲ့ ဖွဲ့စည်းထားခြင်းအပါ အဝင် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများလို့ဆောင်ထားသည်ဟု မုန်တိုင်းမဝင်မီက ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းထုတ်ပြန်ချက်သည် ဟန်ပြသာဖြစ်သည်ဟု ရေဘေးသင့်ပြည်သူများကပြောသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မကွေးတိုင်း၊ စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့တွင် ယမန်နေ့ မေလ ၁၄ရက် နေ့လယ်မှစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ညပိုင်းတွင် ဒေသခံများကကယ်ဆယ်ရေးအကူညီတောင်းခံလာမှုကို မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ပရဟိတအဖွဲ့အချို့သာ ဆောင်ရွက်ခဲ့ကြောင်း မကွေးတိုင်းအခြေစိုက်ပရဟိတအဖွဲ့တစ်ခုက ဆိုသည်။
ထို့ပြင် မုန်တိုင်းမတိုက်ခင် မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီးလည်း လူမှုကွန်ယက်စာမျက်နှာသတင်းများကို စောင့်ကြည့်ခြင်း၊ ရွာခံအချင်းချင်း သတိပြန်ပေးခြင်းများသာရှိပြီး အခြားမည်သည့် သတိပေးမှုကိုမျှ မရရှိခဲ့ကြောင်း ဆင်ဖြူကျွန်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သတင်းတွေ ဘာတွေဖတ်တယ်။ တယောက်နဲ့ တယောက်ဖုန်းနဲ့ ဘာနဲ့ လှမ်းပြောတယ်။ ကိုယ့်မွေးချင်းသားချင်းတွေက လှမ်းပြောတယ် ။ အဲ့ဒီလိုမျိုးတွေပေါ့။ အိမ်တွေ၊ တိရစ္ဆာန်တွေက တော်တော်များများပါတယ်။ တစ်အိမ်မှကို မကျန်ဘူး။ အကုန်ကိုပါတာ။ ဘယ်လိုမှကို လုပ်လို့မရဘူး။ ကြိုးတွေဖြတ် လွှတ်တဲ့သူက လွှတ်ရတယ်”ဟု ယယင်းအမျိုးသမီးကပြောသည်။
မိုခါမုန်တိုင်းအရှိန်ကြောင့် စလင်းချောင်း အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတလျှောက်ရှိ ရွာအများစု ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး လူ ငါးဦးခန့်ပျောက်ဆုံးနေသည်ဟု သိရသည်။ ထိုပျောက်ဆုံးမှုတွင် ရွှေလှေရပ်ကွက်မှ သားအဖနှစ်ဦးလည်းပါဝင်ပြီး သားဖြစ်သူ ကလေးငယ်၏ အလောင်းကိုသာ လတ်တလော ပြန်တွေ့ထားကြောင်း ဆင်ဖြူကျွန်းမြို့ခံတစ်ဉီးက မေလ ၁၅ရက် နေ့လယ်ပိုင်းတွင် ပြောသည်။လက်ရှိတွင်လည်း စားရေးသောက်ရေးအတွက် ကျေးရွာအချင်းချင်း၊ ဒေသခံအချင်းချင်းသာ ကူညီနေရပြီး စစ်ကောင်စီဘက်က မည်သည့် ထောက်ပံ့မှုကိုမျှ မရရှိကြောင်း ဆိုသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်တိုက်ရိုက်ဝင်ခဲ့သည့် စစ်တွေမြို့တွင်လည်းပျက်စီးဆုံးရှုံးမှုများပြားပြီး စစ်တွေမြို့လမ်းမကြီးပေါ်ရှိ ဓါတ်တိုင်များ၊ သစ်ပင်များပြိုလဲကာ နေအိမ်နှင့်အဆောက်အဦများလည်း ပျပျက်စီးခဲ့သည်။
စစ်တွေမြို့တွင် မုန်တိုင်းဒဏ်သင့်ပြီးနောက် ရှာဖွေရှင်းလင်းခြင်းများကို ပရဟိတအဖွဲ့များ၊ ဒေသခံများကသာ ဦးဆောင်လုပ်ဆောင်နေရပြီး စစ်ကောင်စီဌာနဆိုင်ရာများက လက်တွေ့ကျကျ အလုပ်လုပ်နိုင်သည့်အင်အားမရှိကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း မုန်တိုင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအဖွဲ့များ၊ ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးစသည့်အဖွဲ့များကသာ ဘေးသင့်သူစာရင်းကောက်ခြင်း၊ ကူညီထောက်ပံ့ခြင်းတို့ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့အနေနဲ့ ရသေ့တောင်ဘက်မှာလည်း လူဦးရေ ၅၀၀ အတွက် ရေသန့်ဘူးကြီး တစ်လီတာတစ်ဘူးနဲ့ တစ်ယောက်ကို ခေါက် ဆွဲခြောက်နှစ်ထုပ် ကူညီတာရှိတယ်။ လောလောဆယ်ကတော့ ဘယ်အဖွဲ့အစည်းမှ ဌာနဆိုင်ရာတွေနဲ့ NGOတွေက ကူညီခဲ့တာ လောလောဆယ် ဘယ်သူမှ မလာသေးဘူး။ သတင်းတွေလည်း အတိအကျမရသေးပါဘူး” ဟု ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုန်တိုင်းနှင့်ပတ်သက်ပြီး မြောက်ဦးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီ လူကယ်ပြန်ဝန်ကြဌာနလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်၊ ဆီထောက်ပံ့မှု လုပ်ဆောင်ခဲ့ကြောင်း ယနေ့ မေလ ၁၅ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် ဒုဥက္ကဌအဖြစ်တာဝန်ယူထားသူ ဒေါ်သက်သက်ခိုင်အနေဖြင့် မုန်တိုင်းပြီးနောက် မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးခြင်းများလည်း မတွေ့ရသေးပေ။
မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို မဝင်မီ မေလ ၁၃ရက်နေ့လယ်က မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများနှင့် ကြိုတင်ရွှေပြောင်းပေးထားသည့် လူဦးရေစာရင်းကိုမေးမြန်းရန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဌာနအောက်ရှိ ဘေးစီမံဌာနမှ ဒုတိယညွှန်ကြားရေးမှူး၏ဖုန်းနံပါတ်ကို
မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ အမျိုးသမီးတစ်ဦးက ဖုန်းလာကိုင်ပြီး ပြန်ဆက်သွယ်မည်ဟုပြောခဲ့သည်။ ၆နာရီခန့်ကြာသည်အထိ ဖုန်းဆက်မလာ၍ မဇ္ဈိမကထပ်ခေါ်ဆိုခဲ့ရာ ပြည်ပဖုန်းများသို့ အချက်အလက်ကို ပို့ပေး၍ မရဟု အကြောင်းပြန်သည်။ mizzima