မိုခါ ဆိုင်ကလုန်းမုန်တိုင်း အားလျော့၊ ရခိုင်နှင့် ချင်းပြည်နယ် မုန်တိုင်းအန္တရာယ်ကင်းပြီဟု မိုးဇလထုတ်ပြန်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဖြတ်ကျော်ပြီး နောက် အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ လျော့ကျသွားပြီ ဖြစ်သည့်အတွက် ယင်းပြည်နယ်နှစ်ခုအတွက် မုန်တိုင်းအန္တရာယ်ကင်းသည့် အရောင်သတ်မှတ်ချက်ဖြစ်သော အစိမ်းရောင် အဆင့်ဟု မိုးဇလက ထုတ်ပြန်လိုက်သည်။

ယနေ့မေလ ၁၅ရက် နံနက် ၅ နာရီခွဲအချိန် တိုင်းတာချက်ကို မိုးလေဇဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ယမန်နေ့ မေလ ၁၄ရက် ညနေက ဖြတ်ပြီးနောက် ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်မှ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့သည်ဟု

မိုးဇလက ထုတ်ပြန်ထားသည်။

” ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါသည်” ဟု မိုးဇလက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံမိုးဇလကလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အားလျော့သွားပြီး မြန်မာ့ကုန်းတွင်းပိုင်းတွင် တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ -၅၀ခန့်ဖြင့် ဆက်လက်ရွေ့လျားနေပြီး မကြာမီ အားလျော့သွားမည်ဟု ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် နောက် ခြောက်နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ကာ ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်း ဖြည်း အားလျော့သွား နိုင်သည်ဟု မိုးဇလက ယနေ့နံနက် ၇နာရီကျော်တွင် ထုတ်ပြန်သည်။

လတ်တလောရာသီဥတုအခြေအနေကြောင့် မြန်မာနိုင်ငံဒေသအနှံ့ မိုးဆက်ရွာနိုင်ပြီးစစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် နှင့် နေပြည်တော်၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ ဒေသအလိုက် မိုးကြီးမည်ဆိုသည်မှာ သတိပေးထားသည့် ဒေသတစ်ခုလုံး မိုးကြီးမည့်သတိပေးချက်ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ ခန့်ရှိနိုင်သည်ဟု ဆက် လက်သတိပေးထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မုန်တိုင်းအရှိန် တိုက်ရိုက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ကနဦးထိခိုက်ဆုံးရှုံးမှုစာရင်းများရယူခြင်း၊အရေးပေါ်လိုအပ်ချက်များဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရက ယမန်နေ့ မေလ ၁၄ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s