“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ဆက်လက်ရွေ့လျားနေ၊ အညိုရောင်အဆင့်သတ်မှတ်

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ဆက်လက်ရွေ့လျားနေပြီး အညိုရောင်အဆင့်သတ် မှတ်ထားတယ်လို့ မိုးဇလဌာနက မေလ ၁၄ ရက် ည ၁၀ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။
ပလက်ဝမြို့အနီးကနေ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ကာ မတူပီမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါတယ်။
နောက် ၉ နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေနဲ့ လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေနဲ့လည်းကောင်း ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ မှာ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ လျှင် (၄၅)မိုင်မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိနဲ့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။
ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ DVB