မုန်တိုင်းမိုးကြောင့် မကွေးတိုင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်၊ ယနေ့ နံနက် ရေအနည်းငယ်ပြန်ကျနေ



မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချင်းတောင်တန်းနှင့် ရခိုင်ရိုးမတို့်ဘက်မှ တောင်ကျရေများကြောင့် မြစ်ချောင်းများရေလျှံကာ ကျေးရွာများနှင့် သီးနှံစိုက်ခင်းများ ရေနစ်မြုပ်နေသည်ဟု ဒေသခံများမှပြော သည်။
မကွေးတိုင်း၊ စလင်းမြို့တွင် ယမန်နေ့က ရွာသွန်းသောမိုးနှင့် တောင်ကျရေကြောင့် မြစ်၊ချောင်းများရေလျှံကာ ကျေးရွာ ၂၀ ထက်မနည်း ရေ ကြီးနစ်မြုပ်နေပြီး ဒေသတွင်း အခြားမြို့နယ်များတွင်လည်း စံချိန်တင်မိုးများရွာခဲ့သည်ဟု သိရသည်။
“မိုးက စံချိန်တင်ပဲဗျ။ ကျွန်တော် ပွင့်ဖြူမှာနေတာ နှစ်နှစ်ဆယ်လောက်ရှိတော့မယ်။ ဒီလောက်များတဲ့မိုးမကြုံဖူးသေးဘူး။ ပွင့်ဖြူက မြေကုန်းမြင့်နေရာတချို့ကလွဲရင် ကျန်တဲ့ ယာခင်း၊ နှမ်းခင်းတွေ အကုန်ရေမြုပ်ပါတယ်။ လုံးဝကိုမှ ပျက်စီးသွားတာပါ”ဟု ပွင့်ဖြူဒေသခံအမျိုးသားတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်း ရေဘေးကြောင့် လူသေဆုံးမှုမရှိကြောင်း ကနဦးသိရှိထားပြီး အဆိုးဆုံးရေကြီးနစ်မြုပ်နေသည့် စလင်းမြို့ဘက်တွင် ဒေ သခံများ အခက်အခဲကြုံနေသည်ဟု ဆိုသည်။
စလင်းမြို့နယ်တွင် စလင်းချောင်းရေလျှံပြီး မြစ်ကမ်းဘေးရွာများ ရေးကြီးနစ်မြုပ်နေခြင်းဖြစ်သည်။
“ကျွန်တော်တို့ အခုစလင်းကိုသွားနေတာပါ။ လမ်းမှာပိတ်နေလို့ ခုထိစလင်းမရောက်သေးပါဘူး၊ စကုနဲ့ပွင့်ဖြူကြားပဲရှိပါသေးတယ်။ ပွင့်ဖြူထိမရောက်နိုင်သေးပါဘူး။ သစ်ပင်တွေလဲ လမ်းရေကျော်တွေဖြစ်နေပါတယ်” ဟု KS Rescue Magway (မကွေး လူမှုကူညီရေးအသင်း)မှ အဖွဲ့ဝင်တစ်ဦးက ယနေ့ မေလ ၁၅ ရက် နံနက် ၈နာရီခန့်တွင် ပြောသည်။
ထို့နောက် မကွေးမြို့ရှိ အခြားကူညီကယ်ဆယ်ရေးအသင်းတစ်ခုမှလည်း ယနေ့ နံနက်တွင် စလင်း၌ ရေအနည်းငယ်ပြန်ကျနေပြီဟုသတင်းရရှိကြောင်း ယနေ့ မေလ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင် ပြောသည်။
ယမန်နေ့ညရရှိထားသော သတင်းအချက်အလက်များအရ စလင်းမြို့နယ်တွင် ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ ၊ ပေါင်းဆည်ကျေးရွာ ၊ ယမ်းဘိုကုန်းရွာ ၊ နွယ်တမယ်ကျေးရွာ ၊ ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ခန့်ရေမြုပ်ခဲ့ကြောင်းသိရသည်။
ဆင်ဖြူကျွန်းမြို့တွင်လည်း မြေနိမ့်ပိုင်းဒေသများမှ အိမ်အများစု ရေဝင်နေကာ ဒေသခံများသည် နေရေးစားရေး အလွန်အခက်ကြုံနေကြောင်း သိရသည်။စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့၏ ပျက်စီးဆုံးရှုံးထိခိုက်မှုအခြေအနေများအား မဇ္ဈိမအနေဖြင့်အသေးစိတ်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရာ ပတ်ဝန်းကျင်လည်း ယမန်နေ့က တောင်ကျရေ နစ်မြုပ်ခဲ့ပြီး ယနေ့ နံနက်တွင်ရေပြန်ကျပြီး နှုန်းများတင်ကျန်နေခဲ့သည်ဟု ဒေသခံများကပြောသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မေလ ၁၅ရက်နံနက် တိုင်းတာချက်အရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ယမန်နေ့က ဖြတ်ကျော်ပြီးနောက် အားအနည်းငယ် လျော့ကျသွားပြီဟုမိုးဇလက ထုတ်ပြန်ထားသည်။ နောက်၆နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိပြီး ကချင်ပြည်နယ်တွင် လေ ဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားနိုင်သည်ဟု မိုးဇလက ယနေ့နံနက် ၇နာရီကျော်တွင် ထုတ်ပြန်ထားသည်။ mizzima