မုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးရန် နိုင်ငံတကာကို NUG ဖိတ်ခေါ်

မြန်မာပြည်အတွင်းမှ မုန်တိုင်းသင့်ပြည်သူများကို အကူအညီများပေးကြရန် အမျိုး သားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာနမှ နိုင်ငံတကာကို ဖိတ်ခေါ်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ကာ မုန်တိုင်းရှောင်နေရသည့် ပြည်သူ များကို နိုင်ငံတကာမှအကူအညီပေးနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက်ကြိုးစားနေကြကြောင်း NUG က ဆိုသည်။
“သက်ဆိုင်ရာဝန်ကြီးဌာနတွေက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ မုန်တိုင်းကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက တိုက်ရိုက်အကူအညီပေးဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူဦးကျော်ဇောက မဇ္ဈိမသို့ ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ပြင်းထန်းစွာဖြတ် ကျော်ပြီးနောက် အားကောင်းသောဆိုင်ကလုန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။
သို့သော် မေလ ၁၄ ရက်နေ့ညပိုင်းက ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း တို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့စဉ် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသူ အများအပြားရှိနေသည်။
မုန်တိုင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ဧရာဝတီ တိုင်းတို့တွင် သေဆုံသူငါးဦးရှိခဲ့သည်ဟု NUG ကထုတ်ပြန်ထားသည်။
မုန်တိုင်းဖြတ်သွားသည့်ဒေသများတွင် ဆည်များရေလျှံခြင်း၊ မိုးကြီးခြင်း၊ ချောင်းရေများစီးဆင်ခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်းများဖြစ်ပွားနေသည့်အတွက် ထိခိုက်မှုများစွာရှိခဲ့ပြီး လတ်တလောတွင် စာရင်း ကောက်ယူစုဆောင်းနေဆဲဖြစ်သည်ဟု NUG က ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ရန်ပုံငွေဒေါ်လာတစ်သန်းမတည်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသဆိုင်ရာအဖွဲ့များနှင့် ချိတ် ဆက်ဆောင်ရွက်နေကြောင်း သိရသည်။ mizzima