မုန်တိုင်းအဖျားခတ်သည့် မန္တလေးတွင် သစ်ပင်များပြိုလဲကာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးမြို့တွင် မိုခါမုန်တိုင်း အဖျားခတ်မှုကြောင့် မေလ ၁၄ ရက်နေ့ ညပိုင်းက မိုးသက်လေ ပြင်းများကျရောက်ရာ သစ်ပင်ကြီးများလဲပြိုခဲ့ပြီး နေရာအနှံ့အပြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
“မီးက ညကတည်းကပြတ်သွားတာ၊ လုံးဝကို ပြန်မလာတော့ဘူး၊ သစ်ပင်တွေလဲကျတာကနေ မီးပြတ် သွားတာ အခုမနက်အထိ ပြန်မလာတော့ဘူး။ တစ်ညလုံးလေပြင်းတိုက်လို့ သစ်ပင်ကြီးတွေလဲ နေတာတွေ့တယ်၊ အခုမနက်အထိ ရှင်းလင်းရေး လုပ်နေကြတုန်းပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင်မေလ ၁၄ ရက်နေ့ ည ၈ နာရီခန့်မှစ၍ မိုခါမုန်တိုင်းအဖျားခတ်မှုကြောင့် လေပြင်းနှင့် အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သစ် ပင်ကြီးများလဲပြိုကျခြင်း၊ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်၍ နစ်မြုပ်ခြင်းများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်း ဖြစ်သည်။
“ဆိုးဆိုးရွားရွား ထိမိခိုက်မိတာတွေတော့ မရှိခဲ့ဘူး၊ မိုးလေကျတဲ့အချိန်က ညဘက် လူတွေအပြင်မထွက် တဲ့အချိန်ဆိုတော့ တချို့မြို့တွေမှာဖြစ်ခဲ့သလိုမျိုး သစ်ပင်ပိတာ၊ လူသေတာတွေမဖြစ်ခဲ့ဘူး၊ အရိပ်ရအပင် ကြီးတွေ လဲတာတွေရှိတယ်၊ ပင်စည်ကနေ လဲကျတာမျိုးပေါ့၊ တခြားကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့ပါဘူး” ဟု လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် တရုတ်-မြန်မာနယ် စပ်သို့ရောက်ရှိပြီးနောက် မုန်တိုင်းငယ်အဖြစ် အရှေ့-အရှေ့မြောက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး တရုတ် နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ထုတ်ပြန်ချက်အရ သိရသည်။ mizzima