မဲဆောက်တွင် မီးလောင်သည့် အိမ်မှ လက် နက်ခဲယမ်းတွေ့ရှိ၊ မြန်မာ အမျိုးသား အဖမ်းခံရ

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊ မာလွေအိမ်ယာရှိ လုံးချင်းနေအိမ်တစ်အိမ်တွင် မေလ ၁၄ ရက် နေ့လယ် ၂ နာရီခန့်က မီးလောင်၍ ထိုင်းအာဏာပိုင်များက လာရောက်စစ်ဆေးရာ လက်နက်၊ခဲယမ်းများ တွေ့ရှိခဲ့သည်ဟု သိရသည်။
ထိုနေအိမ်တွင် နေထိုင်သောသူများက ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ထိုင်းအာဏာပိုင်များက အနီးရှိ Safe House များကို စစ်ဆေးရာမှ မြန်မာလူငယ်အမျိုးသား တစ်ဦး အဖမ်းခံခဲ့ရေကြာင်း မဲ့ဆောက်မြို့နေ မြန်မာလူမျိုးများထံက သိရသည်။
“မီးလောင်တဲ့အိမ်ကလူတွေက ဘေးပတ်ဝန်းကျင်နဲ့လည်း သိပ်အဆက်စပ်မရှိဘူး။ သူတို့ဘာသာသူတို့နေတာ။ မြန်မာစကားပြောတာကိုတော့ မြင််ဖူးတွေ့ဖူးကြတယ်။ အိမ်မီးလောင်တယ်ဆိုတော့ ဝါယာလျှော့ပဲထင်နေတာ။ မီးသတ်တို့ ရဲတို့လာမှ မီးဝင်ငြှိမ်းတဲ့အခါ လက်နက်ထုတ်လုပ်ရေးကြောင့် မီးလောင်တယ်ဆိုတာသိရတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။
ထို့ကြောင့် မာလွေအိမ်ယာတွင် မြန်မာလူမျိုးများနေထိုင်သော Safe House များရှိ၍ တရားခံထွက်ပြေးပုန်းရှောင်နိုင်ကြောင်းထိုင်းအာဏာ ပိုင်၊ ရဲများကယူဆကာ ရှာဖွေမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အနီးရှိ လမ်းမ၊ လမ်းသွယ်များကို ပိတ်ဆို့ခဲ့ပြီး အခင်းဖြစ်ပွားသည့် နေအိမ်အနီးဘေး ဘယ်ညာ အိမ်များကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ စစ်မေးရန်လည်း ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်က ဆက်ပြောသည်။
ထို့အပြင် အနီးရှိ လမ်းသွားလမ်းလာများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသော်လည်း ဖမ်းဆီးခံရသူများမှာ မည်သူ၊မည်ဝါဖြစ်ကြောင်းကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ဒီတစ်ခေါက်က အရင်တစ်ခေါက်နဲ့မတူဘူး။ အရင်တစ်ခေါက်က လမ်းလယ်ခေါင်မှာ ထိုင်ခိုင်းထားတာ။ အခုက အခန်းတစ်ခုချင်းစီမှာနေထိုင်တဲ့သူတွေက ကိုယ့်အခန်းရှေ့ထွက်ထိုင်နေရတယ်။ ရဲတွေက အခန်းထဲထိဝင်တယ်။ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့အဝတ်အစားတွေတောင်မရဘူး အကုန်မွှေစစ်တယ်။ ဆန်းရှိတ်ပေါ်၊ အမိုးပေါ်တွေပါတက်စစ်တယ်။ အဲ့ကနေမှ Safe House ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်က မြန်မာလူငယ်တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
Safe House သို့ ထိုင်းအာဏာပိုင်များ ဝင်ရောက်ရှာဖွေချိန်တွင် အဖမ်းခံရသည့် အမျိုးသားမှာ အိပ်ပျော်လျက်ရှိပြီး ၎င်းထံမှ စကုပ်၊ ကျည် ဆန်၊ ခဲ ယမ်းနှင့် ယူနီဖောင်းများရှာဖွေတွေ့ရှိခဲ့သည်ကို ကြားသိရကြောင်း ပြောသည်။
လက်နက်ကိစ္စနှင့် မပတ်သက်သူများကိုတော့ အကုန်ပြန်လွှတ်ပေးခဲ့ပြီး မီးလောင်သည့်နေအိမ်တွင်နေထိုင်ခဲ့သူများကိုတော့ ထိုင်းအာဏာပိုင်များက ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
မီးလောင်သည့် နေအိမ်အတွင်းမှလည်း ဓာတ်ပုံများရှာဖွေတွေ့ရှိခဲ့သဖြင့် ထိုင်းအာဏာပိုင်၊ ရဲများအနေဖြင့် မရမကဖမ်းဆီးမည့်အရိပ်အ ယောင်ကို မြင်ရပြီး ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း တောင်းယူရှာဖွေနေကြောင်း ဆိုသည်။
အဆိုပါကိစ္စဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင်သည့်နည်းလမ်းဖြင့် အခြားသောမြန်မာများနေထိုင်မည့်နေရာများကိုပါ ရှာဖွေမည့်အနေအထားရှိကာ ထိုင်းအာဏာပိုင်၊ရဲများအနေဖြင့် ယနေ့ဖြစ်ရပ်အတွက် ဒေါသဖြစ်ရကြောင်း ရှာဖွေစစ်ဆေးစဉ်က ပြောဆိုပြုမူပုံများကိုကြည့်ခြင်းဖြင့် သိရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။ mizzima