ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့တွင် အိမ် ခြေ ၉၀ ရာခိုင်နှုန်းပျက်စီး

အလွန့်အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည် နယ်မြောက်ပိုင်း ကျောက်တော်မြို့တွင် ကွန်ကရစ်ဖြင့်တည်ဆောက်ထားသည့် အဆောက်အအုံများမှလွဲ၍ အိမ်ခြေ ၉၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီး သည်ဟု သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယမန်နေ့ (မေ ၁၄) မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဗဟိုပြု၍ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်းဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု Joint Typhoon Warning Center ထုတ်ပြန်သည်။ မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သည့် စစ်တွေမြို့အပါအဝင် နေရာအများစုတွင် ဖြစ်ပေါ် ခဲ့သော ထိခိုက်ပျက်စီးမှု အခြအနေကို အသေးစိတ် မသိရပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်မြို့နယ်အတွင်း ရွာလုံးကျွတ်ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ သည့်အပြင် မြို့ပေါ်၌လည်း အပျက် အစီးများသည်ဟု ကျောက်တော်လူငယ်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ကိုကျော်စိုးလွင်က ယနေ့ (မေ ၁၅) နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“မုန်တိုင်းအခြေအနေက တော်တော်ဆိုးဆိုးရွာရွာဖြစ်သွားတယ်။ ရှိသမျှအိမ်အကုန်လန်သွားတယ်။ RC ဆလပ်နဲ့ ဆောက်ထားတဲ့အိမ်ပဲ​ ကျန်တယ်။ ကျန်တဲ့အိမ် အကုန်လုံးပါသွားတယ်။ မြို့ပေါ်မှာ ၉၀ ရခိုင်နှုန်း လောက် ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

“တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင် ပျက်စီးမှုတော်တော်များတယ်။ လောလောဆယ် ကျွန်တော်တို့ (ကုလား တန်မြစ်)အနောက်ဘက်ခြမ်းမှာပဲ ။ အရှေ့ဘက်အခြမ်းကိုတော့ သွားကြည့်လို့မရသေးဘူး” ဟုလည်း ကိုကျော်စိုးလွင်က ပြောသည်။

ယမန်နေ့တွင် ကျောက်တော်မြို့၌ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး အိမ်ပေါ်မှအဆင်း ခြေချော်ကျကာ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ မြို့ပေါ်၌ လူထိခိုက်မှုနည်းသည်ဟုလည်း သိရသည်။

ကျောက်တော်မြို့ပေါ်၌ နေအိမ်အများစု ထိခိုက်ပျက်စီးသည့်အပြင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်သည့် စစ် ရှောင်စခန်းသုံးခု ပျက်စီးသွားသည်ဟုလည်း သိရသည်။

“မြို့ပေါ်မှာ စစ်ရှောင်စခန်းက ၅ ခုရှိတယ်။ ကျွန်တော်တို့ ဒီမနက် ရထားဘူတာ (၁)၊ (၂)၊ ဂဝိရတနာ စခန်း တို့ကို သွားကြည့်တယ်။ ရထားဘူတာ (၁)နဲ့ (၂) ကတော့ အကုန်ပြိုကျသွားပြီ။ ဘာမှရစရာ မရှိတော့ဘူး။ စစ်ရှောင်တွေကိုတော့ မုန်တိုင်းမဝင်ခင် ကြိုရွှေ့ထားလိုက်နိုင်တယ်။ အဆောင်တွေကတော့ ဝါးလုံးတွေ၊ သစ်တွေနဲ့ ဆောင်ထားတာဆိုတော့ ယိုင်နဲ့နေတာ။ ဂဝိရတနာကလည်း ပျက်စီးတယ်”

ကျောက်တော်မြို့နယ် စေတီတောင်ရွာနှင့် အုပ်ကြွပ်ရွာတို့မှ ဒေသခံအချို့ကို ယနေ့ နံနက်ပိုင်း ဆက်သွယ် မေးမြန်းချက်အရ အိမ်ခြေရာနှင့်ချီ ပျက်စီးသွားသည်ဟု သိရသည်။

“ရွာမှာ နည်းနည်းပဲ ကျန်တယ်။ မနေ့က နေ့လည် ၁ နာရီက စဝင်တာ။ အိမ်ခြေ ၁၀၀ လောက်ရှိတာ။ အိမ်တွေတော့ တော်တော်ပျက်စီးသွားတယ်။ စာရင်းတိတိကျကျပြန်ကောက်နေတုန်း။ စာရေး သောက်ရေးကတော့လိုတယ်။ ရောင်းမယ့်ချမယ့်သူလည်း မရှိဘူး” ဟု ကျောက်တော်မြို့နယ် စေတီတောင်ရွာမှ ဒေသခံက ပြောသည်။

အိမ်ခြေ ၂၉၀ ရှိ အုပ်ကြွပ်ရွာ၌ အိမ် ၁၀ လုံးခန့်သာ ကျန်ပြီး အိမ်အများစု ပြိုကျသွားသည်ဟု သိရသည်။

“ကျွန်တော်တို့ရွာက အိမ်ခြေနေ ၂၉၀ ရှိတာ။ ၁၀ ဆောင်ပဲကျန်တော့တယ်။ ဘုန်းကြီးကျောင်းနှစ် ကျောင်းကလည်း ခေါင်မိုးတွေ အကုန်လုံးပါသွားတာ။ ရွာအနေအထားတော့ အကုန်လုံးလန့်နေ ကြတုန်း။ ရွာသား တွေကတော့ ခေါင်းမိုးတွေ အကုန်လုံးပါသွားတဲ့ ကျောင်းနဲ့ အိမ်တွေမှာပဲ နေတာ။ ကြိုတင်ဝယ်ထားတဲ့ မိုးကာလေးတွေပြန်မိုးပြီးနေကြတာ။ ကျန်ခဲ့တဲ့ အိမ် ၁၀ ဆောင်ကလည်း ခေါင်မိုးတွေပါသွားတာ။ အုပ်တပ်တိုက်တွေမို့ ကျန်ခဲ့တာ” ဟု အုပ်ကြွပ်ရွာသားတစ်ဦးက ပြောသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန် ခြင်း မရှိသေးပေ။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနဩ၏ ယနေ့ နံနက်ပိုင်း ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန် တိုင်း မိုခါသည် အားလျော့သွားက စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ အနီးမှ မြောက်ဘက်နှင့် အရှေ့ ဘက်ကို ဆက်လက်ရွေ့လျားနေပြီး နောက် ၆ နာရီအတွင်း ကုန်းတွင်းပိုင်း မုန်တိုင်းငယ်အဖြစ် အားလျော့ သွားနိုင်သည်ဟု ဆိုသည်။

စစ်ကိုင်း၊ မန္တလေး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို မုန်တိုင်း ဖြတ်ကျော်ပြီးဒေသများအဖြစ် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်းလည်း မိုးဇလ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s