ရေးမြို့နယ်တွင် ဝါပသဲရွာနှင့် PDF စခန်းများကို လေကြောင်းမှ ကင်းထောက်၊ လက်နက် ကြီးဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ဝါပသဲကျေးရွာနဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်နဲ့ နေ့စဉ်ကင်းထောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “စစ်တပ်က မြေပြင်ကနေ ၂ ည ဆက်တိုက်တော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်နဲ့ရော ရေးမြောက်ပိုင်းဘက်ရွာတွေဘက်ကို ပစ်ခတ်နေခဲ့တာ။ ထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်
မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်တွေမှာ ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနားက PDF စခန်းတစ်ခုနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ကင်းထောက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မြောက်ပိုင်းက ပြောပါတယ်။
တစ်ရက်လျှင်အနည်ဆုံး ၅ ကြိမ်ထက်မနည်း ကင်းထောက်တာတွေရှိတဲ့အပြင် ဗုံးကြဲမှာ စိုးရိမ်တဲ့အတွက် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်း စခန်းကနေ ထွက်ခွာပြီး ဖြန့်ကြက်ထားရတယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးဆုံးရှုံးသွားရသလို PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB