Monthly Archives: May 2023

စစ်တွေရှိ ရိုဟင်ဂျာဒုက္ခသည်များ မုန်တိုင်းအတွင်း ရေနစ်သေဆုံးပြီး ပျောက်ဆုံးမှုများလည်း ရှိနေကြောင်း ကုလပြောကြား

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် သေဆုံးမှုများရှိနေသည့်အပေါ် စိစစ်ရန် ကြိုးပမ်းနေဆဲဖြစ်ကာ ပျောက်ဆုံးနေသူ အများအပြားရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) တာဝန်ရှိသူက ယနေ့ (မေ ၁၆) ပြောသည်။

“ရခိုင်ပြည်နယ်နဲ့ အခြား မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ သေဆုံးမှုတွေရှိနေတဲ့အကြောင်း သိရတဲ့အတွက် UNHCR အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ကနဦးရတဲ့အချက်အလက်တွေအရ ဒုက္ခသည်စခန်းတွေမှာ ရေနစ်သေဆုံးကြတာပါ။ ပျောက်ဆုံးနေတာတွေလည်း ရှိပါတယ်” ဟု UNHCR ၏ ပြန်ကြားရေးအရာရှိ Reuben Lim က ဆိုသည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် UNHCR အနေဖြင့် ဒုက္ခသည်စခန်းများကို ဝင်ရောက် စိစစ်နိုင်ရေး ကြိုးပမ်းနေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းအချို့ကို Myanmar Now က ယနေ့ သွားရောက်စုံစမ်းစဉ် ဘုမေ (ဘာဆာ) ရပ်ကွက်နှင့် အနီးတစ်ဝိုက်တွင် သေဆုံးသူ ၂၀ ထက်မနည်း ရှိနေသည်ကို ကနဦးသိရှိရသည်။

ဘုမေ (ဘာဆာရာ) အကွက် (၁၇) တွင် သေဆုံးသူများအနက် အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ချူနားမေ (၅၀ နှစ်)၊ ဘာနု (၆၅ နှစ်)၊ ချောဂျီဒါ (၂၅ နှစ်)၊ အဒူဂေါ်နီ (၄၀ နှစ်)၊ မဇူရ (၄၅ နှစ်) တို့ ဖြစ်သည်ဟု ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သူ ရော်အေးမျာက

အတည်ပြုသည်။

၂၀၂၂ ပြည့်နှစ်က စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခုရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိနေသည်။

မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်များ သေဆုံးခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့အနီးမှနေ၍ တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်တိုက်ထွက်ပေါ်နေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ ဒေသခံများ ခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှုကြောင့် သေဆုံးသူ ၁၄ ဦး ရှိသည်ဟု လွှတ် တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

မုန်တိုင်းတိုက်ခတ်ချိန်တွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် ဆက်နေသည့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းရှိ အနိမ့်ပိုင်းဒေသများတွင် မုန်တိုင်းဒီရေလှိုင်းသည် ၉ ပေမှ ၉ ပေခွဲအထိ မြင့်တက်ခဲ့ကြောင်း၊ စစ်တွေမြို့နေရာအများအပြားတွင် ရေလွှမ်းမိုးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ နောက် ဆုံးထုတ်ပြန်ချက်အရ သိရှိရသည်။

မုန်တိုင်းကြောင့် စစ်တွေ၊ မြောက်ဦး၊ ဂွနှင့် ရခိုင်ပြည်နယ်မှ အခြားမြို့များတွင် လျှပ်စစ်ဓာတ်အားပေးတိုင်များ လဲကျခြင်း၊ အိမ်အချို့ အလုံးလိုက်ပြိုကျခြင်းနှင့် အိမ်အမိုးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ myanmar now

မိုးကောင်းမြို့အပါအဝင် PDF အားကောင်းသော နေရာများတင် လက်နက်ဖြင့် အလင်း ဝင်လျှင် ဆုငွေ ချီးမြှင့်ဆိုသော စာများ ဓာတ်တိုင်များတွင် စစ်တပ်က တိတ်တဆိတ်လိုက်ကပ်ပြီး ထွက်ပြေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့အပါအဝင် PDF အားကောင်းသော နေရာများတင် လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေ ချီးမြှင့်ဆိုသော စာများ ဓာတ်တိုင်များတွင် စစ်တပ်က တိတ်တဆိတ်လိုက်ကပ်ပြီး ထွက်ပြေးနေကြောင်း မျက်မြင်တွေ့ရှိသူ ပြည်သူများက ပြောသည်။

မေလ ၁၄ ရက်နေ့ မိုးကောင်းမြို့ အတွင်း စစ်ကောင်စီ လက်အောက်ခံများက PDF အဖွဲ့ဝင်များ လက်နက်နှင့်တကွ လာရောက် အလင်းဝင်ပါက ဆုကြေး ချီးမြင့်မည်ဆိုသော စာများကို မိုးကောင်းမြို့ လူစည်ကားသော မိုးကောင်းမြို့မ စည်ပင်ဈေး လမ်းဆုံနှင့် အထက ၂ စာသင် ကျောင်းရှေ့များတွင် အများမြင်သာအောင် ဗွီနိုင်းများ ညအချိန် ခိုးကြောင်၊ ခိုးဝှက် လာစိုက်ပြီး ကားများနှင့် အမြန်ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

” ဖားကန့်သွားတဲ့လမ်းက နန့်တိန့် အကျော်မှာ KPDF၊ KIA နဲ့ ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း ၁၀၀ တို့ KIA ရင်း 44 ဂွင်ထဲမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ကြတယ်လေ၊ တိုက်ပွဲသတင်းက မိုးကောင်းမြို့ကို ချက်ချင်းရောက်တော့ ဒီကောင်တွေ့ လန့်နေကြတာ၊ ပြီးတော့ ထ၂ စာသင်ကျောင်းထဲ ညည ကင်းပုန်းလာလာဝပ်ကြတယ်၊ ဘယ်နေ့ အထုခံရမလဲမသိဘူး၊ KPDF ဘက်က ကျောင်းထဲက အစောင့်မိသားစုတွေရှိနေတော့ မလုပ်ချင်ကြလို့၊ တစ်ကယ်ဆော်ရင် မလွယ်ဘူး၊ ကျောင်းနဲ့ အိမ်တွေ့က ကပ်နေတော့ အဲအခွင့်အရေးကို စစ်ခွေးတွေက အရယူပြီး ကာဗာလုပ်နေကြတာ၊ အဲဒါကို အဲဒီလို အလင်းဝင်ဖို့ စာတွေ ခိုးကြောင်ခိုးဝှက် လာကပ်နေတာ။ ပြီးတော့ ပြေးတာတန်းနေတာပဲ ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ မေလ ၁၁ ရက်နေ့မှ စတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် PDF များ လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေ ချီးမြှင့် ဆိုသော စာများ ဓာတ်တိုင်နှင့် ကားမှတ်တိုင်များတွင် စစ်တပ်က လိုက်ကပ်နေခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက PDF များ အပါအဝင် လက်နက်ကိုင်အဖွဲ့များတွင် ရောက်ရှိနေသူများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြရန်၊ လက်နက်နှင့်ခဲယမ်းများ ယူဆောင်လာပါက ဆုကြေးငွေ ၂ သိန်းမှ ၇၅ သိန်းကျပ်အထိ ပေးမည်ဟု မေလ ၉ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ကြေညာချက်ကို မြို့ကြီးများရှိ လူစည်ကားရာ ဓာတ်တိုင်၊ ကားမှတ်တိုင်များတွင် လိုက် လံ ကပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးမှာတော့ စစ်တပ်က ကြောက်ချီးပန်းပြီး စာတွေလိုက်ကပ်နေပါတယ်။ ဓာတ်တိုင်တွေမှာ။ ပျူခွေးတွေလည်း ပါတယ်။ စာကပ်တဲ့အ ထဲမှာ။ ကား၃စီးနဲ့ စစ်ခွေး ၈ ယောက်၊ သေနတ်တွေရော ဓားတွေရော လွယ်ပြီး စာတွေ လိုက်ကပ်နေတာ” ဟု မန္တလေးဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ယင်းစစ်ကောင်စီ၏ PDF များကို ပြန်လည် ဖိတ်ခေါ်သည့် ကြေညာချက်ကို လူစည်ကားရာ နေရာများ၊ ကားမှတ်တိုင်များ၊ ဓာတ်တိုင်များ ကပ်ခြင်း၊ ဖြန့်ဝေခြင်းပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားမှုများရှိကြောင်း သိရှိရသည်။

“မြို့နယ်က PDF တွေ လက်နက်နဲ့လာရင် ဆုပေးမယ်ဆိုတဲ့ ကြေညာချက်တွေ ကပ်ခိုင်းတယ်။ ကျနော်တို့ မကပ်ရဲဘူး။ လုံခြုံရေး မရှိဘဲ သွားကပ်ရင် ကိုယ့် အလုပ်ခံရမှာပေါ့။ မြို့နယ်က ဆင်းလာရင်တော့ အဖော်လိုက်ပေးရမယ်ထင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက် ရာအိမ်မှူးတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့်ဥပဒေနှင့်ကြေညာချက်၊ PDF များ လက်နက်နှင့် အလင်းဝင်လျှင် ဆုကြေးငွေပေးမည်ဆိုသော ကြေညာချက်တို့ကို မေလ ၉ ရက်နေ့တွင် ရှေ့ဆင့် နောက်ဆင့် ထုတ်ပြန်ခဲ့သည်။ khit thit

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများကို စင်ကာပူက ကန်ဒေါ်လာ ၅၀,၀၀၀ ကူညီမည်

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာပြည်သူတွေကို စင်ကာပူ ကြက်ခြေနီအသင်းက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့ကူညီသွားမယ်လို့ သည်စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကတဆင့် သိရတယ်လို့ ဆိုပါတယ်။

စင်ကာပူ ကြက်ခြေနီအသင်းရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ ဘင်ဂျမင် ဝီလျံက “ဆိုင်ကလုန်း မိုခါရဲ့ နောက် ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျနော်တို့ အရမ်းစိုးရိမ်မိပါတယ်။ ကနဦး အကဲဖြတ်မှုတွေအရ ပျက်စီးဆုံးရှုံးမှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး ရခိုင်ပြည်နယ်က ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် အရင်ကတည်းက ထိခိုက်လွယ်တဲ့ အသိုက်အဝန်းတွေကြားမှာ လိုအပ်ချက်တွေ မြင့်တက်လာပါလိမ့်မယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံကြက် ခြေနီအသင်းနဲ့ နီးကပ်စွာ ဆက်လက်လုပ်ဆောင်နေတာကြောင့် နောက်ထပ် ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့ အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတော့ လတ်တလောမှာ အရေးပေါ်ကူညီကယ်ဆယ်ရေး စင်တာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်ထားပြီးတော့ စေတနာ့ဝန်ထမ်း ၇၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစားအစာနဲ့ သောက်ရေသန့် စတဲ့ အရေးပေါ်ထောက်ပံ့ကူညီမှုတွေကို လုပ်ဆောင်ထားပြီးတော့ မုန်တိုင်းသင့် ပြည်သူ ၁ ဒသမ ၂ သန်းကျော်ကို ကယ်ဆယ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်း ပြင်းအားအဆင့် ၅ ရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တော် စစ်တွေမြို့ကို ၁ နာရီ လေတိုက်နှုန်း မိုင် ၁၃၀ နဲ့ ဝင်ရောက်ခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် ဒီရေလှိုင်းတွေနဲ့အတူ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ၊ ရေကြီးရေလျှံ မြေပြိုတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အေပီသတင်းတပုဒ်မှာတော့ ဒါဟာ မြန်မာနိုင်ငံကိုဝင်ရောက်တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတခုဖြစ်ပြီး အနည်းဆုံး လူ ၆ ယောက် သေဆုံးကာ အယောက် ၇၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း ပင်လယ်ပြင်ထဲ ပိတ်မိနေတဲ့ လူပေါင်း ၁,၀၀၀ လောက်ကို ကယ် ဆယ်ခဲ့ရတယ်လို့ မေ ၁၅ ရက်မှာ ပြောထားပါတယ်။

တချို့သတင်းရင်းမြစ်တွေမှာတော့ မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၂၉ ယောက် သေဆုံးခဲ့ပြီး အသေးစိတ် သေဆုံးသူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတော့ မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်း တွေလည်း ထိခိုက်ပျက်စီးသွားပြီး လူ ၁၀၀ ကျော် သေ ဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

NUG အစိုးရကတော့ မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်းကို ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါပံ့ပိုးမှုတွေကိုတော့ NUG အစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လက်အောက်ကနေ မြေပြင်စာရင်းဇယားကောက်ယူတာ၊ အပျက်အစီးတွေ ရှင်းလင်းတာ၊ ယာယီအမိုးအကာတွေ ဖန်တီးပေးတာ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးတာတွေနဲ့ Lifelines တွေ ပြန်လည်ချိတ်ဆက်ရေး ကိစ္စတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလော အရေးပေါ် လိုအပ်ချက်တွေအနေနဲ့ကတော့ ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အများစုမှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဘေးသင့်ပြည်သူတွေအနေနဲ့ သတင်းအချက်အလက် ရရှိဖို့နဲ့ ကယ်ဆယ်ရေးအကူအညီတွေ တောင်းခံဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ DVB

“မိုခါ”မုန်တိုင်းကြောင့် မင်းတပ်မြို့နယ် မအောင်းရွာတွင် လူနေအိမ် ၁၄လုံးနှင့် စပါးကျီ ၉ လုံး ထိခိုက်ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်မြို့နယ်၊ မအောင်းရွာတွင် မိုခါမုန်တိုင်းကြောင့် ဒေသခံလူနေအိမ် ၁၄လုံးနှင့် စပါးကျီကိုးလုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၄ရက်နေ့မှစ၍ ချင်းပြည်နယ်တွင် တိုက်ခတ်လာသော ဆိုင်ကလုန်း မုန်တိုင်း (MOCHA) ကြောင့် မင်းတပ်မြို့နယ်ထဲမှ ကျေးရွာအချို့ထိခိုက်ပျက်စီးခဲ့ပြီး ကံကောင်းစွာဖြင့် မုန်တိုင်းကြောင့်သေဆုံးသူမရှိ ဟုလည်း ကနဦးသိရှိထားရပါသည်ဟု Mindat Township IDPs Camp Management Committee မှ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် တိုက်နယ် (၁၀)ရှိ မအောင်းရွာတွင် အခြေခံပညာစာသင်ကျောင်း နှင့် ဝန်ထမ်းအိမ်ရာများ၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနှင့် ဓမ္မအမှုတော်ဆောင် ဆရာများ၏နေအိမ်များအပါအဝင် ဒေသခံလူနေအိမ် ၁၄ လုံးပျက်စီးသွားပြီး စပါးကျီ ကိုးလုံးလည်း အမိုး အကာများ ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံ Ko HKL (မင်းတပ်) ထံမှ သိရသည်။

“စကစရဲ့ ဖြတ်လေးဖြတ်ကြောင့် မုန်တိုင်းရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုက အားနည်းပါတယ် ။ ဒါကြောင့်မုန်တိုင်း မဖြစ်ခင်ကူညီမှာက မရတော့ပါဘူး။ မုန်တိုင်းဖြတ်ပြီးနောက်ဆက်တွဲကိုပဲ ကူညီလို့ရမှာပါ။ အခုလိုပျက်စီးဆုံးရှုံးမှုတွေအတွက် တတ်နိုင်သလောက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။” ဟု Mindat IDP မှ အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ကဆိုသည်။

ယခုရရှိထားသော စာရင်းသည် မင်းတပ်မြို့နယ်ရှိ မအောင်းရွာတစ်ရွာတည်းမှ ပျက်စီးဆုံးရှုံးမှုစာရင်းဖြစ်ပြီး လက်ရှိမြေပြင်တွင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုစာရင်း များနိုင်ကြောင်းသိရသည်။

ထို့အပြင် မင်းတပ်မြို့နယ် တိုက်နယ် (၁၃) အတွင်းရှိ ကျေးရွာများတွင်လည်း မိုခါမုန်တိုင်းကြောင့် အပျက်အစီးများရှိခဲ့ပြီး အသေးစိတ်အ ခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Mindat IDP ကော်မတီအနေဖြင့် မုန်တိုင်းဒဏ်ခံစားရသော ကျေးရွာများထံ ကွင်းဆင်းလေ့လာပြီး အကူအညီအထောက်အပံ့များရရှိရေးအ တွက်ကြိုးစားသွားပါမည်ဖြစ်ကြောင်း ၊ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုပါက ၎င်းတို့အဖွဲ့ကို ဆက်သွယ်နိုင်ကြောင်း အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးက ဆိုသည်။ mizzima

မိုခါ မုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်တွင် ပြည်သူ ၁၅ ဦးသေဆုံးကြောင်း ကနဦးသိရ၊ မြို့နယ် တစ်ခုလုံး ၉၅ ရာခိုင်နှုန်း ပျက်စီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မိုခါ မုန်တိုင်းဒဏ်ကြောင့် ပြည်သူ ၁၅ ဦးသေဆုံး​ ကြောင်း ကနဦးသိရသည်ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ဒုံးပိုက်ကျေးရွာ မှ ပြည်သူ ၁၃ ဦးနှင့် မြင်းကန်းချောင်းရွာမှ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရသေ့တောင်မြို့နယ် အတွင်း မုန်တိုင်း ဒဏ်ကြောင့် ၉၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးမှု ရှိကြောင်း သိရသည်။

ဒုံးပိုက်ကျေးရွာ သေဆုံးသူ ၁၃ ဦးမှာ အသက် ၇၆ နှစ်အရွယ် ဒေါ် လှသိန်းယဉ်၊ အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်သန်းမြ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဆန်းဦး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်လှရွှေသိန်း၊ အသက် ၄၅ နှစ်အရွယ် ဒေါ်နွဲ့လှိုင်ဦး၊ အသက် ၆၅ နှစ်အရွယ် ဦးကျော်ထွန်း၊ အသက် ၆၈ နှစ်အရွယ် ဦးမောင်ကျော်အောင်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်မြရီ၊ အသက် ၆၈ နှစ်အရွယ် ဒေါ်စိုးတင်ရီ၊ အသက် ၈၂ နှစ်အရွယ် ဦးမောင်စောညွှန့်၊ အသက် ၆၂ နှစ်အရွယ် ဒေါ်မခင်မြင့်၊ အသက် ၇ နှစ် အရွယ် မခင်သဇင်ထွန်း၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မချစ် တို့ဖြစ် ကြောင်း၊ ထို့ပြင် မြင်းကန်းချောင်းရွာမှ သားအမိ ၂ ဦးလည်း သေဆုံးခဲ့ကာ အမည်မသိရသေးကြောင်း သိရသည်။

” ရသေ့တောင် တစ်မြို့နယ်လုံး ပျက်စီးမှုက ၉၅ ရာခိုင်နှုန်းရှိတယ်။ လောလောဆယ် အတည်ပြုနိုင်တာ ပြည်သူ ၁၅ ဦးသေဆုံးတယ်လို့ပဲ အတည်ပြုနိုင်သေးတယ်။ ရသေ့တောင်မှာလည်း အကုန်နီးပါးကို ပျက်စီးကုန်တာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။ khit thit

မိုခါမုန်တိုင်းသင့် စစ်တွေမြို့တွင် ကုန်ပစ္စည်းများ စျေးတင်ရောင်းချနေ

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးမှုတွေကြား မေ ၁၄ ရက် ညနေက စစ်တွေမြို့မှာ ကုန်စျေးနှုန်းတင်ရောင်းချမှုတွေ ရှိခဲ့ကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ခံတဦးက “အခြေခံစားကုန်များထဲကဆို ဂေါ်ဖီထုပ် ၁ ထုပ် ၁၀,၀၀၀၊ ကြက်ဥ ၁ လုံး ၁,၀၀၀ တွေ ဖြစ်သွားတယ်လေ။ ဓာတ်ဆီကျ ၁ လီတာ ၅,၀၀၀ ပေးရတယ်။ ဒီလို အချိန်မှာ အဲလို လောဘတက်နေတာတော့ မကောင်းပါဘူး” လို့ ပြောပါတယ်။

မုန်တိုင်းပြီးစအချိန်တွေမှာဆို အပျက်အစီးတွေကြား သွားလာရတာကခက်၊ တနေရာနဲ့တနေရာ သွားလာရတာက လမ်းတွေကဝေးနဲ့ ကား ဆိုင်ကယ်တွေ သုံးလို့မရချိန် ကုန်စျေးနှုန်းတွေ တင်ရောင်းတာကြောင့် အဲလို စျေးတင်ရောင်းတဲ့ဆိုင်တွေကို စာရင်းမှတ်ထားကြဖို့၊ သပိတ် မှောက်ဖို့ အချင်းချင်း သတိပေးရတယ်။ တချို့သူတွေကတော့ ဖုန်းဆင်းမ်ကတ် စျေးလျှော့ရောင်းပေးတာမျိုး၊ သံ သွပ်တွေ စျေးအဆင်ပြေအောင် လုပ်ပေးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က ဘယ်လိုအမိန့်ထုတ်ထားလဲတော့ မသိဘူး။ အေအေဘက်ကတော့ စျေးတင်မရောင်းဖို့ အမြတ်ကြီးစားတာတွေ မလုပ်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေတ္တာရပ်ခံထားတယ်” လို့ စစ်တွေဒေသခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

အီးပီစီဓာတ်တိုင်တွေလည်း ၅၀ ရာခိုင်နှုန်းလောက်ကို လဲကုန်တော့ လျှပ်စစ်မီးရဖို့လည်း မလွယ်ကူသေးဘဲ MPT ဖုန်းလိုင်းရတဲ့ နေရာတချို့ရှိနေပေမဲ့ ဆက်သွယ်ဖို့ မလွယ်ကူကြောင်းလည်း သိရပါတယ်။ DVB

တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက တရုတ်ကွန် မြူနစ် အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြ

khit thit

မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်တွင် အလှူကောက်ခံမှုများရှိနေ

မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခဲ့သည့် “မိုခါ” မုန်တိုင်းကို အကြောင်းပြကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ယနေ့ မေလ ၁၆ ရက်နေ့၌ အလှူငွေကောက်ခံမှုများရှိနေကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်၊

“လမ်းထဲမှာ အလှူလိုက်ခံနေတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသများအတွက်ဆိုပြီး ပုံမှန်ရပ်ကွက်ထဲအလှူခံ‌နေကျ လူကြီးတွေမဟုတ်ဘူး။ ၂၀၀ လှူတာကအစ မိုက်‌နဲ့အော်နေတယ် စိတ်ညစ်တယ်။” ဟူ၍ မေတ္တာညွန့်ရပ်ကွက်ရှိ လမ်းတစ်ခုတွင်နေထိုင်သော ဒေသခံက မဇ္ဈိမကို ပြောသည်။

အလှူကောက်ခံသူများမှာ ဆိုက်ကားပေါ်တွင် လော်စပီကာတင်ထားကာ ခုနစ်ယောက်ခန့် လှည့်ပတ်ကောက်ခံနေခြင်းဖြစ်ပြီး ဦးထုပ်များဆောင်းထားသဖြင့် မျက်နှာကိုမမြင်ရသော်လည်း သက်လတ်ပိုင်းအရွယ်ရှိသူများဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။ အလှူခံရာတွင်လည်း ခပ်သွက်သွက်ကောက်ခံပြီး လမ်းထဲမှ ထွက်သွားကြခြင်းဖြစ်သည်ဟုဆိုသည်။

တာမွေမြို့နယ်၏ နယ်မြေခံသတင်းများကိုဖော်ပြနေသော တယ်လီဂရမ်ချန်နယ်တစ်ခုတွင်တော့ ယနေ့ တွင် အလှူခံများ တာမွေမြို့နယ်အတွင်းဝင်ရောက်လာမှုနှင့်ပတ်သက်၍ “မုန်တိုင်းအပြီး ရခိုင်ပြည်နယ်အတွက်ဟုဆိုကာ ရပ်ကွက်ရုံးမှ သူတောင်းစားများ လမ်းအလိုက် အလှူငွေ မတရား ကောက်ခံနေကြောင်း သိရှိရ” ဟု၍ ဖော်ပြထားသည်ကို တွေ့ရသည်။ mizzima

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် မုန်တိုင်းဒီရေ ပေ ၃၀ ခန့် တက်ခဲ့ပြီး အိမ်ခြေ ၃၈၀ ရှိ ဗေဒါရိုဟင်ဂျာဒုက္ခသည်စခန်းတွင် အိမ် ၆ လုံးသာကျန်ပြီး ကျန်အိမ်များ အစအန ပျောက်သွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် မုန်တိုင်းဒီရေ ပေ ၃၀ ခန့် တက်ခဲ့ပြီး အိမ် ၃၈၀ ရှိ ဗေဒါရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေအိမ် ၆ လုံးသာကျန်ပြီး ကျန်အိမ်များ အစအန ပျောက်သွားခဲ့ကြောင်း၊ လတ်တလော သေဆုံးသူ ၁၁၈ ဦးအတည်ပြုနိုင်ပြီး ၄၀၀ ကျော်ပျောက်ဆုံးနေကြောင်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောဆိုသည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ရိုဟင်ဂျာဒုက္ခသည်စခန်း ၅ ခုမှ သေဆုံးစာရင်း ၁၁၈ ဦးရှိပြီး ပျောက်ဆုံး နေသူများစွာ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

“ရိုဟင်ဂျာဒုက္ခသည်စခန်း (၅) ခုကို လူကိုယ်တိုင်သွားရောက်ပြီး ရရှိတဲ့ စာရင်းဇယားအရ ဘော်ဂါဒီဗ် (ဗေဒါ) နဲ့ ဒါးပိုင် အကွက် (၃) မှာ ၅၇ ဦး သေဆုံးတယ်။ ဘဆာရာမှာ ၁၇ ဦး သေဆုံးတယ်။ ဘော်ဒူဖာမှာ ၃၁ ဦး သေဆုံးတယ်။

သက်ကယ်ပြင်မှာ ၃ ဦးသေဆုံးတယ်။ အခြားနေရာက သေဆုံးသူ (၁၀) ဦးရဲ့ အလောင်းများ ရောက်ရှိတယ်။ ဒါက (၅) နေရာက စာရင်းဖြစ်ပါတယ်။ ဒီ (၅)​ နေရာမှာတင် ၁၁၈ ဦး သေဆုံးပါတယ်။ စာရင်းမကောက်ရသေးတာတွေလည်း ရှိတယ်။ အခြား ဒုက္ခသည်စခန်းတွေလည်း အ များကြီးကျန်နေပါသေးတယ်။ သေဆုံးတဲ့ အရေအတွက်က ခန့်မှန်းတဲ့အတိုင်း ၄၀၀ ကျော်လောက် ဖြစ်နိုင်တယ်။ ဘော်ဂါဒီဗ် (ဗေဒါ) ဒုက္ခ သည်စခန်းမှာ နေအိမ် ၃၈၀ ရှိတာမှာ ၆ အိမ်လောက်သာ အပျက်အစီးအတိုင်း မြင်နေရပြီး၊ ကျန်တာတွေကတော့ လုံးဝပျက်စီးပြီး အစအနတောင် ရှာမရတော့ဘူး။ ရေက အနည်းဆုံး ပေ ၃၀ အထိလောက် တက်ခဲ့တယ်လို့ သိရတယ်” ဟု ရိုနေဆန်းလွင်က ပြောဆိုသည်။

မုန်တိုင်းဒီရေကြောင့် ရိုဟင်ဂျာ ရာချီ သေဆုံးမှုများပြားရခြင်းမှာ ကမ်းစပ်အနားရှိ ဒုက္ခသည်စခန်းများ အချိန်မီ ပြောင်းရွှေ့ခွင့်မရရှိခဲ့ခြင်းကြောင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မေလ ၁၄ ရက်နေ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မွတ်စလင်ကျေးရွာများမှ ရိုဟင်ဂျာပြည်သူများ မျှောပါသေဆုံးမှုများ၊ ပျောက်ဆုံးမှုများစွာရှိနေကြောင်း ဒေသပြည်သူများနှင့် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း မုန်တိုင်းဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းစဉ် မွတ်စလင် ကျေးရွာများ မုန်တိုင်းဒီရေနှင့်အတူ ရိုဟင်ဂျာ ပြည်သူ အများအပြား မျှောပါသေဆုံးမှုများ ရှိခြင်းဖြစ်ကြောင်း သဲချောင်း၊ ဒါးပိုင်ကျေးရွာမှ ရိုဟင်ဂျာများနှင့်အတူ အဆက်အသွယ်ရှိနေသူ အကူအညီပေးရေးသမားတစ်ဦးက ပြောသည်။

“စစ်တွေ ကမ်းနားဘက် သဲချောင်းနဲ့ ဒါးပိုင်ဘက်မှာ အသေအပျောက်များတယ်။ ပျောက်ဆုံးနေတာတွေလည်းများတယ်။ အရေအတွက်က တချို့လည်း မုန်တိုင်းကြောက်ပြီး ပြောင်းရွှေ့ကြတော့ ပြန်မလာသေးတာတွေကြောင့် အတိအကျ မရေတွက်နိုင်သေးဘူး။ ဆယ်ဂဏန်းအ ထက်မှာ သေဆုံးမှု ရှိ​နေပါတယ်။ သေဆုံးတာက မုန်တိုင်းဒီရေတွေ တဟုန်ထိုးတက်လာပြီးတော့ လှိုင်းတွေနဲ့ မျှောသွားတာ” ဟု အကူအညီပေးရေးသမားက ပြောသည်။

ုစစ်တွေမြို့မှ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီး၊ ကလေးသူငယ် ၄၀၀ ကျော် ရေနစ် သေဆုံးသည်ဆိုသော သတင်းများ ရရှိထားကြောင်း၊ ကယ်ဆယ်ရေး မသွားနိုင်သေးဘဲ သဲချောင်း၊ ဒါးပိုင် ရော်ဘာခြံနှင့် မင်းဂံသွားလမ်း တံတားများ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ စာရင်းဇယားများအရ စံပြကျေးရွာမှ ၅၀ ဦး၊ ဗေဒမှ ၁၁၀ ဦး၊ ဒါးပိုင်မှ ၂၀၀ နီးပါး ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်၊ တခြားမှ ၅၀ နီးပါး ရေမျှောပြီး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ နောက်ဆုံး စုံစမ်းမှုများအရ သေဆုံးသူများအတွက် အမျိုးသမီးများနှင့်ကလေးများ အများဆုံး ပါဝင်ပြီး အချိန်မီ ပြောင်း ရွှေ့ခွင့်မရခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။ khit thit

မိုခါ မုန်တိုင်းဒဏ်သင့် မံစီမြို့နယ် မိုင်ကုန်ကျေးရွာက နေအိမ်များ ပြန်လည်ပြင်ဆင်နေ

ကချင်ပြည်နယ်၊ မံစီမြို့နယ်က မိုင်ကုန်ကျေးရွာဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တရွာလုံးနီးပါး ပျက်စီးခဲ့ရပြီး မုန်တိုင်းလွန်ကာလ မေ ၁၅ ရက်က ရရာပစ္စည်းတွေနဲ့ အိမ်တွေကို ပြုပြင်နေရကြောင်း သိရပါတယ်။

ဘာသာရေးခေါင်းဆောင်တဦးက “ဘာသာရေး လူမှုရေး အကြီးအကဲတွေနဲ့ ရွာသားတွေ မနေ့ကတည်းက ပြင်ဆင်နေကြတယ်။ သွပ်တွေ ဘာတွေ အသစ်မဖြစ်နိုင်ပါဘူး။ အပေါက်အပြဲတွေ လက်ကျန်ပစ္စည်းတွေနဲ့ပဲ ပြင်ဆင်နေရတာပါ။ ပြင်နေရင်း မိုးတွေရွာတော့ အဆင်မပြေဘူးပေါ့” လို့ ပြောပါတယ်။

ဆေးပေးခန်း ပျက်စီးသွားသလို စပါးပုံတွေလည်း မိုးစိုကုန်တယ်။ မိုးဆက်ရွာနေတော့ မိုးတွင်းစာလည်း စပါးအပုပ်စားရတော့မယ့် အနေအ ထား ဖြစ်နေကြောင်း၊ သစ်ကြားသီးပင်တွေလည်း ကျိုးကျကုန်ပြီး လေပြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ရတာကြောင့် အရမ်းထိတ်လန့်ခဲ့ရကြောင်းလည်း ဆိုပါတယ်။ 

အိမ်ခြေ ၄၃ အိမ်ရှိပြီး လူဦးရေ ၃၅၀ ‌နေထိုင်တဲ့ မိုင်ကုန်ကျေးရွာဟာ ရွာသက်ရင့်ကျေးရွာတရွာ ဖြစ်ပေမဲ့ ခုချိန်ထိ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့တဲ့ အနေအထားမှာ မရှိတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။

အဲဒီရွာမှာ MEC ဆင်းမ်ကတ်ကလွဲရင် ကျန်တဲ့ အော်ပရေတာတွေကျ လိုင်းမိတဲ့နေရာထိ သွားရပြီး ဆိိုလာဘက်ထရီမီးကိုပဲ အသုံးပြုနေရကြောင်းလည်း သိရပါတယ်။ DVB

« Older Entries