ကျားဖြူစစ်ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် PDF ၃၀ ခန့် သေဆုံးဟု သတင်းမှားဖြန့်

ကျားဖြူစစ်ကြောင်း လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၃၀ ခန့်သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိထားကြောင်း ဖြန့်ဝေနေကြသည်။ ယင်းမှာ အချက်အလက် မှားယွင်း နေသည်။
စစ်ကောင်စီတပ်ကို ထောက်ခံကြောင်းတင်လေ့ရှိသည့် “Ko Thet” တယ်လီဂရမ်ချန်နယ်တွင် မေလ ၇ ရက်နေ့က “သေသွားတာတောင် အဖက်မလုပ်ခံရတဲ့ ကျားဖြူ PDF များ” ဟု မွန်ပြည်နယ် ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ PDF စခန်းတစ်ခုအား စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ PDF ၁၅ ဦး နေရာတွင်သေဆုံးခဲ့ပြီး လမ်းတွင်သေဆုံးသူ စုစုပေါင်း ၂၀ဦး ရှိကြောင်း၊ ဝင်းဇော်လေးအပါအဝင် ဒဏ်ရာရရှိသူ ၃၆ ရှိကာ ၂၀ ဦးမှာ စိုးရိမ်ရကြောင်းနှင့် ကျားဖြူ PDF များ စိတ်ဓာတ်ကျမည်စိုးသော ကြောင့် သုံးဦးကိုသာဖော်ပြပြီး ကျန်သေဆုံးသူများအား စာရင်းဖုံးထားကြောင်း ဖြန့်ဝေထားသည်။
ထို့ပြင် “ကျားဖြူပဒက်တွေပြောတော့ ၃ ယောက်တည်းသေတာတဲ့ အခု သူတို့ဘာသာသူတို့ ပြန်ဖော်နေ တာ ၃၀ လောက်ရှိတော့မယ်” ဟူသောစာသားကိုလည်း ထပ်မံ ဖြန့်ဝေထားသည်။
ထိုအကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်ဖြန့်ဝေထားကာ ကြည့်ရှုသူ ၄၆,၀၀၀ ကျော် ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ထပ်ဆင့် ဖြန့်ဝေထားကြသည်။
အဆိုပါအကြောင်းအရာအား မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် ကျားဖြူစစ်ကြောင်းမှ သေဆုံးသူသုံးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကျားဖြူစစ်ကြောင်း(၂) ဒုတပ်ရင်းမှုး စောဝင်းဇော်အားမဇ္ဈိမမှ မေးမြန်းရာတွင် အယောက် ၃၀ ကျဆုံးခဲ့သည်မှာ အမှန်မဟုတ်ဘဲ ကျားဖြူစစ်ကြောင်းမှ PDF သုံးဦးကျဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိကြောင်း ပြောသည်။
“မဟုတ်ပါဘူး။ အကိုတို့ ရဲဘော်က သုံးယောက်ပဲ ကျတယ်နော်။ သုံးယောက်ကျတာဆိုတာမှာ မမြင့်ရယ်၊ မြကြီးရယ်၊ စနေရယ် သုံးယောက်ကျတယ်။ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပွန်းပဲ့ဒဏ်ရာ ရတာ။ အဲ့ဒီလောက်ပါပဲ” ဟု စောဝင်းဇော်က ပြောသည်။
ထို့ပြင် သတင်းမှားတွင်ပါဝင်သည့် ဝင်းဇော်လေးအပါအဝင် ဒဏ်ရာရသူ ၃၆ ဦးရှိကြောင်း ဖော်ပြချက်မှာ လည်းမှားယွင်းနေပြီး ၎င်းအနေဖြင့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ နေအိမ်ပျက်စီးမှုသာရှိ ကြောင်း ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း၊ ကျားဖြူစခန်းအား မေလ ၇ ရက်နေ့ညနှင့် ၈ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲခဲခြင်းကြောင့် ကိုဇွဲမာန် လင်း(ခ)စနေ၊ ကိုထွန်းလင်းအောင်(ခ) ကိုမြကြီး၊ မခင်သန္တာဆွေ(ခ)မမြင့်တို့သုံးဦးကျဆုံးခဲ့ရကြောင်း သတင်းဌာနအသီးသီးတွင် ဖော်ပြခဲ့ကြသည်။
BBC Burmese လင့်-t.ly/uWOx- , Myanmar Pressphoto Agency လင့် t.ly/uaKL
မွန်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သည့် Than Lwin Times မှ လည်း ကျားဖြူစစ်ကြောင်း မှ PDF ၄၀ ကျော် သေဆုံးမှုသည် သတင်းမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။
လင့် t.ly/8lEI2
ထို့ကြောင့် လေယာဉ်ဖြင့်ဗုံးကြဲခံရမှုသဖြင့် ကျားဖြူစစ်ကြောင်းမှ တပ်သား ၃၀ ခန့် သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ အမှန်တကယ်သေဆုံးခဲ့သည်မှာ သုံးဦးသာဖြစ်ပြီး ဒဏ်ရာရရှိ သူမှာလည်း လေးဦးဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima