စစ်ကောင်စီတပ်က ဖမ်းသွားသည့် ကေအန်ယူ ဒုဥက္ကဋ္ဌ၏ ညီနှင့် တူဖြစ်သူတို့ လွတ်မြောက်

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (ခလယ်လွီထူး) ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်၊ ရေတွင်းကုန်းကြီးကျေးရွာမှာ နေထိုင်တဲ့ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေရဲ့ ညီနဲ့ တူဖြစ်သူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ ၁၄ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၄ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေရဲ့ ညီ စောသာဂေနဲ့ သားဖြစ်သူ စောပန်းချိုတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာက ကျေးရွာထိပ်အရောက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ပြောပါတယ်။
ဒေသခံတဦးက “စစ်ကြောင်းက ရွာထဲကိုဝင်လာပြီး သားအဖနှစ်ဦးလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာ။ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ရွာထိပ်အရောက်မှာ ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး ကေအန်ယူ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေ ၁၀ ရက် ညနေ ၅ နာရီလောက်က မုန်းမြို့နယ် ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ ယောက် အပါအဝင် ဒေသခံပြည်သူ ၁၉ ယောက်ကို စစ်ကောင်စီတပ်က အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့သလို ဒေသခံတချို့ပါ ပျောက်ဆုံးနေပါတယ်။
ကေအန်ယူ တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ ၄၄ အပါအဝင် တပ်ရင်း ၅ ရင်းပါ ပူးပေါင်းစစ်ကြောင်းတွေဟာ ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ လေကြောင်းကနေ စောင့်ကြည့်ပျံသန်းနေတာတွေကြောင့် နယ်မြေလုံခြုံရေးရယူထားတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ DVB