စစ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ရေ လွှမ်းခံရပြီး ၂၂ ဦး သေဆုံး၊ အရေးပေါ်အ ကူအညီများလိုအပ်နေ



မိုခါ မုန်တိုင်း မဝင်ရောက် ပင်လယ်နှင့်နီးသည့်ဒေသများရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများကို မုန်တိုင်းနှင့်လွတ် ရာသို့ ရွှေ့ရန် စစ်ကောင်စီ တပ်သားများက လာရောက်သတိ ပေးခဲ့သော်လည်း ဟန်ပြသာဖြစ်သည်ဟု ဆိုသည်။
ကိုချို/Myanmar Now
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်သန်း တိုက်ခိုက်ခဲ့သည့် မိုခါ ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ အနီး ပင်လယ်ကမ်းစပ်ဘေးရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများ ရေလွှမ်းမိုးခံခဲ့ရပြီး ရိုဟငိဂျာ ၂၂ ဦး သေဆုံးပြီး ရာနှင့်ချီပျောက်ဆုံးနေသည်ဟု မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များထံမှ သိရသည်။
မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် အများစုမှာ ပင်လယ်ကမ်းရိုးတန်း ဘေးရှိ ဘာဆာ လာ စံပြကျေးရွာ၊ ဘာဆာလာ Camp ၊ ဒါးပိုင်၊ အုန်းတောကြီး၊ ဘောဒူဗနှင့် ဗေဒ ကျေးရွာများမှ ရိုဟင်ဂျာ ဒုက္ခသည်များဖြစ်ပြီး ရာနှင့်ချီပြီး ပျောက်ဆုံးနေဆဲဖြစ်သည်။
၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် အလောင်း ၂၀ ရှိပြီး သေဆုံးသူ အများစုမှာ သက်ကြီးရွယ်အိုနှင့် ကလေးငယ် များ ဖြစ်သည်ဟု မုန်တိုင်းကြားမှ ထွက်ပြေး လွတ်မြောက်လာခဲ့သူ စစ်တွေမြို့ ၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း တွင် နေထိုင်သည့် ရိုဟင်ဂျာ ဒုက္ခသည် Brights Islam က ပြောသည်။
“အတည်ပြုလို့ရတဲ့ သေဆုံးမှုက ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတာက ဒါးပိုင် ကယ်ဆယ်ရေးစခန်းမှာ ၁၅ ယောက်နဲ့ သက္ကယ်ပြင် ကယ်ဆယ်ရေး စခန်းမှာ ၅ ယောက် ၂၀ ပေါ့။ ဒါကိုတော့ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရတာ ပေါ့။ ဒီထဲမှာတော့ အသက်အရွယ်အားဖြင့်ဆိုရင် ကလေးတွေများတယ်။ အသက်ကြီးပိုင်း အမျိုးသမီးတွေ လည်း ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မုန်တိုင်းဒဏ်မှ ထွက်ပြေး လွတ်မြောက်လာခဲ့သူ မျက်မြင်သက်သေများ မြင်တွေ့ခဲ့ရသည့် အလောင်း များနှင့် သူမြင်တွေ့ခဲ့ရသည်ကို ပေါင်းစပ်မည်ဆိုပါက ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော် သေဆုံးနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်လောလောဆယ်ပြောနေတာက ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရတဲ့ဟာနဲ့ သေဆုံးတဲ့ အလောင်းတွေကို တွေ့ခဲ့ရသူ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်နဲ့ကို ခြုံပြီး ပြောမယ်ဆိုရင် စစ်တွေမြို့ ရိုဟင်ဂျာ သီးသန့် ၁၀၀ ကျော်လောက် သေဆုံးသွားတာကိုတွေ့ရတယ်။ ခုချိန်ထိ ပျောက်ဆုံးသွားတဲ့ သူတွေလည်းရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မုန်တိုင်းနှင့်အတူ ပါလာသည့် ဒီရေလှိုင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များမှာ စားသောက်စရာများမရှိတော့ဘဲ ပျောက်ဆုံးသွားသူများနှင့် ဒဏ်ရာရ လူနာများကို ကယ်ဆယ်နိုင်ရန် အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နေ သည်ဟု ၎င်းက ဆက်ပြောသည်။
“ကယ်ဆယ်ရေးက ဘယ်လောက် အရေးကြီးနေလဲ ဆိုတော့ ဒဏ်ရာ ရတဲ့ သူတွေ ဆေးကုသခွင့်ရဖို့ပေ့ါ။ ဒဏ်ရာ ရတဲ့သူတွေက တစ်ချို့က ဒဏ်ရာတွေ တော်တော်ကြီးတယ်။ သူတို့တွေက ဆေးကုသခွင့်မရသေးဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ပင်လယ်ဒီရေလှိုင်းများ တစ်ရှိန်ထိုးမြင့် တက်လာသောကြောင့် ပင်လယ် ကမ်းစပ်အနီးရှိ ကျေးရွာများတွင် သေဆုံးမှုများရှိခဲ့ပြီး ရေထဲမျောပါလာသည့် အလောင်းများကို မျက်မြင် တွေ့ခဲ့ရသူများလည်းရှိသည်။
မုန်တိုင်းအပြီးတွင် စစ်တွေလေဆိပ်အနီးရှိ ခြံစည်းရိုး သံဇကာတွင် ချိတ်နေသည့် အလောင်း ၂ လောင်းကို အစ္စလမ်ဘာသာရေး ဓလေ့ထုံတမ်းနှင့်အညီ သဂြိုလ်ခဲ့ရသည်ဟု လေဆိပ်အနီး ဘုမေကျေးရွာတွင် နေထိုင်သူ အသက် ၂၄ နှစ် အရွယ် ကိုဇော်သီဟက ပြောသည်။
“လေယာဥ်ကွင်း ခြံစည်းရိုး သံကွင်းမှာ လာချိတ်နေတာပါ။ အရွယ်တော့ မခန့်မှန်းပါ။ လူလတ်ပိုင်း တစ်ယောက်၊ ဆယ်ကျော်သက် တစ်ယောက်ပါ။ ကျွန်တော်တို့ ဘာသာရေးနဲ့ အညီ ဆုတောင်းပြီး မြေမြုပ်လိုက်ပါတယ်”
သေဆုံးစာရင်းထက် ပျောက်ဆုံးစာရင်းက ပိုများနေပြီး တစ်ရွာနှင့်တစ်ရွာ သွားလာရန် ခက်ခဲသလို ဖုန်းလိုင်း များလည်း ပြတ်တောက်နေ၍ သေဆုံးစာရင်း အတိအကျပြောရန်ခက်ခဲနေသေးသည်ဟု ရိုဟင်ဂျာ ဒုက္ခသည် များက Myanmar Now ကို ပြောကြသည်။
မိုခါ မုန်တိုင်း မဝင်ရောက်ခင် မေ ၁၃ ညနေပိုင်းတွင် ပင်လယ်နှင့်နီးသည့် ဒေသများရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများကို မုန်တိုင်းနှင့်လွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးရန် စစ်ကောင်စီ တပ်သားများက လာရောက်သတိ ပေးခဲ့သည်။
သို့သော်လည်း သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအတွက် အာဏာသိမ်း စစ်တပ်က နေရာထိုင်ခင်း လောက်ငအောင် မစီစဉ်ပေးနိုင်ခဲ့ပေ။
သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုသာ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာကျောင်း နှင့် သက္ကယ်ပြင်ကျေးရွာရှိ စာသင်ကျောင်းတို့တွင် ပို့ဆောင်ထားနိုင်သည်ဟု သက္ကယ်ပြင်ကျေးရွာတွင် နေထိုင်ပြီး ရိုဟင်ဂျာ ဒုက္ခသည် အရေးဆောင်ရွက်နေသူတစ်ဦးက Myanmar Now ကို မုန်တိုင်း မဝင်ရောက်ခင် မေ ၁၄ တွင် ပြောထားသည်။
“တစ်ချို့လူတွေကကျတော့ ခေါ်ရင်လည်း မလာဘူး။ အဲဒီလို အနေအထားမှာ ရှိတယ်။ အခြေအနေကြည့် ပြီးတော့ အခြေအနေဆိုးလာမှ အဲဒီနေရာကနေပြီးတော့ အဆင်ပြေတဲ့နေရာကို ရွှေ့မယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မေ ၁၃ ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရိုဟင်ဂျာများကို ပြောင်းရွှေ့ရန် ဖိအားပေးဆောင်ရွက်နေသော်လည်း ထိုစခန်းများတွင် မပြောင်းရွှေ့ဘဲ ကျန်ခဲ့သူ အများအပြားရှိနေသည်ဟု ထိုစခန်းများသို့ ကိုယ်တိုင်ရောက်ရှိခဲ့သည့် စစ်တွေအခြေစိုက် သတင်းထောက်တစ်ဦးက Myanmar Now ကို ပြောသည်။
“စစ်ကောင်စီကတော့ သူတို့ထဲက တစ်ချို့တွေကို ကားပေါ်တင်ပြီးတော့ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီး ဟန်ပြလုပ် ပြတာပေါ့။ စစ်သားတွေ အများကြီးနဲ့ လက်နက်တွေနဲ့ လာပြီးတော့။ ဒါပေမယ့် တကယ်မြေပြင်မှာ ရှိတဲ့သူတွေ အကုန်လုံးကို အသိပညာပေးတာတွေ ရွှေ့ပြောင်းပေးတာတွေ အကူအညီပေးတာတွေ ဘာမှမရှိပါဘူး”
မိုခါမုန်တိုင်းဒဏ်ခံရမည့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီပေးခွင့် ရရန် မုန်တိုင်းမတိုင်မီကပင် စစ်ကောင်စီထံ တောင်းဆိုခဲ့သော်လည်း အကူအညီပေးခွင့် မရရှိခဲ့ပေ။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများက ရိုဟင်ဂျာများကို ကူညီခွင့်ရရှိရန် စစ်ကောင်စီထံ မုန်တိုင်းမတိုင်မီက ခွင့် ပြုချက် လျှောက်ထားသော်လည်း ခွင့်ပြုမိန့် မကျသေးသည့်အတွက် စောင့်ဆိုင်းနေရသည်ဟု အထက်ပါသက္ကယ်ပြင်စခန်းနေထိုင်သည့် ကူညီပေးနေသူက မေ ၁၄ နံနက်တွင် ပြောသည်။
“တခြား လူတွေ NGO အဖွဲ့အစည်းတွေ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေ ကတော့ သူတို့က တော့ လှုပ်ရှားလို့မရဘူး။ သူတို့မှာ ခွင့်ပြုချက်မရှိတဲ့ အတွက်ကြောင့် သူတို့ကိုယ် တိုင် ကွင်းဆင်းပြီးတော့ ဘာ တစ်ခုမှ လုပ်လို့မရဘူး”ဟု ၎င်းက ဆိုသည်။
မိုခါ မုန်တိုင်းဝင်ရောက်နိုင်ချေရှိသည်ဟု ခန့်မှန်းခဲ့ကြသည့် ဘင်္ဂလားဒေ့ရှိ နိုင်ငံရှိ လူဦးရေ တစ်သန်း နီးပါး ရှိသည့် ကော့ဘဇား (Cox’s Bazar) ရိုဟင်ဂျာ ဒုက္ခသည်စခန်း မုန်တိုင်းအန္တရာယ် ကာကွယ်ရန် စေတနာ့ဝန်ထမ်း ၁၀၀ အပြင် အလံ သတိပေးစနစ်များကိုပါ ပြင်ဆင်ထားသည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။
နိုင်ငံအနောက်ဘက်ပိုင်း ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းဒေသတို့သည့် စစ်ဘေးဒဏ် အလူးအလဲခံနေရသလို သန်းနှင့်ချီသောစစ်ဘေးရှောင်များသည့် အမိုးအကာမရှိဘဲ နေထိုင်နေကြရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
မုန်တိုင်းဒဏ်ခံရသည့် လူမှုအသိုင်းအဝိုင်းအတွက် အကူအညီပေးရန်အသင့်ရှိကြောင်း၊ မုန်တိုင်း ပြီးသည်နှင့် တပြိုင်နက် အရေးပေါ်တုံ့ပြန်မှုအစီစဉ်များ စတင်မည်ဖြစ်ကြောင်း UNOCHA က ဆိုသည်။
မုန်တိုင်း အပြင်းအထန်ကျော်ဖြတ်မည်ဟု ခန့်မှန်းထားကြသည့် ရခိုင်ပြည်နယ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့များ ကူညီကယ်ဆယ်ရေးလုပ်ငန်း နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသော ဒေသဖြစ်သည်။
ရခိုင်ပြည်နယ်နှင့်အနီးဝန်းကျင်မှ လူဦးရေ ၄၀၀,၀၀၀ စာ စားနပ်ရိက္ခာအသင့်ရှိနေသည်ဟု ရန်ကုန် ကုလသမဂ္ဂ ရုံးက မေ ၁၃ တွင် သတင်းထုတ်ပြန်ထားသည်။
သို့သော်လည်း မုန်တိုင်းသင့်ဒေသခံများထံ “သွားရောက်ကူညီခွင့်” လိုအပ်ဦးမည် ဖြစ်သည်။
“အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန် ဆောင်ရွက်ရေးနှင့် ရေရှည်ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ myanmar now