စစ်ပွဲဖြစ်ရာဒေသမှ အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းမျှဝေနိုင်ရန် ပရောဂျက်ပြု လုပ်

လာမည့် မေလ ၂၈ ရက်နေ့သည် Menstrual Hygiene Day (အမျိုးသမီးများရာသီလာခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနေ့) ဖြစ်သည့် အတွက် ပြည်တွင်း၌ စစ်ပွဲဖြစ်ပွားနေသော ဒေသများမှ အမျိုးသမီးများအတွက် ရည်ရွယ်ကာ လစဉ်သုံးပစ္စည်းမျှဝေနိုင်ရန် ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းနှစ်ခု စုပေါင်း၍ “ရာသီသွေးနဲ့တော်လှန်ရေး” ပရောဂျက်ပြုလုပ်နေကြောင်း သိရသည်။

“ကျွန်မတိုနိုင်ငံမှာတော့ ရာသီလာတာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ ရှေးရိုးစွဲအယူအဆတွေ အစဥ်အလာတွေ အများကြီးရှိနေတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ရာသီလာခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ရှိမနေဘူးပေါ့နော်။ အခုဆိုရင် စစ်ပွဲဒေသကအမျိုးသမီးတွေမှာ Pad မရှိလို့ အဝတ်စတွေကို အစားထိုးအသုံးပြုနေကြရတာမျိုးတွေတောင်ရှိနေတယ်။ ဒါကြောင့်မို စစ်ပွဲဒေသတွေက အမျိုးသမီးတွေဆီ လစဥ်သုံးပစ္စည်းတွေ မျှဝေပေးနိုင်ဖို့ ပထမရည်ရွယ်ချက်နဲ့ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။” ဟု အာမန်ချယ်လီ ရှုံးတိုင်းလှူမည် အဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံ ဘုတ်ဆုံမ က မဇ္ဈိမ ကို ဖြေကြားသည်။

“ရာသီသွေးနဲ့တော်လှန်ရေး” ပရောဂျက်တွင် ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းများဖြစ်သည့် “ပန်းဆိုင်” နှင့် “အာမန်ချယ်လီ ရှုံးတိုင်းလှူမည်” တို့က အဓိကပါဝင်ထားပြီး အခြားသော တော်လှန်ရေးတပ်ဖွဲ့များနှင့် အခြားအရပ်ဘက် အဖွဲ့အစည်းအချို့ကလည်း အားဖြည့်ကူညီထားကြောင်း သိရသည်။ ပရောဂျက်ပုံစံမှာ “ပန်းဆိုင်” အဖွဲ့က Pad(အမျိုးသမီးလစဥ်သုံးပစ္စည်း) ရောင်းချမည်ဆိုပါက ၎င်းတို့အဖွဲ့နှင့်လိုက်ဖက်သည့် ပန်းရ နံ့ပုံစံ Pad ထုတ်များရှိမည်ဖြစ်ပြီး “အာမန်ချယ်လီ ရှုံးတိုင်းလှူမည်” အဖွဲ့တွင်မူ ဘောလုံးအသင်းအလိုက် Padထုတ် ဒီဇိုင်းများရှိကာ တစ်ထုတ်လျှင် မြန်မာငွေ ၁,၅၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ပွဲဒေသရှိ အမျိုးသမီးရဲဘော်များ၊ စစ်ဘေးရှောင် အမျိုးသမီးများ၊ မီးဘေးရှောင်အမျိုးသမီးများသည် စစ်ရေးပဋိပက္ခများကြား ရာသီလာခြင်းကြောင့် အခက်အခဲများကြုံတွေ့နေရသဖြင့် လစဉ်သုံးပစ္စည်းများကို လှူဒါန်းရင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို အွန်လိုင်းမှတစ်ဆင့် ဆောင်းပါးပုံစံဖြင့်လည်းကောင်း၊ မြေပြင်တွင်လည်းကောင်း မျှဝေပေးနိုင်ရန် ရည်ရွ​ယ်ထားသဖြင့် တော်လှန်ရေးတပ်ဖွဲများ၊ အရပ်ဘက်အဖွဲအစည်းတွေနဲ့ ချိတ်ဆက်ဆွေးနွေးနေဆဲဖြစ်ကြောင်း ဆိုသည်။

“စစ်ရှောင်နဲ့မီးဘေးသင့်အမျိုးသမီးတွေအတွက် Pad တွေလှူဖို့လုပ်ထားတာ။ ပညာပေးအစီအစဥ်တွေနဲ့ အလှူခံအစီအစဥ် တွဲလုပ်မှာပါ။ Pad အထုပ်ရေ ၁,၀၀၀ လောက်မှန်းထားတယ်။ တစ်ခုချင်းဆိုရင်တော့ အခုရေ ၁၀,၀၀၀ လောက်ရမယ်ထင်တယ်။ လတ်တလောကတော့ ရှမ်းမြောက်၊ ကရင်နီနဲ့ အညာဘက်ကို တွေးထားတယ်။ ခက်ခဲတဲ့ နေရာတွေရှိနေရင်လည်း ကျွန်တော်တို့ရအောင်ထပ်ရှာပြီး ပို့ပေးမယ်။” ဟု “ပန်းဆိုင်”အဖွဲ့မှ တာဝန်ရှိသူ ကိုဖိုးဝိဒက မဇ္ဈိမ ကို ဖြေကြားသည်။

“ရာသီသွေးနဲ့တော်လှန်ရေး” ပရောဂျက်အား မေလ ၁၅ ရက်မှ မေလ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သော်လည်း မြန်မာပြည်တွင်းသို့ ဦး တည်ဝင်ရောက်လာသည့် “မိုခါ”မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုများဖြစ်နေသည့် ဒေသမှ ပြည်သူများကိုမြင်ရချိန်တွင် ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းများအနေဖြင့် အလှူကောက်ခံဖို့ အားနာစိိတ်ဖြစ်ရကြောင်း ပြောသည်။

ထို့ကြောင့် တခြားသော အဆင်ပြေနေသည့် ဒေသမှပြည်သူများက လိုအပ်နေသော ကွက်လပ်ကလေးကို ဖြည့်တင်းပေးနိုင်ရန် တောင်းဆိုထား ပြီး အကယ်၍ ငွေအားဖြင့်မကူညီနိုင်ပါကလည်း ရာသီလာခြင်းနှင့်ဆိုင်သည့် ကျန်းမာရေးအသိပညာပေးမှုများ၊ တော်လှန်သူတို့ရဲ့စကားသံများကို လူ့အဖွဲ့အစည်းကြားထဲတွင် လက်ဆင့်ကမ်းမျှဝေပေးစေလိုကြောင်း ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s